၈. ၁. ၂၀၂၄
Written by Phyo Wei

မြ၀တီမြို့အနီးက ကျားဖြန့်တွေကို ထိုင်း-မြန်မာ ပူးပေါင်းပြီး တိုက်ဖျက်မယ်လို့ ပြောလာတဲ့ ဒီရက်သတ္တပတ်မှာပဲ တရုတ်နိုင်ငံကလည်း ၂၀၂၃ ခုနှစ်အတွင်းမှာ အွန်လိုင်းအသုံးပြုကာ လိမ်လည်မှုကျူးလွန်သူပေါင်း ၄၁၀၀၀ ကျော်ကို မြန်မာနိုင်ငံက တရုတ်နိုင်ငံထံ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ကြေညာလာတာရှိပါတယ်။

အခြားတစ်ဖက်မှာလည်း အာဆီယံဥက္ကဋ္ဌသစ်လာအိုဟာ အာဆီယံအထူးကိုယ်စားလှယ်သစ်ကို ခန့်အပ်ခဲ့တာရှိသလို NUG ထိန်းချုပ်ထားတယ်ဆိုတဲ့ မြို့တွေနဲ့ မနီးမဝေးဖြစ်တဲ့ ခါမ်းပတ်မြို့နားက ကနန်းရွာမှာ စာသင် ကျောင်းကို ဗုံးကြဲခံရတယ်ဆိုတဲ့ဖြစ်စဉ်ကြောင့် ကလေးငယ် ၄ ဦးအပါအဝင် ၁၇ ဦးသေဆုံးရတာနဲ့ ကောလင်းခရိုင်၊ ၀နျးသိုမွိုနယျအနီးက ဒေသအခေါ် ၅ မိုင်မှာ အမျိုးသား ၁၇ ဦး၊ အမျိုးသမီးနှစ်ဦးပါတဲ့ ရုပ်အလောင်း ၁၉ လောင်းကို တွေ့ရှိရတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေ ဖြစ်ခဲ့တာပါ။ ဒီဖြစ်စဉ်နှစ်ခုမှာ ကနန်းရွာ စာသင်ကျောင်းအနီးကို ဗုံးကြဲခံရတယ်ဆိုတဲ့ဖြစ်စဉ်ကြောင့် ကလေးငယ် ၄ ဦးအပါအဝင် ၁၇ ဦးသေဆုံးရတဲ့ဖြစ်စဉ်ကိုတော့ တပ်မတော်က လေကြောင်းတိုက်ခိုက်ထားတာ မရှိဘူးလို့ ထုတ်ပြန်ဖြေရှင်းခဲ့ပေမဲ့ လူ ၁၉ ဦးသတ်ဖြတ်ခံရမှုကိုတော့ အပြန်အလှန်လွှဲချနေတဲ့ဖြစ်စဉ်တွေလည်း ရှိပေမဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ လောက်ကိုင်မြို့ကို စွန့်လွှတ်လိုက်ရတဲ့အကြောင်း၊ ၂၀၂၄ သန်းခေါင်စာရင်းကောက်အပြီးမှာ ရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတဲ့အကြောင်းနဲ့ ပြည်သူ့လုံခြုံရေးစနစ်ကို ပါတီတွေက ကူညီအကောင်အထည်ဖော်ပေးဖို့အကြောင်းတွေကို တင်ပြချင်ပါတယ်။

စွန့်လွှတ်လိုက်ရတဲ့ လောက်ကိုင်

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့မှာ ထောင်နဲ့ချီတဲ့တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ဒကစ (လောက်ကိုင်) ဟာ လက်နက်ချခဲ့သလို ဒကစ (လောက်ကိုင်) ကို စစ်ကူပေးဖို့ ရောက်ရှိလာကြတဲ့ မြန်မာနိုင်ငံအနှံ့က တပ်မ၊ တပ်ရင်းအစုံ တစ်ယောက်မကျန် လက်နက်ချခဲ့ကြပြီး လက်နက်ချအညံ့ခံတဲ့ အရာရှိ ၂၂၈ ဦးထဲမှာ အဆင့်အမြင့်ဆုံး ဗိုလ်မှူးချုပ်အဆင့်ရှိသူ ၆ ဦးပါဝင်ပါတယ်။ ဒါ့အပြင် ရဲဘော်ကနေ အခြားအဆင့်ရှိသူ ၁၈၉၅ ဦးလည်း ပါဝင်တဲ့အပြင် မိသားစုဝင်အားလုံး စုစုပေါင်း ၁၆၀၁ ဦးလည်း ပါဝင်ခဲ့ပြီး အားလုံးကို သွားလိုတဲ့နေရာ သွားနိုင်ဖို့ လုံခြုံတဲ့နေရာပို့ထားခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ နောက် ဆက်တွဲမှာလည်း ပွိုင့် (၂၀၂၂) လို့ လူသိများပြီး ကိုးကန့်အခေါ် နမ်ထင်းမိန်ရှန်း က တပ်ဖွဲ့ဝင် ၂၆၆ ဦးကလည်း နောက်ဆုံးအသုတ်အနေနဲ့ လက်နက်ချခဲ့တာကြောင့် လက်နက်ချသူ စုစုပေါင်း ၂၃၈၉ ယောက်အထိ ရှိခဲ့တယ်လို့လည်း မြောက်ပိုင်းသုံးဖွဲ့က ဖော်ပြခဲ့ပါတယ်။

“တပ်မတော် အနေနဲ့ လောက်ကိုင်ဒေသ အခြေအနေနဲ့ပတ်သတ်ပြီး အဖက်ဖက်က စဥ်းစားခဲ့ပါတယ်။ စဥ်းစားခဲ့တဲ့နေရာမှာ နံပါတ်(၁) အနေနဲ့ မိသားစုဝင်များရဲ့ လုံခြုံရေးကို စဉ်းစားပါတယ်။ လောက်ကိုင်ဒေသမှာက တပ်မတော်သားအပြင် တပ်မတော်သားတွေရဲ့ မိသားစုဝင်တွေ နေထိုင်တာဖြစ်တယ်။ မိသားစုဝင်တွေရဲ့ လုံခြုံရေးကို ဦးစားပေး စဥ်းစားခဲ့ပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်နိုင်ငံဘက်ကို လက်နက်ကြီးကျည်ကျတာကြောင့် တရုတ်နိုင်ငံသားအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အပေါ် တရုတ်နိုင်ငံက ကန့်ကွက် ဖိအားပေးမှုလည်း ရှိခဲ့ပြီး လက်ရှိမှာ လောက်ကိုင်ကိုစွန့်လွှတ်ရတာက တရုတ်-မြန်မာချစ်ကြည်ရေးကို စဥ်းစားဆုံးဖြတ်တာလို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

” အဲဒီဘက်မှာက မြန်မာ့တပ်မတော်က ပစ်ခတ်တာမဟုတ်ဘဲနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေက ပစ်ခတ်ပြီး မြန်မာ့တပ်မတော်က ပစ်ခတ်သယောင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပျက်ပြားအောင် လုပ်ဆောင်နေတာတွေရှိပါတယ်။ အဲဒီအချက်တွေကို ထည့်သွင်းစဥ်းစားခဲ့ပြီး ဒေသခံ တပ်မှူးများအနေနဲ့ အကောင်းဆုံး စဥ်းစားခဲ့တာလို့ဘဲ ပြောချင်ပါတယ်” လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောခဲ့တာ တွေ့ရပါတယ်။

ဘာပဲပြောပြော ဘက်ပေါင်းစုံက စစ်မျက်နှာတွေကို နှစ်နှစ်ကျော် တောင့်ခံလာခဲ့တဲ့ တပ်မတော်ဟာ ပြည်ပနိုင်ငံကြီးတစ်ခု နောက်ကွယ်က ပါဝင်နေဖွယ်ရှိတဲ့ မြောက်ပိုင်းသုံးဖွဲ့ရဲ့ ထိုးစစ်မှာတော့ ၇၄ ရက်အတွင်း မြို့ပေါင်း ၂၀ ကျော်နဲ့ စခန်းပေါင်း ၄၀၀ ကျော်ကို မြန်မြန်ဆန်ဆန်ပေးလိုက်ရတာ အံ့အားသင့်စရာပါ။ ဒီနေရာမှာ ကိုးကန့်ဒေသဟာ ရှမ်းပြည်နယ်ရဲ့ အစိတ်အပိုင်းသေးသေးလေး သာဖြစ်ပြီး တရုတ်ဘက်ကလည်း ကိုးကန့်ကို သူ့ပိုင်နက်အဖြစ် ဆွဲသွင်းဖို့ မသက်ဆိုင်တဲ့အခြေအနေမှာ ကိုးကန့်နဲ့ ရှမ်းမြောက်ကမြို့တွေကို သိမ်းသွားတဲ့ MNDAA နဲ့၊ TNLA တို့ဟာ ဘယ်လိုပုံစံရှေ့ဆက်မလဲ တွေးဆစရာပါ။ အခြားတစ်ဖက်မှာလည်း တရုတ်ရဲ့ ကြားဝင်မှုနဲ့ SAC နဲ့ မြောက်ပိုင်းသုံးဖွဲ့ကြား ညှိနှိုင်းနေတယ်ဆိုတာကြောင့် TNLA နဲ့ MNDAA ထိန်းချုပ်သွားတဲ့ မြို့ ၂၀ လောက်ဟာ စစ်မီး ဆက်ပွားမလား။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကာလအတန်ကြာ စစ်မီး ငြိမ်းသွားမလားဆိုတာကတော့ စောင့်ကြည့်ချင်စရာ ကောင်းဆဲပါပဲ။

၂၀၂၄ သန်းခေါင်စာရင်းကောက်အပြီးမှာ ကျင်းပပေးမဲ့ ရွေးကောက်ပွဲ

အခု ၂၀၂၄ ခုနှစ်ထဲမှာ ကောက်ခံမယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကနေ ခိုင်မာမှန်ကန်တဲ့ မဲစာရင်းတွေ ရလာရင် ရွေးကောက်ပွဲကျင်းပပြီး ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ အစိုးရကို နိုင်ငံတော်တာဝန် လွှဲပြောင်းပေးအပ်မယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ၄ ရက်မှာ ကျရောက်တဲ့ ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ပေးပိုတဲ့ သဝဏ်လွှာမှာ ပြောကြားခဲ့ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ အန္တိမ ရည်မှန်းချက်ဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးဖြစ်လို့ ပြည်တွင်းပြည်ပ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူတွေ စာရင်းမှန်ကန်မှုရှိစေဖို၊ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူတွေ အားလုံး ဆန္ဒမဲ ပေးနိုင်ဖို့နဲ့ တစ်နိုင်ငံလုံး ရာနှုန်းပြည့် ဆန္ဒမဲ ပေးနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေသလို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်ကစလို့ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခဲ့ပြီး ၂၀၂၄ ခုနှစ်ထဲမှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ဖို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

သန်းခေါင်စာရင်းကောက်ခံပြီးလို့ မှန်ကန်တဲ့ မဲစာရင်းတွေရလာရင် ဥပဒေနဲ့အညီ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ဖိုနဲ့ တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဆန္ဒမဲ ပေးပိုင်ခွင့် ရရှိစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားကြရမှာဖြစ်ပြီး စည်းစနစ်ကျနမှုရှိတဲ့ အထွေထွေရွေး ကောက်ပွဲတစ်ရပ် ဖြစ်စေရေးနဲ့ အဲဒီရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ အစိုးရကို နိုင်ငံတော်တာဝန် လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို SAC ဥက္ကဋ္ဌက သဝဏ်လွှာပေးပို့ပြောကြားပါတယ်။

ဒီနေရာမှာတော့ စဉ်းစားစရာတစ်ချက်က ၂၀၂၄ သန်းခေါင်စာရင်းဟာ မှန်ကန်ပြည့်စုံတဲ့ကောက်ခံမှု ဖြစ်ပါ့မလားဆိုတဲ့အချက်ပါ။ ဘာကြောင့်လဲဆိုရင် လက်ရှိကာလမှာ ပြည်တွင်းက နေရာအနှံ့စစ်ပွဲတွေကြောင့် ပြည်သူ ၆ သန်းလောက်ဟာ စစ်ရှောင်နေရပြီး အဲဒီ ၆ သန်းလောက်ရဲ့ ထက်ဝက်ကျော်က PDF စခန်းတွေနဲ့ အနီးအနားမှာ ကပ်ပြီး နေထိုင်နေကြသလို အများစုကလည်း PDF တွေ ခွဲဝေကျွေးမွေးတာကို စားသောက်နေကြတာပါ။ ဒါ့အပြင် လက်ရှိအချိန်မှာ မြို့ပေါင်း ၁၅၀ လောက်ဟာ စစ်ရေးတင်းမာမှုအောက်ရောက်နေတာ၊ မြို့သိမ်းတိုက်ပွဲတွေကြောင့် မြို့ ၂၀ ကျော်၊ ၃၀ နီးပါးဟာ မြောက်ပိုင်းသုံးဖွဲ့နဲ့ KIA NUG PDF တွေ ထိန်းချုပ်မှုအောက်ရောက်နေတာအပြင် နိုင်ငံခြားကို တရားမဝင်သွားရောက်လုပ်ကိုင်နေသူတွေကလည်း အရမ်းများပြားနေတာကြောင့်ပါ။ ပိုပြီးဆိုးတာက မြို့နယ် ၂၀ ကျော်လောက်က လ၀က ရုံးတွေကိုလည်း PDF တွေက မီးရှို့ဖျက်ဆီးထားတာလည်း ဖြစ်နေရသေးတာပါ။ ဒီလိုအခြေအနေမျိုးမှာ ၂၀၂၄ သန်းခေါင်စာရင်းကို အခြေခံပြီး ခိုင်မာမှန်ကန်တဲ့မဲစာရင်းဆိုတာက ခက်ခဲနိုင်ဖွယ်ရှိနေတာကြောင့် အခြားသောတစ်ဖက်မှာ ရွေးကောက်ပွဲကျင်းပနိုင်တဲ့နေရာတွေ ကျင်းပပြီး မကျင်းပနိုင်တဲ့ နေရာတွေ စစ်အုပ်ချုပ်ရေးနဲ့ ဆက်အုပ်ချုပ်၊ တည်ငြိမ်တဲ့နေရာတွေကိုတော့ ရွေးကောက်ပွဲလုပ်ပြီး ဒီမိုကရေစီစနစ်နဲ့ဆက်သွားတာမျိုး လုပ်ဖို့ သင့်မသင့်ကိုလည်း ကြိုတင်တွေးဆအကြံပြုနိုင်ကြဖို့ လိုအပ်မှာပါ။

ပြည်သူ့လုံခြုံရေးစနစ်

ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းဖို့အတွက် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှု ရှိဖို့လိုပြီး တည်ငြိမ်အေးချမ်းမှုရှိဖို့အတွက်လည်း အားလုံးပါဝင်တဲ့ ပြည်သူ့ လုံခြုံရေးစနစ်နဲ့ ဆောင်ရွက်သွားနိုင်ဖို့နိုအပ်တယ်လို့ SAC ဥက္ကဋ္ဌက နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံချိန်မှာ ပြောကြားလာတာကို တွေ့ရပါတယ်။ ၂၀၂၁ ခုနှစ်နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ PDF တွေရဲ့ လုပ်ရပ်ကြောင့် နိုင်ငံတော်အတွက် ဆုံးရှုံးမှုရှိခဲ့သလို ပြည်သူတွေရဲ့ အသက် အိုးအိမ် စည်းစိမ်လည်း ထိခိုက်ခဲ့ရတာကြောင့် သဘောထားကွဲလွဲမှုတွေ၊ အား နည်းမှုတွေကို နိုင်ငံရေး ပါတီတွေက သိရှိနားလည်ထားဖို့လိုပြီး ပါတီရဲ့ မူဝါဒတွေ ပန်းတိုင်တွေကို စနစ်တကျနဲ့ တိကျခိုင်မာအောင် ချမှတ် ဆောင်ရွက်ထားဖို့လိုတယ်လို့လည်း ပြောကြားခဲ့တာ တွေ့ရပါတယ်။

ဒီနေရာမှာ ပြည်သူပါဝင်တဲ့ ပြည်သူ့လုံခြုံရေးစနစ်နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီလမှာ ကျင်းပခဲ့တဲ့ (၁၃) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့တာလည်း တွေ့ရပြီး ပြည်သူ့လုံခြုံရေးစနစ်မှာ စစ်တပ်၊ ရဲ၊ လုံခြုံရေးအထောက်အကူပြုအဖွဲ့တွေသာမက ပြည်သူတွေပါ ပါရမှာဖြစ်ပြီး လိုအပ်တဲ့ ပစ္စည်းအပြည့်အစုံကို ထောက်ပံ့မယ်လို့ ပြောခဲ့တာပါ။ ဒါပေမဲ့လည်း အဲဒီပြည်သူ့လုံခြုံရေးစနစ်ဆိုတာက PDF တွေက ပျုစောထီးလို့ခေါ်ပြီး လိုက်လံသတ်ဖြတ်ခံနေရတဲ့ ပြည်သူ့စစ်လိုမျိုးစနစ်အောက်က လူတွေကို ခေါ်ဆိုတာလား ဘယ်လိုပုံစံလဲဆိုတာ ဘယ်သူမှ မသိရခင်ဘဲ မေ့ပျောက်သွားပြီး လက်ရှိအချိန်မှာတော့ ပြန်လည် အကောင်အထည်ဖော်ဖို့ ပြောလာတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ပါတီတွေဟာလည်း NLD၊ NUG နဲ့ PDF တွေရဲ့ သတ်ဖြတ်ခံရမှုစာရင်းမှာ နိုင်ငံ့ဝန်ထမ်းပြီးရင် ဒုတိယလိုက်နေတာဖြစ်ပြီး ပြီးခဲ့တဲ့လပိုင်းကပဲ နစကအဖွဲ့ဝင်ဖြစ်ခဲ့တဲ့ဦးသိန်းညွန့်ရဲ့ အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီဥက္ကဋ္ဌ ဦးသန်းထွန်းကို PDF တွေက သတ်ဖြတ်ခဲ့ပါသေးတယ်။ အရင်တုန်းက ပြည်သူ့လုံခြုံရေးစနစ်ဟာ ပြည်သူပါဖို့ပြောခဲ့တာဖြစ်ပြီး အခု ပါတီတွေကိုပြောတဲ့ ပြည်သူ့လုံခြုံရေးစနစ်က ဘယ်လိုကွဲပြားသွားမယ်မသိရပေမဲ့လည်း NLD ၊ NUG ၊ PDF တွေရဲ့ ပစ်မှတ်ဖြစ်နေတဲ့ ပါတီတွေအနေနဲ့လည်း ပြည်သူ့လုံခြုံရေးစနစ်မှာ လိုက်ပါအကောင်အထည်ဖော်နိုင်မှ အလွယ်တကူလုပ်ကြံသတ်ဖြတ်ခံနေရမှုက အဟန့်တစ်ခုရမယ်ဆိုတာတော့ အသေအချာပါပဲလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *