၉. ၁၂. ၂၀၂၃
Written by Ye Kyaw 

စက်မှုဇုန်များနှင့် ကုန်ထုတ်လုပ်ငန်းများအတွက် အဓိကလိုအပ်သည့် စက်သုံးဆီအတွက် ပို့ကုန်ရငွေ ဒေါ်လာနှင့် ဝယ်ယူနိုင်ရန် မြန်မာနိုင်ငံ စက်သုံးဆီအသင်းနှင့် ချိတ် ဆက်ဆွေးနွေးမှုများ ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၏ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။

ဒီဇင်ဘာ ၅ ရက်မှစတင်၍ စက်မှုဇုန်များအား နိုင်ငံတော်အစီအစဉ်ဖြင့် စက်သုံးဆီများ မရောင်းပေးတော့ဘဲ မိမိအစီအစဉ်ဖြင့်သာ တင်သွင်းရန် ညွှန်ကြားခဲ့ပြီး စက်မှုဇုန်လုပ်ငန်းရှင်များမှလည်း စက်သုံးဆီတင်သွင်းနိုင်ရန်အတွက် ပို့ကုန်ရငွေ၏ ၅၀ ရာခိုင်နှုန်းအား ပြင်ပဈေးကွက်တွင် ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချခွင့်ပြုရန် တင်ပြခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ တင်ပြခဲ့ပြီးနောက် ဒီဇင်ဘာ ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် ဗဟိုဘဏ်မှ ဖြေလျှော့မှုများ ပြုလုပ်ခဲ့ပြီး ပို့ကုန်လုပ်ငန်းရှင်များအား ပို့ကုန်ရငွေ နိုင်ငံခြားငွေ (ဒေါ်လာ)ပမာဏ၏ ၆၅ ရာခိုင်နှုန်းအထိ ပြင်ပတွင် ဈေးကွက်ပေါက်ဈေးအတိုင်း လွတ်လပ်စွာ ရောင်းချနိုင်ရန် ခွင့်ပြုပေးခဲ့သဖြင့် လက်ရှိအချိန်တွင် စက်မှုဇုန်နှင့် စက်မှုကုန်ထုတ်လုပ်ငန်းရှင်များအနေဖြင့် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) နှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံ စက်သုံးဆီအသင်းနှင့် ချိတ်ဆက်ဆွေးနွေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။

“အဲဒီတော့ ဈေးနှုန်းတစ်ခုကတော့ Importer တွေပေးတဲ့ ဈေးနဲ့ ကျွန်မတို့ Exporter တွေ လိုတဲ့ဈေးနဲ့ ကိုက်တယ်ဆိုရင် ဖြစ်မှာပေါ့။ အဲလိုဖြစ်သွားမယ်။ အဲဒီတော့ အကျိုးရှိတာပေါ့။ ကိုယ်လိုချင်တဲ့ ကုန်စည်ကို ကိုယ့်အတွက်လည်း စက်သုံးဆီဆို မဖြစ်မနေလိုတာလေ။ ဒီဟာတွေအတွက်ကတော့ ကိုယ့်ရဲ့ Export ငွေကို စက်သုံးဆီအသင်းနဲ့ ချိတ်ပြီးတော့မှ သူတို့လည်းပေးနိုင်တဲ့ဈေး ကိုယ်လည်းရောင်းနိုင်တဲ့ဈေး အဲဒီလိုညှိယူလို့ရမယ့် အနေအထားတော့ ဖြစ်သွားမယ်။ ဒါပေမဲ့ တရားဝင်ဘဏ်လမ်းကြောင်းရဲ့ Platform ပေါ်တော့ ကျွန်မတို့တက်ရပါမယ်” ဟု ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။

ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည် စက်မှုဇုန်နှင့် စက်မှုကုန်ထုတ်လုပ်ငန်းရှင်များအနေဖြင့် စက်သုံးဆီကို မိမိအစီအစဉ်ဖြင့် တင်သွင်းပါက ဈေးနှုန်းတွက်ချက်ခြင်းနှင့် တင်သွင်းခြင်းလုပ်ငန်းစဉ်များအား မဆောင်ရွက်နိုင်သောကြောင့် စက်သုံးဆီတင်သွင်းခြင်းလုပ်ငန်းအား သိရှိနားလည်သည့် ကြားခံအဖွဲ့အစည်းများနှင့် ချိတ် ဆက်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

စက်မှုဇုန်များကို နိုင်ငံတော်အစီအစဉ်အဖြင့် စက်သုံးဆီများ မရောင်းတော့ကြောင်း သတင်းထွက်ပေါပြီးနောက် ဒီဇင်ဘာ ၁ ရက်တွင် ဓာတ်ဆီ ၉၂ နှင့် ဓာတ်ဆီ ၉၅ ဈေးနှုန်းများ တစ်ရက်အတွင်း တစ်လီတာလျှင် ကျပ် ၃၄၀ အထိ မြင့်တက်ခဲ့ပြီးနောက် ယနေ့ စျေးအနည်းငယ်ပြန်ကျလာသော်လည်း စက်သုံးဆီအရောင်းဆိုင်များက ဆီမရောင်းပေးသည့် အခြေအနေများ ထပ်မံဖြစ်ပေါ်လာခြင်းဖြစ်သည်။

လက်ရှိအချိန်အထိလည်း သီလဝါ Terminal များမှ စက်သုံးဆီ ထုတ်ယူရန်အခက်အခဲများကြောင့် စက်သုံးဆီဆိုင်များတွင် ဆီအလုံအလောက်မရှိဟုဆိုကာ တန်းစီဝယ်ယူနေရသည့်အပြင် လိုအပ်သည့်ပမာဏအတိုင်း မရရှိသော အခက်အခဲများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။ ထို့ပြင် ဆီတင်သွင်းသူများအနေဖြင့် ဆီတင်သင်္ဘောများအား ငွေမချေနိုင်ခြင်းကြောင့် ဆီတင်သင်္ဘောများက ဆီမချပေးသည့် အခြေအနေများလည်းရှိကြောင်း သိရသည်။

ပုံစာ။ ပြည်တွင်းရှိ စက်မှုကုန်ထုတ်လုပ်ငန်းများကို တွေ့ရစဥ် (Photo – UMFCCI)

#ဆီ #စက်သုံးဆီ #ဓာတ်ဆီ #ဒီဇယ် #သီလဝါ
#mtnews #myanmar_transparency_news

Leave a Reply

Your email address will not be published. Required fields are marked *