၁၁. ၁. ၂၀၂၄
Written by Min Mahar

ကျောက်ဆည်မြို့ရှိ မြို့မစျေးကြီးအပြင်တန်းက ရွှေဆိုင် ၂ ဆိုင်ကို လူ ၅ ဦးမှ သေနတ် ၅ ချက်ခန့်ပစ်ကာ သိန်းပေါင်း ၂၅၀၀ ကျပ်နီးပါးတန်ဖိုးရှိသည့် ရွှေထည်ပစ္စည်းစုံ ၇၀ ကျပ်သားခန့်အား ရုပ်ရှင်ဆန်ဆန် နေ့ခင်ကြောင်တောင် လုယက်ယူဆောင်သွားမှု ယနေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(ဇန်နဝါရီ ၁၁ ရက်) မနက် ၁၁ နာရီ ၅၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ စုကြီးရပ်ကွက်၊ မြို့မဈေးအပြင်ဘက် အရှေ့ဘက်တန်း (မြို့မစျေးကြီးတောင်ဘက်တိုက်တန်း၊ ဆိုင်အမှတ် ၇ )ရှိ အသက် ၆၄ နှစ်အရွယ်အမျိုးသမီးကြီး ပိုင်ဆိုင်သော “ဦးသန်းထွန်း+ဒေါ်ခင်မာရီ”ရွှေပန်းတိမ်ဆိုင်နှင့် “ဦးသန်းနိုင်+မသူဇာဝင်း”ရွှေပန်းတိမ်ဆိုင် ၂ ဆိုင်အား သေနတ် ၃ လက်ဖြင့် မျက်နှာတွင် Mask များ ကိုယ်စီတပ်ထားသော အမည်မသိအမျိုးသား ၅ ဦးက ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာကာ ဆိုင်အတွင်းရှိ လူများကို သေနတ်နှင့် ၅ ချက်ခန့်ပစ်၍ အသင့်ယူလာသောတူနှင့် သေနတ်ဒင်များဖြင့် မှန်ကောင်တာများအားထုခွဲပြီး ရွှေထည်ပစ္စည်းမျိုးစုံ ၇၀ ကျပ်သားခန့်(ကာလတန်ဖိုး သိန်း ၂၄၅၀၀၀၀၀၀ ကျပ်ခန့်)အား လုယက်ယူဆောင်ကာ ကျောက်ဆည်-တံတားဦးကားလမ်း အတိုင်းထွက်ပြေးခဲ့သွားကြောင်း သိရသည်။

“ဆိုင်ကယ် ၂ စီးနဲ့ လူ ၅ ယောက် သေနတ် ၃ လက်နဲ့ ဆိုင်ထဲကလူတွေကို ၅ ချက်လောက်ပစ်တော့ လူတွေအကုန်လုံးလည်း အောက်ကိုငုံလိုက်ကြတယ်။ အဲ့ဒီမှာသူတို့က အသင့်ပါလာတဲ့တူနဲ့ရော သေနတ်ဒင်တွေနဲ့ပါ ဆိုင် ၂ ဆိုင်လုံးက ကောင်တာကို ရိုက်ခွဲပြီး ရွှေထည်ပစ္စည်းမျိုးစုံ ၂ ဆိုင်ပေါင်း ၇၀ ကျပ်သားလောက်ရှိမယ် လုယူသွားကြတယ်။ တစ်ဆိုင်က ၄၀ ကျပ်သားနဲ့ နောက်တစ်ဆိုင်က ၃၀ ကျပ်သားလောက်ခင်းထားတာအကုန်ပါသွားတယ်။ လက်စွပ်လေးတစ်ကွင်းပဲ ကျကျန်ခဲ့တယ်။ ကျန်တာအကုန်ပါသွားတယ်။ ကံကောင်းလို့ လူတွေတစ်ယောက်မှမထိတာ။ မိုးပေါ်ကိုပစ်တာမဟုတ်ဘူး။ ဆိုင်ကယ်ပေါ်ကဆင်းတာနဲ့ ဆိုင်ထဲကလူတွေကို တန်းလှမ်းပစ်တာနော်။ အရင်ခြိမ်းခြောက်လို့ ပြန်လုပ်လို့ လူတွေကိုပစ်တယ်ဆိုတော်သေးတယ်။ ဘယ်သူမှ ပြန်မခုခံဘဲနဲ့ကို သူတို့က လူကိုပါသတ်မယ်ဆိုတဲ့သဘောပဲ။ လူတွေအများကြီးရှိတဲ့ နေ့ခင်း ကြောင်တောင်ကြီးကို ရုပ်ရှင်ဆန်ဆန်ပဲ သူတို့လုပ်သွားကြတာ။ ရှိစုမဲ့စုလေးတွေတော့ ပါသွားပါပြီဗျာ။ အခုခေတ်က လုပ်စား ကိုင်စားလို့ လုံးဝမကောင်းတော့ဘူ။ ကောင်းရောင်း ကောင်းဝယ်လုပ်စားရင်တောင် အသက်နဲ့ရင်းပြီး လုပ်စားနေရတယ်ဗျာ”ဟု လုယက်ခံရသည့် ရွှေဆိုင်နှစ်ဆိုင်ထဲမှ တစ်ဆိုင်၏ ဆိုင်ပိုင်ရှင်အား MT News သတင်းဌာနအနေဖြင့် ဖုန်းဆက်၍ ဆက်သွယ်မေးမြန်းစုံစမ်းခြင်းကို ယခုလိုဖြေကြားထားသည်။ 

အဆိုပါ လုယက်ယူဆောင်သွားမှုတွင် “ဦးသန်းထွန်း+ဒေါ်ခင်မာရီ”ရွှေပန်းတိမ်နှင့် ရတနာရောင်းဝယ်ရေးဆိုင်မှ ရွှေထည်ပစ္စည်းမျိုးစုံ ၃၀ ကျပ်သားခန့်အားလည်းကောင်း၊ “ဦးသန်းနိုင်+မသူဇာဝင်း” ရွှေပန်းတိမ်နှင့် ရတနာရောင်းဝယ်ရေးဆိုင်မှ ရွှေထည်ပစ္စည်းမျိုးစုံ ၄၀ ကျပ်သားခန့်အားလည်းကောင်း အသီးသီးလုယက်ခံရကြောင်း သိရသည်။ 

ထိုဖြစ်စဉ်ဖြစ်ပွားသောနေရာသို့ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာကာ စုံစမ်းမှုများပြုလုပ်သည့်အခါ အခင်း ဖြစ်ပွားရာနေရာအနီးမှ ကျည်ခွံ ၅ ခုကိုလည်းတွေ့ရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် ယခုကဲ့သို့ လုယက်ယူဆောင်သွားသူများကိုလည်း အမြန်ဆုံးပြန်လည်ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့မှုများပြုလုပ်ပြီး လိုက်ံလံစုံစမ်းစစ်ဆေးနေကြောင်းလည်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *