MT News

Written By A Thaung

ထိုင်းလိဂ် လမ်ဖွန်အသင်းတွင်ကစားနေသည့် မြန်မာ့လက်ရွေးစင်ကစားသမား မောင်မောင်လွင်ကို ဥရောပကလပ်အသင်းမှ ကမ်းလှမ်းမှုများရှိနေကြောင်း Myanmar Special Agency မှ ကိုရဲနိုင်ဝင်းကပြောသည်။

ဥရောပဘောလုံးလိဂ်အဆင့်တွင် စီအဆင့်ရှိသည့် မော်လ်တာလိဂ်(Maltesr Premier League) ကစားသမားအေဂျင်စီများမှ ကစားသမားထံတိုက်ရိုက်ဆက်သွယ်မှုများရှိနေသည့်အပြင် အခြားအေဂျင်စီများမှတစ်ဆင့် ချဉ်းကပ်မှုရှိနေကြာင်း ၎င်းကပြောသည်။

“ဥရောပက မော်လ်တာလိဂ်ကလပ်အသင်းအတွက် Player ရှာပေးနေတဲ့ အေဂျင်စီပေါ့နော်။ အဲ့ဒီအေဂျင်စီက လာဆက်သွယ်တာပါ။ သူတို့ပေးနိုင်မယ့်လစာတွေတော့ တခါတည်းပြောတယ်လေ။ လက်ရှိ မောင်မောင်လွင်ကလည်း ပြည်ပကိုထွက်ကစားနေတဲ့ Player တွေထဲမှာ လစာအများဆုံးရတဲ့ Player ဆိုတော့ မော်လ်တာလိဂ်ကပေးတဲ့လစာနဲ့ မတိမ်းမယိမ်းပဲ။ သူတို့ပေးတဲ့လစာက ထိုင်းလိဂ်ကပေးတဲ့လစာနဲ့ သိပ်မကွာဘူးပေါ့နော်။ သိပ်မကွာတော့ ကျွန်တော်တို့ကတော့ ချိန်ဆနေတယ်။ ဂျပန်ဘက်ကိုလည်း စကားပြောနေတာရှိတော့လေ။ ဒီရာသီ သူဘယ်လိုခြေစွမ်းပြမလဲ။ ထိုင်းလိဂ်ကကလပ်တွေ ဘယ်လိုကမ်းလှမ်းတာမျိုးတွေရှိမလဲဆိုတာ ကြည့်မယ်လေ။ ကြည့်ပြီးတော့ ထိုင်းလိဂ်မှာဆက်နေလို့ Player အတွက် သိပ်မထူးနိုင်ဘူးဆိုရင် ကျွန်တော်တို့က ဥရောပ သို့မဟုတ် ဂျပန်ထွက်ဖို့စဉ်းစားရမှာပေါ့လေ” ဟု ကိုရဲနိုင်ဝင်းက MT News သို့ ပြောသည်။

လက်ရှိ ထိုင်းလိဂ်တွင်ခြေစွမ်းပြနေသည့် မောင်မောင်လွင်၏ Performance Video အား ဆွီဒင်ကလပ် ဟယ်လ်ဆင်ဘော့ နည်းပြထံပေးပို့ထားပြီး မှတ်ချက်တောင်းခံထားသည်။

ဥရောပကစားဟန်မျိုးရှိသည့် မောင်မောင်လွင်အပေါ် နည်းပြဘက်မှ လက်ရှိ နယူကာဆယ်တွင်ခြေစွမ်းပြနေသည့် ဆွီဒင်ကစားသမား အစ်ဆက်ခ်နှင့် ဆင်တူရှိနေကြောင်း မှတ်ချက်ပြုထားသည်။

မောင်မောင်လွင်အား အာရှထိပ်တန်းလိဂ်တစ်ခုဖြစ်သည့် ဂျေလိဂ်သို့ သွားရောက်ကစားနိုင်ရန်အတွက် ဂျပန်အေဂျင်စီတစ်ခုနှင့် အကြိုဆွေးနွေးမှုများပြုလုပ်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *