MT News

Written by Naing Thuta

မန္တလေး၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်အတွင်းရှိ ချောင်းကျူး၊ တာဝါကျူးများအား နိုဝင်ဘာ ၂၃ ရက်နေ့က ဆက်လက်ဖြိုဖျက်ရှင်းလင်းခဲ့ပြီး အိမ်ခြေ ၂၀၀ ခန့်ပါဝင်သွားကာ နေထိုင်သူ ၇၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်သွားကြောင်း မြို့ခံများထံမှ သိရသည်။

နိုဝင်ဘာ ၂၃ ရက် နံနက် ၉ နာရီခန့်​က စတင်ပြီး မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ပန်းရံတော်ချောင်း အနောက်ဘက်၊ ၁၀၅ လမ်းနှင့် မန္တလေး-ပြင်ဦးလွင်လမ်းကြားရှိ နေအိမ်များ၊ ဘောလုံးကွင်းပတ်ခြာလည် ၁၀၆ လမ်းနှင့် ၁၀၇ လမ်းကြားရှိ နေအိမ်များ၊ ၁၀၅ လမ်းနှင့် ၁၀၇ လမ်းကြား၊ ၅၁ လမ်းနှင့် ၅၂ လမ်းကြားရှိ နေအိမ်များအား မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ လိုက်လံဖြိုဖျက်ရှင်းလင်းခဲ့ကြောင်း သိရသည်။

“မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီပိုင်မြေနဲ့ အစိုးရ၊ ပုဂ္ဂလိကပိုင်မြေများအတွင်း ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားတဲ့ ကျူးကျော်အဆောက်အဦတွေကို ဖယ်ရှားရှင်းလင်းရေးစီမံချက်အရ အခုလိုဖြိုဖျက်နေတာပါ။ ဒီနေ့ အိမ်ခြေ ၁၈၀ ကျော်လောက်ကို ရှင်းလင်းခဲ့တာပါ” ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးမှ နိုဝင်ဘာ ၂၃ ရက်နေ့က ဆိုသည်။

၎င်းဖြိုဖျက်ရှင်းလင်းမှုတွင် လမ်းဖြင့်မလွတ်သည့်အခိုင်အမာဆောက်လုပ်ထားသောနေအိမ်များလည်းပါဝင်ခဲ့ပြီး ချောင်းပေါ်တွင်ကျူးထားသည့် နေအိမ်များ၊လမ်းသတ်မှတ်ဧရိယာနှင့် မလွတ်သည့်နေအိမ်များ ၂၀၀ ခန့် ဖြိုဖျက်ခံရပြီး ပြည်သူ ၇၀၀ နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ကာ ဒုက္ခရောက်နေကြကြောင်း သိရသည်။ ထို့ပြင် ပြည်ကြီးတံခွန်မြို့နယ်၊ ဇီးအုပ်ရပ်ကွက်တွင်လည်း ကျန်ရှိနေသေးသော အပိုင်းများအား ဆက်လက်ဖြိုဖျက်ရှင်းလင်းနေကြောင်း သိရသည်။

“မနက်ကတည်းက ရှင်းနေကြတာ ညနေစောင်းတဲ့အထိ ဖြိုဖျက်နေကြတုန်းပဲ။ တချို့ဆိုရင် အခု ည ၇ နာရီလောက်အထိ ရွှေ့လို့မပြီးကြသေးဘူး။ အကုန်ဒုက္ခ ရောက်ကြပြီး ဘယ်မှာနေလို့ နေရမှန်းမသိတော့ဘူး။ ဘောလုံးကွင်းပတ်ခြာလည်မှာဆိုရင် အိမ်ခြေ ရာချီတယ်။ အဖျက်ခံရတာ။ စားစရာက မရှိပါဘူးဆို အခုတော့ နေစရာပါမရှိတော့ဘူး” ဟု နေအိမ်ဖြိုဖျက်ခံသူတစ်ဦးက MT News သို့ နိုဝင်ဘာ ၂၃ ရက်နေ့က ပြောသည်။

မန္တလေးမြို့ပေါ်ရှိ ကားလမ်းကျူးများ၊ ရထားလမ်းကျူးများ၊ တာဝါကျူးများ၊ ချောင်းကျူးများ၊ အထောက် အထားခိုင်ခိုင်မာမာမပြနိုင်သည့် စလစ်၊ ဂရန်မရှိသောနေအိမ်များအား မန္တလေးမြို့တော်စည်ပင်သာယာကော်မတီအဖွဲ့အနေဖြင့် စီမံချက်ချကာ လိုက်လံဖြိုဖျက်ရှင်းလင်းနေကြောင်း သိရသည်။ စီမံချက်နယ်​မြေများတွင် အချို့မှာ ယခင်ကတည်းက အစိုးရစီမံချက်ရှိထားသောမြေများ၊ လယ်ယာမြေများကို ဝယ်ယူရောင်းချနေခြင်း၊ အချို့က မသိ၍ ဝယ်ယူရောင်းချနေသကဲ့သို့ အချို့ကလည်း သိသိဖြင့် ဝယ်ယူရောင်းချနေခဲ့ကြခြင်းကြောင့် အခုကဲ့သို့ကြုံတွေ့နေရခြင်းဖြစ်ကြောင်းလည်း စုံစမ်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *