၉. ၁၂. ၂၀၂၃
Written by Pyi Thu

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်သောသုတေသနအရ PDF များအနေဖြင့် နိုင်ငံတကာက အကြမ်းဖက်သမားအဖြစ် သတ်မှတ်သွားပါက ရပ်တည်၍ မရနိုင်​တော့ကြောင်း ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲချုပ် (PNLO)၏ ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက MT News ကို ပြောသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်၂ဝ၂၂ ခုနှစ်အတွင်း PDF ၊ CDF နှင့် KNDF လက်နက်ကိုင်အဖွဲ့တို့အနေဖြင့် အကြမ်း ဖက်တိုက်ခိုက်မှုကို အများဆုံးကျူးလွန်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန US Department of State Bureau of Counterterrorism က ထုတ်ပြန်သည့် Annex of Statistical Information – Country Reports on Terrorism 2022 အချက်အလက်များတွင်ဖော်ပြထားခဲ့သည့်အပေါ် ယင်းက အထက်ပါအတိုင်း သုံးသပ် ပြောဆိုခြင်းလည်း ဖြစ်သည်။

“ဒါက အင်တာနေရှင်နယ်အသိအမှတ်ပြုတဲ့ အကြမ်းဖက်ဖြစ်သွားရင် ရပ်တည်လို့မရတော့ဘူး။ ဒီရီပို့စ်ကမင်းတို့ အကြမ်းဖက်ဖြစ်သွားပြီဆိုတာ တစ်ပုံစံတည်း သက် ရောက်နေမလားဆိုတော့ မှန်တာပေါ့။ သူက ထောက်ပြတာရှိပြီးတော့ အစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနကတရားဝင်မသတ်မှတ်သေးဘူးဆိုတော့ နုနယ်သေးတယ်။သို့သော် စဉ်းစားစရာဖြစ်လာတာပေါ့။ အဲဒါက စဉ်းစားစရာဖြစ်လာတယ်ဆိုတော့ အခြေအနေမကောင်းဘူးပေါ့။ရှင်းရှင်းပြောရင်တော့ တွေ့ဆုံဆွေးနွေးမှရမယ်ဆိုတဲ့ဟာကို ပိတ်ပြီးတော့ငြင်းနေရင်။ ငါတို့နိုင်နေပြီ ဘာလို့ဆွေးနွေးမှာလဲဆိုတဲ့ အဲဒီအယူအဆကလွဲနေတာ။ အဲဒီလိုပြောရင် လူတွေအများကြီးထပ်သေဖို့ပဲရှိတယ်”ဟု ယင်းကပြောသည်။

NUG၊ PDF နှင့် EAOs တို့က တပ်မတော်ကို အပြုတ်တိုက်မည်ဆိုသည့်ကိစ္စမှာ မဖြစ်နိုင်သည့်အပြင် အာဆီယံနှင့် အမေရိကန်ကလည်း လက်မခံကြောင်း၊ ယင်းကြောင့် ညှိနှိုင်းမှုဖြင့်သာလုပ်ဆောင်ရမည် ဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် နိုဝင်ဘာ နောက်ဆုံးပတ်က ဂျပန်နိုင်ငံ Nikkei Asia သတင်းဌာနအနေဖြင့်ရေးသားသော အယ်ဒီတာ့ အာဘော်တစ်ခုတွင် NUG က နစက အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်နေကြောင်း NUG ၏ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် ပြောသည့်အကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။ ဒေါ်ဇင်မာအောင်က မျက်နှာချင်းဆိုင်တွေ့ဆုံမည်ဆိုသည့်စကားကို ပြန်လည်ငြင်းဆိုခဲ့သော်လည်း SAC နှင့် တွေ့ဆုံရန် အချက်အလက်များ ပေးပို့ထားသည်ဆိုခြင်းကိုမူ မငြင်းဆိုခဲ့ချေ။

“စစ်တပ်ကို အပြုတ်တိုက်ဖို့ဆိုတာမဖြစ်နိုင်တဲ့အပြင် အာဆီယံ၊ အမေရိကန်ကတောင်လက်မခံဘူး။ စစ်တပ်ပြုတ် မှ ဒီမိုကရေစီရမယ်ဆိုတာ အမေရိကန်တောင် လက်မခံဘူး။ အမေရိကန်လက်ခံတာက ဒီမိုကရေစီရအောင်လုပ်ပေးမယ်။ ဖက်ဒရယ်ရအောင်လုပ်ပေးမယ်။ ဒါပေမဲ့စစ်တပ်ပြုတ်မှ အဲဒါဖြစ်မယ်ဆိုတာကို အမေရိကန်တောင်လက် မခံဘူး။ အမေရိကန်က NUG ကိုပြောလိုက်ပြီလေ။ တပ်မရှိတော့မှ မင်းတို့ဒါလုပ်မယ်ဆိုတာကို တို့လက်မခံဘူး။ အခုတပ်ကိုရှင်းပြီးတော့မှ ဒီမိုကရေစီလုပ်မယ်တို့ ဖက်ဒရယ်လုပ်မယ်တို့ဆိုတာကို လက်မခံဘူးလို့ပြောထားပြီးသားဆိုတော့ ဒါကြီးကို ညှိနှိုင်းတဲ့ဟာနဲ့ပဲသွားရမှာပေါ့”ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံ၌ ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်အတွင်း အကြမ်းဖက်တိုက်ခိုက်ခံရမှု ၃၉၁ ကြိမ် ဖြစ်ပွားခဲ့ပြီး ၂၁၃ဝ ဦး သေဆုံးခဲ့ကြောင်း ယင်း အကြမ်းဖက်တိုက်ခိုက်မှုအားလုံး၏ ၅ဝ ရာခိုင်နှုန်းကျော်(အကြမ်းဖက်တိုက်ခိုက်မှု ၁၉၈ ကြိမ်) ကို PDF လက်နက်ကိုင်အဖွဲ့က ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း Annex of Statistical Information -Country Reports on Terrorism 2022 အချက်အလက်များအရ သိရသည်။

အလားတူ ချင်းလက်နက်ကိုင်အဖွဲ့ အနေဖြင့် ၇ ရာခိုင်နှုန်း (အကြမ်းဖက်တိုက်ခိုက်မှုပေါင်း ၂၉ ကြိမ်)၊ ကရင်နီလက်နက်ကိုင်အဖွဲ (KNDF) အဖွဲ့က အကြမ်းဖက်တိုက်ခိုက်မှု ၂၇ ကြိမ်ရှိခဲ့ကြောင်းလည်း ဖော်ပြထားသည်။

၎င်းအကြမ်းဖက်တိုက်ခိုက်မှုအားလုံးတွင် တပ်မတော်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်မှာ ၅၈ ရာခိုင်နှုန်း ဖြစ်ပြီး အခြား ၁၅ ရာခိုင်နှုန်းမှာ တပ်မတော်နှင့်ဆက်နွယ်သူများကို ကျူးလွန်ခြင်းဖြစ်ကာ ပြည်သူများအား ကျူးလွန်ခဲ့ခြင်းမျိုးက ၉ ရာခိုင်နှုန်းဟု ဖော်ပြထားသည်။

အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်တွင် ၂ဝ၂၂ ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံများထဲတွင် အကြမ်းဖက်တိုက်ခိုက်ခံရမှု အများဆုံးဖြစ်ပွားခဲ့သော နိုင်ငံများမှာ ကွန်ဂို၊ ဆီးရီးယား၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ အိန္ဒိယ၊ အီရတ်၊ ယီမင်၊ မြန်မာ၊ ဘာကီနာဖာဆို၊ ဆိုမာလီယာနိုင်ငံတို့ဖြစ်ပြီး မြန်မာနိုင်ငံက ကမ္ဘာ့အဆင့် ၈ နေရာရှိကာ အကြမ်းဖက် တိုက်ခိုက်ခံရမှု ၃၉၁ ကြိမ် ဖြစ်ပွားခဲ့ကြောင်းလည်းဖော်ပြထားသည်။

ယင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် လူသေဆုံးမှု အများဆုံးထိပ်ဆုံးနိုင်ငံများတွင် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့အဆင့် ၃ နေရာ၌ ရှိနေပြီး သေဆုံးသူအရေအတွက်မှာ ၂၀၂၁ ခုနှစ်က ၁၀၅၂ ဦး၊ ၂ဝ၂၂ ခုနှစ်က ၂၁၃ဝ ဦး ရှိခဲ့ကြောင်း ယင်း Annex of Statistical Information- Country Reports on Terrorism 2022 အချက်အလက်များတွင် ပါရှိသည်။

အကြမ်းဖက်တိုက်ခိုက်မှုများအနက် စစ်ကိုင်းတိုင်းဒေသကြီးက အကြိမ်ပေါင်း ၁ဝ၇ ကြိမ် ဖြစ်ပွားခဲ့ကာ အများဆုံးဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၄၂ ကြိမ်၊ ကချင်ပြည်နယ်တွင် ၃၆ ကြိမ် ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *