၁. ၁. ၂၀၂၄
Written by Phyo Wei

ရဲတပ်ဖွဲ့ဝင်တွေကို စစ်နည်းပညာတွေ လေ့လာထားပြီး တပ်မတော်နဲ့အတူ လက်ရှိဖြစ်ပျက်နေတာကို တည်ငြိမ်းအေးချမ်းအောင် ဆောင်ရွက်ဖို့ ကြိုးပမ်းပါလို့ ရဲချုပ်ကပြောလာတဲ့ ဒီရက်သတ္တပတ်မှာပဲ TNLA ကလည်း ရှမ်းမြောက်မှာ မြို့ ၆ မြို့ကို သိမ်းနိုင်ပြီလို့ ပြောလာတာကို တွေ့ရပါတယ်။

အခြားတစ်ဖက်မှာလည်း ကော်သူးလေဒုသမ္မတအမည်ခံ KTLA ဒုတိယစစ်ဦးစီးချုပ်သေဆုံးတာ၊ ကောလင်းမြို့မှာ NUG က ဘဏ်ဖွင့်လှစ်ပြီး မြို့ကို ထိန်းကျောင်းလည်ပတ်နေပြီလို့ ပြောလာတာတွေ ရှိပေမဲ့လည်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ ပဋိပက္ခတွေကြားက မြန်မာ့ကလေးငယ် ၆ သန်းဟာ အကူအညီလိုအပ်နေတယ်ဆိုတဲ့အကြောင်း၊ MNDAA ဟာ တရုတ်နိုင်ငံသားတွေကို လူသားတံတိုင်းအဖြစ် အသုံးပြုပြီး တိုက်ပွဲဝင်နေတယ်ဆိုတဲ့အကြောင်းတွေနဲ့ အနှုတ်ပြခဲ့တယ်ဆိုတဲ့ ၂၀၂၃ ခုနှစ်အကြောင်းတွေကို သုံးသပ်ချင်ပါတယ်။

အကူအညီလိုအပ်နေတဲ့ မြန်မာ့ကလေးငယ် ၆ သန်း

မြန်မာနိုင်ငံမှာရှိတဲ့ ကလေးသူငယ် ၆ သန်းဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေပြီး လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေရဲ့ အကြီးမားဆုံးသောဝန်ထုပ်ဝန်ပိုးကို ရင်ဆိုင်နေရပြီလို ကုလသမဂ္ဂရဲ့ ကလေးငယ်များဆိုင်ရာရန်ပုံငွေအဖွဲဖြစ်တဲ့ Unicef က ပြောပါတယ်။ ဒီအထဲမှာ ကလေးငယ် ၄ သန်းကျော်ဟာလည်း ပညာသင်ကြားခွင့် ပျောက်ဆုံးနေသလို တိုက်ခိုက်မှုတွေမှာ ပစ်မှတ်ထားခံရတာ၊ တိုက်ခိုက်မှုတွေအတွက် အတင်းအဓမ္မ စစ်သားအဖြစ် လူသစ်စုဆောင်းခံရတာ၊ မတရားဖမ်းဆီးထိန်းသိမ်းခံရတာနဲ့ အရွယ်မတိုင်မီလက်ထပ်ထိမ်းမြားစေတာ အပါအဝင် ပြင်းထန်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေနဲ့ အလွဲသုံးစားပြုမှု အန္တရာယ်တွေကို ပိုမိုမြင့်မားစွာ ရင်ဆိုင်နေရပြီလိုလည်း Unicef က ပြောပါတယ်။

မြန်မာနိုင်ငံဟာ အရင်ကတည်းက အရှေ့တောင်အာရှမှာ အသက် ၅ နှစ်အောက် ကလေးသေဆုံးနှုန်း အမြင့်မားဆုံးနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံဖြစ်တဲ့အပြင် ကမ္ဘာတဝှမ်းမှာ မွေးဖွားချိန်ကစပြီး ကာကွယ်ဆေးမထိုးနှံရသေးတဲ့ ကလေးဦးရေအများဆုံးနိုင်ငံတွေထဲမှာလည်း မြန်မာနိုင်ငံ ပါဝင်နေတာက ကလေးတွေရဲ့ အနာဂတ်ကောင်းကျိုးအတွက် သိသာထင်ရှားတဲ့ ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်စေသလို အားနည်းယိုင်နဲ့နေပြီးဖြစ်တဲ့ ကျန်းမာရေးစနစ်ကို ပိုမိုအားနည်းလာစေတယ်လို Unicef က ပြောပါတယ်။ ဒီလိုမျိုး ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ အာဏာအငြင်းပွားမှုကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းတွေ ပိတ်ထားရတာ၊ ပညာရေးပြတ်တောက်တာတွေက ကလေးငယ်တွေရဲ့ ပညာရေးနဲ့ အိပ်မက်တွေကို အဟန့်အတားဖြစ်စေရုံသာမက နိုင်ငံရဲ့ အနာဂတ်စီးပွားရေး ထုတ်လုပ်နိုင်စွမ်းကိုလည်း ပြင်းပြင်းထန်ထန် အန္တရာယ်ဖြစ်စေနိုင်တဲ့အပြင် မျိုးဆက်တစ်ခုလုံးဟာလည်း ထုတ်လုပ်နိုင်စွမ်းရှိတဲ့ လုပ်သားအင်အားစုတစ်ခုအတွက် လိုအပ်တဲ့ကျွမ်းကျင်မှုနှင့် အသိပညာကို ရယူရာမှာလည်း သိသာထင်ရှားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပြီလိုလည်း Unicf က ပြောပါတယ်။

ဒီအထဲမှာ ပိုပြီးအခြေအနေဆိုးတာက မြန်မာနိုင်ငံမှာ ၂၀၁၄ လူဦးရေ သန်းခေါင်စာရင်းအရ မူလတန်း ပညာရေးကို ဆုံးခန်းတိုင်အောင် မသင်ကြားခဲ့ရတဲ့ ကလေးပေါင်း ၂ ဒသမ ၇ သန်းခန့်ရှိပြီး၊ အသက် ၁၅ နှစ်အထက် စာမတတ်သူပေါင်း ၃ ဒသမ ၅၅ သန်းခန့် ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။၂၀၁၉ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းအရ နိုင်ငံအတွင်း အသက် ၁၅ နှစ်အထက် စာမတတ်သူကလည်း ၄ ဒသမ ၁ သန်းခန့်ရှိတဲ့အပြင် နိုင်ငံတစ်ဝန်းမှာ ဖြစ်ပွားနေတဲ့အကြမ်းဖက်မှုတွေကလည်း ဒီလိုမျိုး စာမတတ်သူ ၄ သန်းကျော်ရဲ့ အကျိုးဆက်လို့ အများစုက မှတ်ယူနားလည်ထားတဲ့အခြေအနေမျိုးမှာ လက်ရှိကလေးသူငယ် ၆ သန်းကျော်က ပဋိပက္ခတွေ၊ အမုန်းတရားတွေ၊ သတ်ဖြတ်လက်စားချေမှုတွေ၊ စဉ်းစားတွေးခေါ်ချိန်ဆနိုင်တဲ့ အသိပညာ၊ အတတ်ပညာ ဆည်းပူးခွင့်ပျောက်ရှနေတဲ့အခြေအနေမျိုးမှာ ကြီးပြင်းလာရတော့မှာဖြစ်လို့ အနာဂတ်မြန်မာနိုင်ငံဟာ ရင်ပူ၊ ရင်မောစရာပါလို့…..။

MNDAA ရဲ့ တိုက်ပွဲဖော်ဆောင်မှုကြားမှာ လူသားတံတိုင်းဖြစ်လာတဲ့ တရုတ်နိုင်ငံသား

“အားလုံးလည်း သိမြင်တဲ့အတိုင်း လောက်ကိုင်မြို့တွင်းထဲမှာဆိုရင် MNDAA ဟာ အရပ်ဝတ်တွေနဲ့ ဝင်ရောက်နေရာယူတာတွေ လူနေအဆောက်အအုံတွေကို စစ်ရေးအရအသုံးပြုပြီး လူနေအဆောက်အအုံတွေကနေ တပ်စခန်းတွေကို နှောင့်ယှက်ပစ်ခတ်တာတွေကို နေ့စဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ကျွန်တော်တို့အနေနဲ့ မိမိရဲ့တပ်တွေဟာ တပ်စခန်းတွေမှာပဲရှိပါတယ်။ မြို့တွင်းမှာတော့ MNDAA တချို့ ယူနီဖောင်းနဲ့ ဖြစ်တယ်။ တချို့အရပ်ဝတ်နဲ့ နေထိုင်ပြီးတော့ တရုတ်နိုင်ငံသားအချို့ကို လူသားတံတိုင်းသဖွယ် အသုံး ပြုနေတာ ဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့နှစ်နိုင်ငံလုံးက ဂရုတစိုက်စောင့်ကြည့်၊ တန်ပြန်၊ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်” လို့ SAC ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားလာပါတယ်။

တရုတ်ရဲ့ ကြားဝင်ညှိနှိုင်းပေးမှုအရ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့နဲ့ တပ်မတော်အကြား ယာယီအပစ် အခတ်ရပ်စဲရေးအပါအဝင် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ သဘောတူညီချက် မူကြမ်းတွေ ရခဲ့ပေမဲ့လည်း ဒီညှိနှိုင်းမှုတွေကို ဖောက်ဖျက်ပြီး မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့က တိုက်ခိုက်မှုတွေ အရှိန်မြှင့်လာချိန်မှာ တစ်ဖက်မှာလည်း ထိုးစစ်ဆင်မှုတွေ၊ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ လက်နက်ကိုင်တွေကို လေကြောင်းတိုက်ခိုက်မှု အရှိန်မြင့်တက်လာခဲ့တာကို တွေ့ရပါတယ်။ ဒီအချိန်မှာ ကျားဖြန့်လုပ်ငန်းတွေကို ဟန်ပြပဲဖမ်းပေးတဲ့ MNDAA ဟာ တရုတ်နိုင်ငံသားတွေကို လူသားတံတိုင်းအဖြစ် အသုံးချလာတာကို တွေ့ရသလို လောက်ကိုင်တိုက်ပွဲ အတွင်းမှာလည်း ပြည်သူ့ နေအိမ်တွေထဲက တိုက်ခိုက်တာ၊ ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူသုံးစွဲတာ တွေ့ရသလို တရုတ်အစိုးရ ပြောရေး ဆိုခွင့်ရှိသူ မော်နင်းကလည်း ရှမ်းမြောက်တိုက်ပွဲတွေမှာ တရုတ်နိုင်ငံသားတွေ ထိခိုက် ပျက်စီးရတာကို ကန့်ကွက်တယ်လို့ ပြောခဲ့တာ တွေ့ရပါတယ်။

အနှုတ်ပြခဲ့တဲ့ ၂၀၂၃

“ကျွန်တော်တို့နိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကာလအတွင်း တွေ့ကြုံခဲ့ရတဲ့ အခက်အခဲအချို့နဲ့ စိန်ခေါ်မှုများကိုလည်း နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားပြည်သူအားလုံး လက်တွဲပူးပေါင်းပြီး အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ကြပါတယ်။ ဒီမိုကရေစီနည်းလမ်းတကျနဲ့ ငြိမ်းချမ်းစွာ ကိုယ်နိုင်ငံတိုးတက်စေဖို့ ဆန္ဒမရှိသူတွေကတော့ ပြည်သူပြည်သားတွေကို နည်းမျိုးစုံနဲ့ နှောင့်ယှက်ခဲ့ကြတာလည်းရှိပါတယ်။ အဖျက်လုပ်ငန်းအမျိုးမျိုးကြောင့် နိုင်ငံပိုင်၊ ပြည်သူပြည်သားတွေရဲ့ ပိုင်ဆိုင်မှုများ ထိခိုက်ပျက်စီးဆုံးရှုံးမှုဟာ တိုင်းပြည်အတွက် အနုတ်လက္ခဏာပဲဖြစ်ခဲ့ပါတယ်။ ဒါတွေသာမရှိခဲ့၊ မဖြစ်ခဲ့ဘူးဆိုရင် ကျွန်တော်တို့နိုင်ငံဟာ များစွာကို တိုးတက်နေမှာဖြစ်ပါတယ်။ ဒါဟာကျွန်တော်တို့အတွက် သင်ခန်းစာပါ။ ကျွန်တော်တို့အားလုံး နိုင်ငံကိုချစ်တဲ့၊ အမျိုးကို ချစ်တဲ့စိတ်၊ ညီညွတ်တဲ့အားနဲ့ ကျော်လွှားရပါမယ်။ ၂၀၂၄ ခုနှစ်မှာလည်း ကျွန်တော်တို့ အစိုးရအနေနဲ့ ချမှတ်ထားတဲ့ အမျိုးသားရေးရည်မှန်းချက်များ၊ နိုင်ငံရေး ရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစည်များနဲ့ ဦးတည်ချက်များကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ဖို့ ပြည်သူလူထုနဲ့ လက်တွဲပြီး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဓိကအားဖြင့် စီးပွားရေး ပိုမိုကောင်းမွန်အောင် ကြိုပမ်းဆောင်ရွက်သွားပါမယ်” လို့ SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလာပါတယ်။

၂၀၂၃ ခုနှစ်ဟာ မြန်မာနိုင်ငံနဲ့ ပြည်သူတွေအတွက်တော့ ဆုံးရှုံးပျက်စီးရမှုတွေ များခဲ့သလို အကြမ်းဖက်မှုတွေကို ဖိတ်ခေါ်တာကြောင့် မြို့ပျက်တွေလည်း များခဲ့တဲ့နှစ်လို့ပြောရမှာပါ။ အခြားတစ်ဖက်မှာလည်း ၂၀၂၃ ကို အဆုံးအဖြတ်အတွက် အဆုံးသတ်နှစ်လို့ ကြုံးဝါးခဲ့တဲ့ NUG ဟာ ကြုံးဝါးသလို အဆုံးမသတ်နိုင်ဘဲ မြောက်ပိုင်းသုံးဖွဲ့ရဲ့ စစ်ဆင်ရေးကို အမှီသဟဲပြု KIA ရဲ့ ထောက်ကူမှုနဲ့ ကောလင်းတစ်မြို့ပဲ ထိန်းချုပ်နိုင်ခဲ့တာကလွဲရင် ကျန်တာက အကျိုးမထွက်ပေမဲ့လည်း ၂၀၂၄ ကို အရှိန်မြှင့်တိုက်ခိုက်မယ်ဆိုတာမျိုးနဲ့ ထပ်မံပြောလာတာ တွေ့ရပါတယ်။ ၂၀၂၄ ခုနှစ်မှာလည်း NUG အနေနဲ့ အဆုံးမသတ်နိုင်ရင် ရှေ့က ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်မှာ ပြောခဲ့သလိုမျိုး ၂၀၂၅ ကျရင် ငါတို့နိုင်မှာဆိုတဲ့ မျှော်လင့်ချက်အမှားတွေနဲ့ ပြည်သူတွေ အိုးပျက်အိမ်ပျက်၊ မြို့ပျက်ဖြစ်အောင် လုပ်နေတာပဲ ထပ်မြင်ရမဲ့အခြေအနေ၊ တပ်မတော်ကလည်း အပစ်ရပ်ထားပေးမှုရပ်တန့်လိုက်ပြီး အကြမ်းဖက်မှုတွေကို နှိမ်နင်းမဲ့အခြေအနေမို့လို့လည်း မြို့တွေပျက်၊ ဘဝတွေပျက်ဖြစ်စဥ်တွေ လာမဲ့နှစ်မှာ ပိုများလာနိုင်ပါတယ်။ ဒီအခြေအနေဆိုးတွေ ဆက်ဖြစ်မလာဖို့ကလည်း ပြည်သူကိုယ်တိုင်က အကြမ်းဖက်မှုတွေ ရှုတ်ချ၊ ထောက်ပံ့ကူညီကြဖို့ မလုပ်မှ လွတ်မြောက်မှာဖြစ်ပြီး အကြမ်းဖက်မှုတွေ ဆက်လက်ထောက်ခံနေသရွေ့တော့ အသက်တွေ၊ ဘ၀တွေ၊ မြို့တွေ၊ အိုးအိမ်တွေ ဖျက်ဆီးဦးမဲ့ အလုံးစုံပျက်သုဉ်ရေးသမားတွေ လက်မထောင်နေဦးမှာပဲလို့ တင်ပြရင်း….။

Leave a Reply

Your email address will not be published. Required fields are marked *