၁၁. ၁. ၂၀၂၄
Written by Hey Mar

ဧရာဝတီတိုင်းဒေသကြီး၊ ငရုတ်ကောင်းမြို့နယ်ရဲ့ အပန်းဖြေစရာ နေရာကောင်းအဖြစ် ကျော်ကြားနေတဲ့ ဂေါ်ရန်ဂျီကျွန်းကမ်းခြေ ခရီးသွားလုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိက လိုအပ်ချက်က လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးလို့ ဒေသခံတွေရဲ့ အသံကို MT News က ဆက်သွယ်မေးမြန်းချက်အရ သိရပါတယ်။

ဂေါ်ရင်ဂျီကျွန်းကမ်းခြေကို ပြည်တွင်းခရီးသွားတွေ အများဆုံးသွားလာကြပြီး အခုလိုရာသီချိန်မှာ ဒေသခံလူငယ်လူရွယ်တွေအတွက် ဝင်ငွေရှာဖွေလို့ အကောင်းဆုံးအချိန်ပါ။ လျှပ်စစ်မီး လိုအပ်ချက် ရှိတဲ့အတွက် ဟိုတယ်နဲ့ တည်းခိုခန်းတွေရဲ့ ဝန်ဆောင်မှုအပြည့်အဝ ရနိုင်ဖို့ လိုအပ်ချက်ရှိသလို ၊ ဝန်ဆောင်မှု အပြည့်အဝပေးနိုင်တဲ့ ဟိုတယ်တွေရဲ့ စျေးနှုန်းကလည်း မသေးပါဘူး။

ဂေါ်ရင်ဂျီကျွန်းရဲ့ဒေသခံတစ်ဦးလည်းဖြစ်ပြီး နံ့သာပုရွာသားခရီးသွားလမ်းညွှန် ကိုနိုင်လင်းက “ကျွန်တော်တို့တွေ ခရီး သွားများတဲ့ ရာသီချိန်ဆို ကယ်ရီဆွဲတယ်။ ဧည့်သည်တွေအတွက် လမ်းညွှန်လုပ်ပေးတယ်။ သင်္ကြန်နားနီးရင် ဧည့်သည်အရမ်းများတဲ့အတွက် ရှိတဲ့ တည်းခိုခန်းတွေ ဟိုတယ်တွေ မလုံလောက်လို့ ရွာထဲက အိမ်တွေမှာ ဧည့်သည်အိမ်ရှင် နားလည်မှုနဲ့ Home Stay နေနိုင်အောင် လုပ်ကိုင်ပေးကြတယ်။ အဲ့ဒီလို အခွင့်အလမ်းတွေတော့ ရပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့မှာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်တွေ သွားလာလည်ပတ်လေ့ရှိတဲ့ ဂေါ်ရင်ဂျီကျွန်းကို သွားရောက်ခဲ့ပြီး ဟိုတယ်နဲ့ခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှုခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သလို ဂေါ်ရင်ကျွန်းဟာ အလားအလာရှိတဲ့ ကမ်းခြေခရီးစဉ်ဒေသဖြစ်တာကြောင့် ပြည်တွင်း ပြည်ပခရီးသွားများ ပိုမိုသိရှိပြီး လာရောက်လည်ပတ်နိုင်စေဖို့နဲ့ ခရီးသွားလုပ်ငန်းကြောင့် သဘာဝအလှအပတွေ ပျက်စီးမှုမရှိစေဖို့လည်း စနစ်တကျကာကွယ်သွားကြဖို့ မှာကြားခဲ့​တယ်လို့ သိရပါတယ်။

ဂေါ်ရင်ဂျီကျွန်း ကမ်းခြေကို သွားလာလည်ပတ်မယ်ဆိုရင် အရင်ဆုံး ရန်ကုန် -ပုသိမ်ကနေ ငရုတ်ကောင်းမြို့ကို သွားရမှာပါ။ အဲ့ဒီကနေမှ ဂေါ်ရင်ဂျီ အရောက်သွားနိုင်တဲ့ လမ်း သုံးလမ်းရှိပြီး ကိုယ့်ကားနဲ့ကိုယ် မောင်းနှင်သွားလာမယ်ဆိုရင် တောင်ပတ်လမ်းတွေက အသုံးပြုသွားလာရမှာပါ။ အချိန်သုံးနာရီလောက်ကြာမြင့်နိုင်သလို လမ်းကြမ်းတဲ့အတွက် ကားလည်း အတော်နာပါတယ်။ နောက်တစ်နည်းက ငရုတ်ကောင်း ကူးတို့ဆိပ်ကနေ တစ်ဖက်ကမ်းကို ကူးပြီး ကယ်ရီနဲ့ သွားလာရမှာပါ။ ရွာစဥ်တချို့နဲ့ ဆိုင်ကယ်တစ်စီးသွားနိုင်ယုံ တောင်ပေါ်တောလမ်းကျဥ်းလေးတွေမို့ ကားလမ်းထက် မြန်ပေမယ့် လူအင်မတန်ပန်းပါတယ်။ နောက်တစ်လမ်းကတော့ စက်လှေခရီးစဥ်ဖြစ်ပြီး ပင်လယ်ဒီရေ အတက်အကျကို ချိန်ဆ သွားလာတာမို့ သွားလာချိန်ကြာမြင့်ပေမယ့် ပင်လယ်ပြင်ရှု့ခင်းတွေ ခံစားသွားလာနိုင်ပါတယ်။

ကိုနိုင်လင်းက “ဂေါ်ရင်ဂျီကျွန်းကမ်းခြေ ဖွံ့ဖြိုးတိုးတက်လာမယ်ဆိုရင် ဒေသခံတွေရဲ့ လူမှုဘဝပါ ခရီးသွားလုပ်ငန်းနဲ့အတူ တိုးတက်လာနိုင်ပါတယ်။ ကျွန်တော်တို့ ကျေးရွာအုပ်စုတွေမှာ ရွာစဥ်အလိုက် လှပတဲ့ သောင်ပြန့်ကြီးက ဆက်စပ်နေတာပါ။ ကမ်းခြေအတိုင်း ဒီရေကျချိန်လျှောက်သွားမယ်ဆိုရင် ကြွေချိုင် ၊ ကမ်းခြေဦး၊ ပန်းမှော် ၊ ငန်းချောင်း၊ ကွင်းဘက် အဲ့ဒီဘက်တွေအထိ သောင်ပြန့်ကြီးတွေ၊ ကျောက် ဆောင်တွေ၊ စမ်းတွေ ရှိပါတယ်။ လမ်းပန်းမကောင်းတော့ အလုပ်အကိုင်အခွင့်အလမ်းမရှိဘူး။ လူငယ်လူရွယ်တွေက ထိုင်းနဲ့ မလေးမှာ များကြတယ်။ နောက်တစ်ခုက ပညာရေး ကျန်းမာရေးကအစ ကောာင်းမွန်တဲ့ စနစ်ကို ခံစားနိုင်ဖို့ လိုအပ်ချက်တွေ ရှိနေသးတယ်”လို့ ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *