၂၅. ၁၁. ၂၀၂၃

Written by Nay Aung

အင်ဒိုနီးရှားနိုင်ငံသည် မြန်မာနိုင်ငံတွင် အာဏာအငြင်းပွားမှုဖြစ်ပွားခြင်း ၃ နှစ်နီးပါးရှိလာချိန်တွင် နှောင့်နေးလျက်ရှိနေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စတင်နိုင်ရန် ကြိုးပမ်းမှုအဖြစ် မြန်မာ့လက်နက်ကိုင်ပဋိပက္ခများတွင်ပါဝင်နေသော အဖွဲ့အစည်းများနှင့်အတူ အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးပွဲ Positive Talks ကို နိုဝင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဂျာကာတာမြို့တွင်ကျင်းပခဲ့သော အဆိုပါဆွေးနွေးပွဲကို ဒီမိုကရေစီလိုလားသောအဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ SAC အဖွဲ့တာဝန်ရှိသူများ ကိုယ်တိုင်မပါဝင်သော်လည်း ၎င်းတို့အစား ကြားခံတစ်ဆင့်ဆွေးနွေးသူများ “Interlocutors” တက်ရောက်ဆွေးနွေးခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြား ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

This image has an empty alt attribute; its file name is 403164493_122138470670030934_833691972787584195_n.jpg

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနသည် အဆိုပါ ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး ရလဒ်များကို အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက “အဓိက ရည်ရွယ်ချက်ကတော့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် သက်ရောက်မှုခံစားနေရတဲ့ ပြည်သူတွေအတွက် လူသားချင်းဆိုင်ရာအကူအညီပေးနိုင်ဖို့၊ အကြမ်းဖက်မှုတွေလျှော့ချနိုင်ဖို့နဲ့ အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်ဖို့ ပဋိပက္ခတွေမှာ ပါဝင်နေတဲ့အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ဆွေးနွေးခဲ့တာပါ။ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ရုံးဟာ အဖွဲ့တစ်ဖွဲ့ချင်းစီနဲ့ ‘Messages’ ပေးပို့ဆွေးနွေးခဲ့ပြီး ကနဦးတွေ့ဆုံဆွေးနွေးမှုတွေဖြစ်လာအောင်လုပ်ခဲ့တာပါ။ အခက်အခဲတွေကို ကျယ်ကျယ်ပြန့်ပြန့်ဖြေရှင်းနိုင်ဖို့အတွက် အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုဖြစ်လာဖို့ ဦးတည်ဆောင်ရွက်ခဲ့တာပါ။ အစည်းအဝေးကိုတက်ရောက်လာတဲ့ အဖွဲ့အစည်းအားလုံးဟာ မကြာမီမှာ အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုဖြစ်လာစေဖို့ အပြုသဘောဆောင်တဲ့ ဆွေးနွေးပြောဆိုမှုတွေရှိခဲ့တယ်” ဟု သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဆိုင်ရာအာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံးမှ သံအမတ်ကြီးတစ်ဦးဖြစ်သူ Ngurah Swajaya က” မြန်မာနိုင်ငံမှာ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး ပြန်လည်ရရှိစေဖို့အတွက် ပြီးပြည်စုံတဲ့နိုင်ငံရေးအဖြေတစ်ခုရှာဖို့ မြန်မာပြည်သူတွေကို ကူညီပေးသွားမယ်လို့ ကတိပြုပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ခုနှစ်က အာဏာအငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက် အာဆီယံအဖွဲ့သည် မြန်မာ့နိုင်ငံရေးအခက်အခဲကိုဖြေရှင်းနိုင်ရန် ကြားဝင်ဆောင်ရွက်ခဲ့ပြီး SAC အဖွဲ့ခေါင်းဆောင်နှင့် အာဆီယံသဘောတူညီချက်ငါးချက် ရယူနိုင်ခဲ့သော်လည်း သုံးနှစ်နီးပါးရှိချိန်အထိ သဘောတူညီချက်ငါးချက်ကို သိသာတိုးတက်အောင် အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးကြောင်း ဝေဖန်မှုများရှိနေသည်။

Ref;/channelnewsasia

Leave a Reply

Your email address will not be published. Required fields are marked *