MT News

ရုရှားနိုင်ငံ၊ ဗလာဒီဗော့ခ်စတော့ခ်မြို့တွင်စက်တင်ဘာ ၅ ရက်မှ ၈ ရက်အထိ ကျင်းပခဲ့သည့် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် ဖိတ်ကြားခံခဲ့ရသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်၏ ယခုတစ်ကြိမ်ခရီးစဥ်သည် ရုရှားနိုင်ငံသို့ ဆယ်ကြိမ်ခန့်သွားရောက်ခဲ့သည့် ခရီးစဥ်အတွင်း ပထမဆုံးအဖြစ် ရုရှားသမ္မတဗလာဒီမာပူတင်နှင့် တွေ့ဆုံဆွေးနွေးမှုသာမက ကမ္ဘာ့နိုင်ငံများ၏ ခေါင်းဆောင်များအလယ်တွင်ပါ မြန်မာ့အရေး၊ ကမ္ဘာ့အရေးများကို မိန့်ခွန်းပြောဆို ဆွေးနွေးနိုင်ခဲ့သည့် အခြေအနေ ဖြစ်ပေါ်လာခဲ့သည်ကို တွေ့မြင်ရသည်။ အဆိုပါ ခရီးစဥ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ ဆွေးနွေးပြောကြားမှုပါ ”ဒေါ်လာအနိုင်ကျင့်ခံရမှု၊ ရုရှားနှင့် အာဆီယံကို ချိတ်ဆက်မည့် လမ်းကြောင်းနှစ်ခု လိုအပ်ကြောင်းနှင့် ထိုလမ်းကြောင်းနှစ်ခုအား တရုတ်၏ ခေတ်သစ်ပိုးလမ်းမ BRI နှင့် ချိတ်ဆက်ရန်ပြောဆိုခဲ့မှု၊ မြန်မာနိုင်ငံတွင် လာရောက်မြှုပ်နှံရန် ကမ္ဘာ့ခေါင်းဆောင်များအား တိုက်တွန်းခဲ့မှု” စသည်ဖြင့်
ဆွေးနွေးမှုများသည် အရှေ့ဖျားစီးပွားရေးဖိုရမ်မှ ရုရှားခြေလှမ်းအားစောင့်ကြည့်နေသည့် ကမ္ဘာ့ခေါင်းဆောင်များ၏ အာရုံကို နှိုးဆွနိုင်ခဲ့သည်။ ထို့ပြင် လျှပ်စစ်မီးလိုအပ်ချက်ရှိနေသည့် မြန်မာနိုင်ငံအတွက် နျုကလီးယားလျှပ်စစ်ဓာတ်ပေါင်းဖိုများအပါအဝင် ကဏ္ဍစုံအတွက် နျုးကလီးယားအသုံးချနိုင်ရန် ရုရှားနိုင်ငံပိုင် Rosatom အဏုမြူကော်ပိုရေးရှင်း အဖွဲ့အစည်းနှင့် MoU ရေးထိုးနိုင်ခဲ့မှု၊ YUFL နှင့် FEFU တက္ကသိုလ်အကြား ပူးပေါင်းဆောင်ရွက်၍ ပညာတော်သင်များစေလွှတ်ရန် သဘောတူညီခဲ့မှု၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် Sputnik News Agency တို့အကြား သဘောတူညီမှုရရှိခဲ့မှု စသည်ဖြင့် ပြောစမှတ်ပြုစရာများပြားခဲ့သည်။ SAC ဥက္ကဋ္ဌအား နိုင်ငံ့ကိုယ်စားပြုခေါင်းဆောင်တစ်ဦးအဖြစ် အသိအမှတ်ပြုကာ ရုရှားသမ္မတနှင့်ပါ သီးခြားဆွေးနွေးခွင့်ရရှိခဲ့သော ထိုခရီးစဥ်သည် မကြာမီရက်ပိုင်းအတွင်း ကုလသမဂ္ဂအထွေထွေညီလာခံတွင် SAC နှင့် NUG အကြား တရားဝင်ဖြစ်မှုကို အဆုံးအဖြတ်ပေးမည့် အပေါ်လည်း ရိုက်ခတ်လာနိုင်ဖွယ်ရှိနေသည်။ ထိုသို့သောအခြေအနေများအပေါ် ရုရှားနိုင်ငံသို့ သွားရောက်လေ့လာခဲ့သည့် သေနင်္ဂမဟာဗျုဟာလေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ နိုင်ဆွေဦးအား Myanmar Transparency News သတင်းဌာနမှ တွေ့ဆုံမေးမြန်းကာ အဆိုပါ မေးမြန်းထားသည်များမှ ပြည်သူများသိရှိသင့်သည့်အချက်အချို့အား ကောက်နုတ် ဖော်ပြအပ်ပါသည်။

မေး။ ။ SAC ဥက္ကဋ္ဌဟာ သူ့သက်တမ်းအတွင်း ပထမဆုံးအဖြစ် ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ သီးခြား တွေ့ဆုံဆွေးနွေးခွင့်ရရုံတင်မက အရှေ့ဖျားစီးပွားရေးဖိုရမ်မှာပါ ကမ္ဘာ့ခေါင်းဆောင်တွေကိုပါ ဆွေးနွေးခွင့်ရခဲ့တာ တွေ့ရပါတယ်။ ဒါဟာ ဒီဖိုရမ်ကို စောင့်ကြည့်နေတဲ့ အမေရိကန်လိုနိုင်ငံတွေနဲ့ တခြားပြိုင်ဖက်အဖွဲ့အစည်းတွေက ဒီအခြေအနေအပေါ် ဘယ်လိုရှုမြင်ကြမယ် ထင်ပါသလဲ။

ဖြေ။ ။ ပထမဆုံးပြောရရင် ရုရှားက မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးချိန်မှာ ပထမဆုံး အသိအမှတ်ပြုတဲ့နိုင်ငံထဲမှာတော့ ပါတယ်။ နောက်တစ်ခုက ရုရှား- မြန်မာဆက်ဆံရေးက လာမဲ့နှစ်ဆို ၇၅ နှစ်ပြည့်တော့မှာဖြစ်တယ်။ ဒီဆက်ဆံရေးတိုးတက်လာမှုက လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်စုကျော်ကတည်းက တိုးတက်လာတာဖြစ်တယ်လို့ တွေ့ရတယ်။ အထူးသဖြင့်တော့ စစ်ရေးဆိုင်ရာတိုးတက်မှုတွေပေါ့။ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတွေ စစ်လက်နက်ပစ္စည်းဝယ်ယူမှုတွေ ကာကွယ်ရေးပစ္စည်းဝယ်ယူမှုတွေပါတယ်ပေါ့။ လက်ရှိတပ်ချုပ်လက်ထက်မှာတော့ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်တင်မကဘဲ အခြားကဏ္ဍစုံအတွက် ပူးပေါင်း ဆောင်ရွက်မှုတွေပါ တိုးချဲ့လုပ်လာနိုင်တာ တွေ့ရပါတယ်။ ဥပမာ စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေ လုပ်လာတာပါ တွေ့ရပါတယ်။ ဒီတစ်ကြိမ်တွေ့ဆုံမှုကတော့ သမိုင်းဝင်တွေ့ဆုံမှုပေါ့။ အရှေ့ဖျားစီးပွားရေးဖိုရမ်မှာ ကမ္ဘာ့နိုင်ငံတွေရဲ့ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခွင့်ရခဲ့သလို ရုရှားသမ္မတနဲ့လည်း တစ်နာရီနီးပါး သီးခြားဆွေးနွေးခဲ့တာ တွေ့ရပါတယ်။ ၂၀၂၁ နောက်ပိုင်း အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုခံရချိန်မှာ ကျွန်တော့်တို့ဖက်က ရပ်တည်ပေးခဲ့တဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုဖြစ်တယ်ဆိုတာလည်း တွေ့ရမှာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာလည်း မြန်မာနိုင်ငံကြုံတွေ့နေရတဲ့ အခြေအနေအပေါ်မှာ ရုရှားနိုင်ငံက ပြတ်ပြတ်သားသားရပ်တည်ပေးနေတဲ့ အခြေအနေမျိုးလည်း ကျွန်တော်တို့ တွေ့ရပါတယ်။ နောက်တစ်ခုက မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲက ယုံကြည်စိတ်ချရတဲ့နိုင်ငံ ဖြစ်တယ်လို့ သမ္မတပူတင်ကိုယ်တိုင် ပြောခဲ့တာလည်း ရှိတယ်။ ဒီတော့ ရှေ့လျှောက်မှာလည်း ဒီနှစ်နိုင်ငံရဲ့ ဆက်ဆံရေးက ပိုခိုင်မာလာမယ်လို့ မြင်တယ်။ ကာကွယ်ရေးတင်မက ကဏ္ဍစုံပူးပေါင်းဆက်ဆံရေးပါ ပိုတိုးတက်လာမယ်လို့ မြင်တယ်။ ဒီအခြေအနေကိုတော့ မြန်မာနိုင်ငံကိုဖိအားပေးနေတဲ့ အနောက်နိုင်ငံတွေကတော့ လိုလားမှာမဟုတ်ဘူးလို့မြင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ မြန်မာကအာရှပစိဖိတ်ဒေသမှာ ပထဝီမြေနေရာအရ မဟာဗျုဟာကျတဲ့ အချက်အခြာဒေသဖြစ်နေတယ်။ တရုတ်- အိန္ဒိယ ကြားကနေ နိုင်ငံအဖြစ်ကနေ ရုရှားနဲ့ပါ ပူးပေါင်းဆောင်ရွက်နိုင်မယ်ဆိုရင် Triangle လိုမျိုးပေါ့။ တရုတ်- အိန္ဒိယ-ရုရှား သုံးနိုင်ငံကြားက မြန်မာဆိုတဲ့ပုံစံမျိုးဖြစ်သွားရင် ပူးပေါင်းဆောင်ရွက်တဲ့ နိုင်ငံအားလုံးအတွင်း Win Win Situation ဖြစ်သွားမယ်လို့ ယူဆပါတယ်။ ဒီလိုမျိုးဖြစ်လာပြီး အာရှပစိဖိတ်ဒေသမှာ ပြိုင်ဆိုင်မှုပြင်းထန်လာမှာမျိုးကိုတော့ အနောက်နိုင်ငံတွေက လိုလားမှာမဟုတ်ပါဘူး။ ဆန့်ကျင်ဘက်အဖွဲ့တွေကလည်း ဒီလိုပါပဲ။ မြန်မာနိုင်ငံတိုးတက်သွားမှာမျိုးကို သူတို့လိုလားမှာမဟုတ်ဘူးလို့ ကျွန်တော်ကတော့ မြင်တယ်။ ဖိအားတွေလည်း ရှိကောင်းရှိလာနိုင်တယ်လို့ မြင်ပါတယ်။

မေး။ ။ ဒီခရီးစဥ်မှာ အဓိက လှုပ်ခတ်တာက နျုးကလီးယားစွမ်းအင်ပူးပေါင်းစာချုပ်ချုပ်ဆိုတာ ဖြစ်မယ်ထင်ပါတယ်။ နျုးကလီးယားကနေ လျှပ်စစ်ထုတ်ယူဖို့ ရုရှား- မြန်မာပူးပေါင်းလုပ်မဲ့ Nuclear Power Plants တွေဆောက်မယ်ဆိုတာကလည်း အသံကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတော့ တကယ်ဆောက်နိုင်၊ မဆောက်နိုင်အပေါ်မှာ ဒေါက်တာ့အမြင်လေးပြောပေးပါ။

ဖြေ။ ။ ။ ကျွန်တော်မြင်တာကတော့ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆို အခြေခံအဆောက်အအုံတွေ လိုတာပေါ့။ အဲဒီမှာ ဘာတွေပါမလဲဆိုရင် လမ်းတွေ တံတားတွေ နောက်ပြီးတော့ အရေးကြီးတာက လျှပ်စစ်ပေါ့။ လက်ရှိမှာတော့ မြန်မာက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေ ရေအားလျှပ်စစ်တွေ သဘာဝဓာတ်ငွေ့တွေသုံးနေတာရှိတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းမှာ ဆိုလာစွမ်းအင်သုံးနေတာရှိသလို လျှပ်စစ်ရဖို့နည်းမျိုးစုံလုပ်နေတယ်။ တခြားဆိုရင် လေအားလျှပ်စစ်တို့ ဒီရေကနေ ထုတ်ယူတာတွေလည်း ရှိတယ်။ ဒါ့အပြင် နျုးကလီးယားကနေ ထုတ်ယူတာ၊ စွန့်ပစ်ပစ္စည်းတွေကနေ ထုတ်ယူတာ အများကြီးရှိပါတယ်။ ကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် လျှပ်စစ်က အဓိကကျတဲ့ အခန်းကဏ္ဍမှာပါနေပါတယ်။ နောက်ပြီး တပ်ချုပ်ကလျှပ်စစ်ကားတွေ၊ လျှပ်စစ်ရထားတွေ ပြေးဆွဲမယ်ဆိုတာမျိုး ပြောခဲ့တာရှိတယ်။ ဒါမျိုးတွေက အကြောင်းမဲ့ပြောခဲ့တာတော့ မဟုတ်ဘူးပေါ့။ နိုင်ငံတော်မှာ ကြီးမားတဲ့စီမံကိန်း ရည်ရွယ်ချက် ကြီးကြီးမားမားရှိလိမ့်မယ်လို့ အဲဒီအချိန်ကတည်းက သုံးသပ်မိထားတာပေါ့။ ဆိုတော့ လက်ရှိမှာလည်း ရုရှားနိုင်ငံပိုင် Rosatom အဏုမြူကော်ပိုရေးရှင်းနဲ့ နျုးကလီးယားစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ကိုင်ဖို့ ချုပ်ဆိုခဲ့တာရှိတယ်။ ဒါတွေကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံအတွက် လျှပ်စစ်ဖွံ့ဖြိုးတိုးတက်မှုက လိုအပ်နေတယ်။ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်ကို ကြည့်မယ်ဆိုရင်လည်း ရုရှားဆီကနေ နျုးကလီးယားဓာတ်ပေါင်းဖိုတွေ တည်ဆောက်နေပြီဆိုတာတွေ့ရတယ်။ မကြာခင်လည်ပတ်တော့မယ်ဆိုတာလည်း တွေ့ရတယ်။ နောက်ပြီးတော့ ဒီနျုးကလီးယားစွမ်းအင်ကို သုံးဖို့ချုပ်ဆိုတာကလည်း ငြိမ်းချမ်းစွာအသုံးပြုဖို့ ဆိုတာ သိနေဖို့လိုတယ်။ လက်နက်လုပ်ဖို့နဲ့ တခြားနေရာတွေမှာ သုံးဖို့ သူ့ရဲ့လုပ်မဲ့ ပမာဏတွေ မတူညီတာတွေကိုလည်း တွေ့ရပါတယ်။ ဆေးပညာနဲ့ပတ်သက်တဲ့ ကဏ္ဍတွေမှာလည်း နျုးကလီးယားက အရေးပါတယ်ဆိုတာ တွေ့ရပြန်ပါတယ်။ အဲဒီတော့ လျှပ်စစ်တို့၊ ဆေးပညာတို့၊ သုတေသနတို့မှာ သုံးဖို့ဆိုတာမျိုးအတွက် ကျွန်တော်တို့ နိုင်ငံအနေနဲ့ နျုးကလီးယားစွမ်းအင်ကို ရယူအသုံးပြုဖို့ လိုနေတယ်ဆိုတာမျိုး တွေ့ရပါတယ်။ အနာဂတ်မှာလည်း မဖြစ်မနေ လုပ်ဆောင်ရမဲ့ စီမံကိန်းဖြစ်တယ်လို့ ကျွန်တော်က မြင်ပါတယ်။ တကယ်ဖြစ်လာမယ်လို့လည်း ကျွန်တော်က ယုံကြည်ပါတယ်။

မေး။ ။ ရုရှားသမ္မတအပြင် ကမ္ဘာ့ခေါင်းဆောင်တွေအလယ်မှာ SAC ဥက္ကဋ္ဌက စားနပ်ရိက္ခာဖူလုံမှုဆိုင်ရာ မိန့်ခွန်းပြောသွားခဲ့ပြီး ဒီမိန့်ခွန်းမှာ အမေရိကန်ရဲ့ ဒေါ်လာအနိုင်ကျင့်မှု၊ တရုတ်ပိုးလမ်းမနဲ့ ချိတ်ဆက်နိုင်မဲ့ အာဆီယံ-ရုရှားလမ်းကြောင်းနှစ်ခု၊ မြန်မာနိုင်ငံမှာလာရောက်မြှုပ်နှံဖို့ ဖိတ်ခေါ်မှုစတဲ့ အချက်တွေကို ဆွေးနွေးသွားတာတွေ့ရပါတယ်။ အဲဒီအချက်တွေအပေါ်မှာ အရှေ့ဖျားစီးပွားရေးဖိုရမ်တက်ရောက်တဲ့ ခေါင်းဆောင်တွေက ဘယ်လိုမြင်ကြနိုင်လဲ၊ ဘယ်လိုပုံစံတုန့်ပြန်ဆွေးနွေးတာမျိုးရှိခဲ့တာ မြင်ရလည်းဆိုတဲ့ အပေါ်မှာ ဒေါက်တာယူဆချက်လေးပြောပေးပါ။

ဖြေ။ ။ ။ ဒီမေးခွန်းအပေါ်တော့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ တုန့်ပြန်ပုံဆိုတော့ အကြမ်းဖျဥ်းပဲ ပြောပြပါ့မယ်။ အရှေ့ဖျားစီးပွားရေးဖိုရမ်မှာတော့ SAC ဥက္ကဋ္ဌက စားနပ်ရိက္ခာဖူလုံရေးကို အဓိကဆွေးနွေးတာပေါ့။ စားနပ်ရိက္ခာဖူလုံရေးဆိုတာကတော့ Food Security ပေါ့။ Food Security က National Security မှာတော့ Element တစ်ခုအနေနဲ့ တစ်စိတ်တစ်ပိုင်းပါဝင်တာပေါ့။ National Security ဆိုတာနဲ့ စစ်ရေးကိုပဲ အဓိကမြင်တတ်ကြတယ်။ တကယ်က စီးပွားရေးဆိုင်ရာလုံခြုံရေးတို့ ကျန်းမာရေးဆိုင်ရာလုံခြုံရေးတို့ ကျန်တဲ့ အမျိုးသားလုံခြုံရေးကဏ္ဍတွေ အများကြီးရှိတယ်။ အဲဒီမှာ Food Security ကလည်း အပါအဝင်ပေါ့။ ကမ္ဘာပေါ်မှာလည်း Food Security မလုံခြုံတဲ့အတွက် အငတ်ဘေးကျနေတဲ့ နိုင်ငံတွေလည်း ရှိတယ်။ ရုရှား- ယူကရိန်းအရေးကြောင့်လည်း တချို့ စားနပ်ရိက္ခာဖူလုံမှုတွေ အခက်အခဲဖြစ်လာတာတွေ့ရတယ်။ ဘာဖြစ်လိုလည်းဆိုတော့ ရုရှားကကမ္ဘာပေါ်မှာ ဂျုံထုတ်လုပ်မှုအများဆုံးနိုင်ငံထဲမှာ ရုရှားနဲ့ ယူကရိန်းပါနေတယ်။ ဒီနှစ်နိုင်ငံရဲ့ ဂျုံထုတ်လုပ်မှုကျသွားတော့ စားနပ်ရိက္ခာဖူလုံမှုအပေါ်ထိခိုက်လာတယ်။ ဒီတော့ Food Security ကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါနေတာပေါ့။ နောက်တစ်ခုက ဒေါ်လာပေါ့။ ဒေါ်လာကလည်း ကျွန်တော်တို့နိုင်ငံအတွက် ပြဿနာတွေ ကြုံတွေ့နေရတော့ ဒေါ်လာကို အစားထိုးဖို့ စီစဥ်နေတဲ့ အခြေအနေပေါ့။ တရုတ်နဲ့ မြန်မာကုန်သွယ်မှုမှာဆိုရင်လည်း ဒေါ်လာအသုံးမပြုဘဲ ယွမ်အစားထိုးအသုံးပြုဖို့၊ ထိုင်းနဲ့ မြန်မာကုန်သွယ်မှုမှာဆိုရင်လည်း ဘတ်ကို အစားထိုးအသုံးပြုဖို့ လုပ်နေတာတွေလည်း ရှိတယ်။ တစ်ချိန်မှာလည်း ရုရှားရဲ့ ဘဏ်စနစ်နဲ့ တိုက်ရိုက်ချိတ်ဆက်အသုံးပြုလာတာမျိုး ရှိလာနိုင်တယ်ပေါ့။ ဒေါ်လာကို အသုံးမပြုဘဲ ရူဘယ်လ်ကို အသုံးပြုလာတာမျိုးရှိလာနိုင်တာပေါ့။ နောက်တစ်ခုက Belt and Road နဲ့ ပတ်သက်ပြီး တရုတ်ရဲ့ ပိုးလမ်းမက ၂၀၁၄ မှာ စခဲ့ပြီး အခုဆို ကမ္ဘာ့နိုင်ငံ ၁၅၀ ပူးပေါင်းပါဝင်နေတယ်ဆိုတာတွေ့ရတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်ပြီးတော့ BRI က သွားနေတယ်ဆိုတော့ ရုရှားနဲ့ ချိတ်ဆက်နိုင်တယ်ဆိုရင်တော့ နိုင်ငံတွေအတွက် အကျိုးရှိမယ်လို့ မြင်တယ်။ အပေါ်မှာပြောခဲ့သလို မြန်မာနိုင်ငံက အိန္ဒိယနဲ့ တရုတ်အကြားရှိနေတယ်၊ ရုရှားနဲ့လည်း လေယာဥ်တိုက်ရိုက်ပြေးဆွဲလာတာမျိုး ရှိလာမယ်ဆိုရင် ထိတွေ့မှုတွေ ပိုရှိလာမယ်။ နောက်ပြီးတော့ ကုန်သွယ်ရေးပေါ့။ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိုတိုးချဲ့လာနိုင်မယ်ဆိုရင် Eurasia ဒေသတွေနဲ့ အတူ ပိုတိုးတက်လာမယ်လို့ မြင်တယ်ပေါ့။ ကျွန်တော့်ကိုယ်တွေ့ပေါ့။ SAC ဥက္ကဋ္ဌခရီးစဥ်မတိုင်ခင် ရုရှားနိုင်ငံ သိပ္ပံနဲ့ လူငယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ်မှာ တက်ပြီးတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ဘာကြောင့်လိုအပ်တယ်ဆိုတာ ဆွေးနွေးခဲ့တာရှိပါတယ်။ အဲဒီတော့ ရုရှားနဲ့ မြန်မာက ဝေးတော့ ရုရှားလူမျိုးတွေက မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး သိပ်မသိကြတဲ့ အနေအထားကနေ မြန်မာပြည်က မဟာဗျုဟာကျတဲ့ ဒေသမှာရှိပြီး မြန်မာ့လူဦးရေ သန်း ၅၀ ကျော်တင်မကဘဲ တရုတ်နဲ့ အိန္ဒိယရဲ့ စျေးကွက် ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်လောက်ကိုပါ တင်ပို့နိုင်မယ်ဆိုတာ သိလိုက်ကြတော့ ရုရှားတွေကတော်တော်ကြီးကို စိတ်ဝင်စားတယ်ဆိုတာ မြင်လိုက်ရတယ်။ ဒီလိုပါပဲ အရှေ့ဖျားစီးပွားရေးဖိုရမ်မှာ SAC ဥက္ကဋ္ဌက မြန်မာနိုင်ငံမှာလာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်တော့ ကမ္ဘာ့ခေါင်းဆောင်တွေက စိတ်ဝင်စားတယ်ဆိုတာ တွေ့ရပါတယ်။

မေး။ ။ မကြာမီရက်ပိုင်းမှာ ကျင်းပမဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ SAC နဲ့ NUG အကြား ကိုယ်စားပြုမှုကို ဆွေးနွေးဆုံးဖြတ်ကြမဲ့ အခြေအနေပေါ့။ လက်ရှိမှာလည်း ကုလသမဂ္ဂမှာ ဦးကျော်မိုးထွန်းကို ဆက်ခန့်ပြီးတော့ NUG အစိုးရကို အသိအမှတ်ပြုသွားတဲ့ အခြေအနေဖြစ်ဖို့ NUG ဘက်က နေရာအနှံအပြားမှာ ဦးကျော်မိုးထွန်းကိုပဲ ပြည်သူတွေက ထောက်ခံတယ်ဆိုတဲ့ ပုံစံမျိုးဖြစ်ဖို့ ငွေကြေးထုတ်ပေးပြီး ဦးကျော်မိုးထွန်းထောက်ခံ ဆန္ဒပြပွဲတွေ ကျင်းပပေးနေတယ်လို့လည်း ဆိုကြတော့ ရုရှား-ယူကရိန်းကိစ္စကြောင့် ကမ္ဘာက အာရုံအစိုက်ခံနေတဲ့ ရုရှားသမ္မတနဲ့ SAC ဥက္ကဋ္ဌတို့ သီးခြားစီတွေ့ဆုံဆွေးနွေးမှုဟာ ကုလသမဂ္ဂရဲ့ အထွေထွေညီလာခံ အပေါ် ဘယ်လောက်အထိ သက်ရောက်နိုင်မယ်ထင်လဲဆိုတာကို အားသာချက် အားနည်းချက်လေး ပြောပေးပါဦး။

ဖြေ။ ။ ဒီရက်ပိုင်းအတွင်းမှာ NUG ဘက်က ဒီလိုမျိုး ဆန္ဒပြပွဲတွေ ခပ်စိတ်စိတ်လုပ်လာတယ်ဆိုတာ တွေ့ရတယ်။ ဦးကျော်မိုးထွန်းကို ဆက်ခန့်ဖို့ NUG ဘက်ကလူတွေက ထောက်ခံတယ်ဆိုတာမျိုး လုပ်ပြနေတာ ရှိတယ်။ အမှန်တကယ်တော့ ပြည်တွင်းမှာ ဒါမျိုးထောက်ခံနေတာမရှိဘဲ လုပ်ကြံထောက်ခံတဲ့ Propaganda လုပ်တယ်ဆိုတာမျိုးပဲ ဖြစ်နေတယ်ဆိုတာ တွေ့ရတာပေါ့။ ပြီးခဲ့တဲ့ ကာလတွေအထိတော့ ဘယ်သူမှမတက်ရဆိုတဲ့ ပုံစံမျိုးလုပ်ထားတာ ကျွန်တော်တို့ တွေ့ရပါတယ်။ အခုဒီလထဲမှာတော့ ကိုယ်စားပြုမှုကို ဆုံးဖြတ်မဲ့ အနေအထားမျိုးတော့ ရှိနေတာပေါ့။ General Assembly မှာ ဘယ်လိုဆုံးဖြတ်မလဲ။ General Assembly မရောက်ဘဲနဲ့လည်း သူတို့စုံညီကနေ ဘယ်လိုဆုံးဖြတ်မလဲဆိုတဲ့ အနေအထားမျိုးတွေ ရှိလာနိုင်တယ်ပေါ့။ ဒီဘက်က SAC ဥက္ကဋ္ဌကလည်း ရုရှားသမ္မတလို ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံသမ္မတနဲ့ မဟာမိတ်ဖြစ်တယ်လို ပြတဲ့သဘောမျိုးလို့ မြင်ပါတယ်။ လုံခြုံရေးကောင်စီအထိ ရောက်သွားလို့ရှိရင်လည်း မြန်မာဘက်မှာ တရုတ်နဲ့ ရုရှားက ရှိနေတဲ့ ပုံစံမျိုးတော့ ရှိပါတယ်။ ဒါကတော့ General Assembly ကို ရောက်သွားကောင်းရောက်သွားလည်း မြန်မာနိုင်ငံဘက်မှာ အင်အားကြီးမဟာမိတ်နိုင်ငံကြီးတွေ ရှိနေတယ်လို့ ပြသတဲ့ သဘောမျိုးမြင်ပါတယ်။ ကုလသမဂ္ဂက သမာသမတ်ကျတယ်လို ပုံစံမျိုး ပြောပေမဲ့လည်း အင်အားကြီးနိုင်ငံတွေရဲ့ လွှမ်းမိုးမှုရှိသလို သူတို့ကို ရန်ပုံငွေထောက်ပံ့ပေးတဲ့ အဖွဲအစည်းတွေရဲ့ လွှမ်းမိုးခြင်းခံရတဲ့ အနေအထားတွေလည်း တွေ့နေရပါတယ်။ အဲဒီတော့ မြန်မာဘက်မှာလည်း မဟာမိတ် အင်အားကြီးနိုင်ငံတွေရှိနေတယ်ဆိုတဲ့ အနေအထားမျိုးမြင်ရသလို ကျွန်တော်တို့နိုင်ငံအတွက် အကောင်းဆုံးအနေအထားဖြစ်သွားမယ်လို့လည်း ကျွန်တော်တို့က မြင်ပါတယ်။

မေး။ ။ ဒီခရီးစဥ်ဟာ ထူးခြားတဲ့ အခြေအနေတစ်ရပ်လို စောင့်ကြည့်သူတွေက သုံးသပ်ကြသလို ဒီနှစ်ပိုင်းမှာလည်း ရုရှား-မြန်မာဆက်ဆံရေးဟာ အရှိန်အဟုန်နဲ့ တိုးတက်လာနေတာ တွေ့ရပါတယ်။ ကမ္ဘာမှာ အကျပ်ရိုက်နေတဲ့ စက်သုံးဆီတင်သွင်းမှုတွေ၊ ယွမ်၊ ဘတ်အပြင် ရူဘယ်လ်ကိုပါ ဒေါ်လာနေရာသုံးဖိုပြောလာတာတွေ၊ Nuclear Power Plants ကိစ္စတွေဟာ အထင်အရှားဖြစ်နေတယ်။ ဒါပေမဲ့ ဦးသိန်းစိန်လက်ထက်မှာလည်း နျုးကလီးယားဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေရှိပေမဲ့ အကောင်အထည်ပေါ်တာ မမြင်ရဘူးဆိုတော့ ဒီလိုအခြေအနေ‌တွေအပေါ်မှာ ဒီတိုးတက်မှုတွေက ဘယ်လောက်အောင်မြင်မယ်။ အကောင်အထည် ဖော်နိုင်မယ်လို့ ထင်မြင်ပါသလဲ။

ဖြေ။ ။ ရုရှား- မြန်မာဆက်ဆံရေးကိုကြည့်မယ် ရုရှားရဲ့ လက်ရှိအနေအထားကို ကြည့်မယ်ဆိုရင် ရုရှား ကမ္ဘာ့စူပါပါဝါအင်အားကြီးနိုင်ငံတွေရဲ့ ပြိုင်ဆိုင်မှုက Sino-Pacific ဒေသမှာဖြစ်နေတယ်။ ဒီတော့ ရုရှားသည် ဒီဒေသကို စိတ်ဝင်စားတဲ့ အနေအထားမှာရှိတယ်။ သူ့ရဲ့ လက်နက်ရောင်းချရေးတင်မကဘဲနဲ့ မဟာဗျုဟာမြောက်ဆက်ဆံတယ်ပေါ့။ အဲဒီတော့ ဒီဒေသမှာ မြန်မာနိုင်ငံသည်လည်း မဟာဗျုဟာမိတ်ဖက်အနေအထားမျိုး ရောက်ရှိနေတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ ဒါ့အပြင် တခြားအာဆီယံနိုင်ငံတွေဖြစ်တဲ့ အရှေ့တောင်အာရှနိုင်ငံဖြစ်တဲ့ လာအိုနဲ့လည်း ကောင်းမွန်တဲ့ဆက်ဆံရေးရှိတော့ Indo-Pacific ဒေသမှာ ရုရှားက အမေရိကန်လိုမျိုး ဒီဒေသမှာ ခြေကုပ်ကလာမဲ့ အနေအထားဖြစ်လာမယ်လို မြင်ရတယ်။ အဲဒီတော့ မြန်မာသည်လည်း မဟာဗျုဟာကျအချက်အခြာကျတဲ့ နေရာမှာ ရှိနေတော့ မြန်မာ-ရုရှားဆက်ဆံရေးက တဖြည်းဖြည်းပိုတိုးတက်လာတဲ့ အနေအထားရှိလာမယ်။ ကာကွယ်ရေးကဏ္ဍတင်မကဘဲ တခြားကဏ္ဍတွေပါ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာမယ်။ ပြီးခဲ့တဲ့ကာလမှာဆို သီရိလင်္ကါနိုင်ငံရဲ့ ပြိုကွဲမှုမြင်ရတယ်။ မြန်မာနိုင်ငံရော ဒီလိုဖြစ်သွားမလားဆိုတဲ့ စိုးရိမ်မှုပေါ့။ အဓိကအားဖြင့် နိုင်ငံတစ်ခုပြိုလဲသွားနိုင်တဲ့ အချက်သုံးချက်လို့ ပြောတယ်ပေါ့။ ပထမတစ်ခုကတော့ ပြည်ပကြွေးမြီအမြောက်အမြားရှိနေတာ၊ စားနပ်ရိက္ခာကို ပြည်ပက မှီခိုရတာ၊ စက်သုံးဆီအကျပ်အတည်းဖြစ်တာ ဒီသုံးခုကိုမနိုင်ရင် နိုင်ငံက ပိုဆိုးသွားတာမျိုးမြင်ရတာပေါ့။ ဒီသုံးခုကိုကြည့်ပြီး မြန်မာနိုင်ငံကိုပြန်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံသည် စားနပ်ရိက္ခာသည် ပြည်ပမှီခိုနေရတာမဟုတ်သလို ကြွေးမြီကလည်း ပုံမှန်ဆပ်နေနိုင်တဲ့အနေအထားရှိတယ်လို့ SAC ဥက္ကဋ္ဌက မိန့်ခွန်းမှာ ပြောထားတာရှိတယ်။ အဲဒီတော့ စက်သုံးဆီတစ်ခုပဲ ပြည်ပကိုမှီခိုနေရတဲ့ အနေအထားဖြစ်ပါတယ်။ ရုရှားဆီကနေသာ စက်သုံးဆီရလာမယ်ဆိုတဲ့ အနေအထားမျိုးမှာ မကြာမီ စျေးသက်သာတဲ့ အခြေအနေမျိုးနဲ့ တည်ငြိမ်သွားမယ်လို့ ယူဆတယ်။ ကျွန်တော်တို့အရှေ့မှာကြည့်မယ်ဆိုလည်း အနောက်နိုင်ငံတွေက ရုရှား စက်သုံးဆီတွေ သဘာဝဓာတ်ငွေ့တွေ မဝယ်တော့ချိန်မှာ အိန္ဒိယက သူ့နိုင်ငံအတွက် ဝယ်ယူသွားတာမျိုးတွေ မြင်ရပါလိမ့်မယ်။ မြန်မာနိုင်ငံလည်း ဒီလိုမျိုး ရယူမယ်ဆိုရင် ပိုပြီးတော့ အကျိုးအမြတ်များလာမယ် စျေးကွက်တည်ငြိမ်မှုရှိလာမယ်လို့ မြင်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ရုရှားကနေ ဆီတင်သွင်းရောင်းချဖို့ ကော်မတီဖွဲ့ထားတယ်ဆိုတဲ့ အနေအထားလည်း ကျွန်တော်တို့ တွေ့ရပါတယ်။ တဖြည်းဖြည်းနဲ့ ဒီစျေးကွက်ကတည်ငြိမ်သွားမယ်လို့ မြင်ပါတယ်။ ချက်ခြင်းတော့ ငြိမ်ချင်မှ ငြိမ်ပါလိမ့်မယ်။ စက်သုံးဆီနဲ့ ပတ်သက်ရင် အချိန်ကာလတစ်ခုတော့ စောင့်ရမယ်လို့ ကျွန်တော်တော့ မြင်ပါတယ်။ နောက်တစ်ခုကတော့ Nuclear Power Plant ကိစ္စပေါ့။ ဒါမျိုးတွေကတော့ ကာလတိုနဲ့ မလွယ်တဲ့ အခြေအနေမျိုးရှိပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ တိုးတက်လာတဲ့ နည်းပညာတွေ ရှိလာတဲ့အခါကျတော့ Modular Nuclear Reactor လိုမျိုးတွေ ရှိလာတော့ ဒါကို သင်္ဘောတွေပေါ် တင်မောင်းလာပြီးတော့ ကမ်းမှာကပ်ပြီးတော့ ထုတ်မယ်ဆိုရင် တစ်နိုင်ငံလုံးမဟုတ်တောင်မှ တိုင်းဒေသကြီးနဲ့ ပြည်နယ်တစ်ခုစီမှာ လျှပ်စစ်ဓာတ်အားရလာမဲ့ အနေအထားရှိပါတယ်။ ဒါကတော့ တိုးတက်လာတဲ့ နည်းပညာကိုပြောတာပါ။ အကယ်၍ ဓာတ်အားပေးစက်ရုံကြီးတွေတည်မယ်ဆိုရင်တော့ ပြည်နယ်နဲ့ တိုင်းတစ်ခုလောက်သာမကဘဲ မဟာဓာတ်အားလိုင်းမှာပါထည့်ပြီးတော့ ကျွန်တော်တို့ ပိုပြီးတော့မှ လျှပ်စစ်ဓာတ်အား အခြေခံအဆောက်အအုံမြင့်တက်လာမဲ့ အနေအထားရှိတယ်ပေါ့။ ဒါတွေက ရေရှည်လုပ်ရမှာတွေဖြစ်လို့ ရေတိုမှာတော့ လုပ်ဆောင်နိုင်ဖိုတော့ ခက်ပါတယ်။ ဒါပေမဲ့ ဒီလိုမျိုးအချိန်မှာ Infrastructure တွေ လုပ်ထားမှသာ အနာဂတ်မှာ အခြေခံအဆောက်အအုံတွေပြည့်စုံမယ်လို့ကျွန်တော်ကတော့ အကောင်းဘက်ကို ပိုသုံးသပ်ပါတယ်။

မေး။ ။ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ ထောက်ပံ့မှုတွေနဲ့ လည်ပတ်နေတဲ့ NUG နဲ့ သူ့လူတွေက ရုရှားသမ္မတနဲ့ SAC ဥက္ကဋ္ဌ တွေ့ဆုံမှုအပေါ် မနှစ်သက်တာ၊ မထောက်ခံတာ စတဲ့ အပြုအမူတွေ တော်တော်လုပ်ကြတယ်ပေါ့။ အဲဒီတော့ အမေရိကန်ရဲ့ ထောက်ပံ့မှုတွေကြောင့် NUG- PDF တွေရဲ့ တိုက်စစ်ဆင်မှုက ပိုမြင့်လာနိုင်သလား။ နောက်တစ်ခုက SAC ဥက္ကဋ္ဌတာဝန်ယူထားတဲ့ နောက်ဆုံးခြောက်လနဲ့လည်း တိုက်ဆိုင်နေချိန်ဆိုတော့ ဒီတွေ့ဆုံမှုက တိုက်ခိုက်မှုအရှိန်တစ်ခုခုကို မြှင့်သွားနိုင်လား၊ ထိန်းနိုင်ချေရှိလား အမြင်လေးပြောပေးပါ။

ဖြေ။ ။ ကျွန်တော်တို့က ကိုယ့်နိုင်ငံကိုယ်ကြည့်ပြောရမယ်ဆိုရင်တော့ SAC ဥက္ကဋ္ဌနဲ့ ရုရှားသမ္မတတွေ့ဆုံဆွေးနွေးမှုက နိုင်ငံအတွက် ကောင်းမွန်တဲ့ အခြေအနေဖြစ်တယ်။ ကောင်းမွန်တဲ့ တိုးတက်မှုလို့မြင်တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ မဟာဗျုဟာကျတဲ့အနေအထားနဲ့ မြန်မာနိုင်ငံတိုးတက်မှာမလိုလားတဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေကျတော့လည်း အဖျက်အမှောင့်တွေ ပိုလုပ်လာတာမျိုး ပိုထောက်ပံ့လာတာမျိုးတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့လည်း ဒီနိုင်ငံတွေက ဘယ်တော့မှ သူတို့လုပ်တယ်လို့ ဝန်ခံမှာမဟုတ်ဘူး။ သူတို့ကိုယ်တိုင်လုပ်မှာမဟုတ်ဘူး။ သူတို့ရဲ့ ထောက်လှမ်းရေးအဖွဲ့အစည်းတွေကနေ တစ်ဆင့် အဖျက်အမှောင့်လုပ်နေတဲ့ ပြိုင်ဖက်အဖွဲ့အစည်းတွေကို ပေးကောင်းပေးနိုင်တယ်။ ဒါပေမဲ့ သူတို့ပေးနေတဲ့ PDF လို အဖွဲ့အစည်းမျိုးသည် တော်လှန်နေတဲ့ ပုံစံမျိုး မဟုတ်တော့ဘဲ အကြမ်းဖက်အဖွဲ့အစည်းပုံစံမျိုး ကမ္ဘာကမြင်လာတဲ့အနေအထားကို ကျွန်တော်တို့ မြင်ရမှာဖြစ်ပါတယ်။ တချို့ Report တွေလည်း PDF တွေက အပြစ်မဲ့ပြည်သူကို သတ်ဖြတ်နေတာတို့ ဗုံးခွဲနေတာတို့ တွေ့နေရပါတယ်။ ဥပမာအားဖြင့် ဘာသာရေးခေါင်းဆောင်တွေကို လည်လှီးသတ်ဖြတ်တာမျိုး လုပ်နေတဲ့အခါကျတော့ သူတို့အနေနဲ့လည်း ပေါ်ပေါ်ထင်ထင် ဆက်ဆံရဲမှာမဟုတ်ဘူးပေါ့။ ဒါပေမဲ့ နောက်ကွယ်ကနေ ထောက်ပံ့တာမျိုးတော့ လုပ်နေကောင်းလုပ်နေမယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။ ဒါကလည်း တဖြည်းဖြည်းတော့ ဒီဟာတွေ လွင့်ပျောက်သွားမယ်လို့ မြင်ပါတယ်။

မေး။ ။ SAC ဥက္ကဋ္ဌရဲ့ ဒီခရီးစဥ်နဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောချင်တာလေးတွေရှိရင် ပြောပေးပါ ခင်ဗျ။

ဖြေ။ ။ ကျွန်တော်မြင်တာကတော့ ဒီနှစ်နှစ်သုံးနှစ်အတွင်းမှာ ရုရှား-မြန်မာဆက်ဆံရေးက အရင်ကထက်ပို အများကြီး တိုးတက်လာတယ်ဆိုတာ မြင်ရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ရုရှားကာကွယ်ရေးဝန်ကြီး ၂ ကြိမ်လာခဲ့တာရှိတယ်။ တပ်မတော်နေ့တိုင်းကိုလည်း ရုရှားကာကွယ်ရေးဒုတိယဝန်ကြီးက နှစ်စဉ်လာတက်နေတာ တွေ့ရတယ်။ နောက်တစ်ခု ထူးခြားတာက ရုရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံလာသွားတာပေါ့။ အခုနောက်ဆုံးအခြေအနေကျတော့ SAC ဥက္ကဋ္ဌနဲ့ ရုရှားသမ္မတတွေ့တာပေါ့။ ဒါသည် အရှေ့တောင်အာရှဒေသ၊ ဒီဒေသကကျော်ရင် အင်ဒို-ပစိဖိတ်ဒေသမှာ မြန်မာနိုင်ငံသည် ရုရှားရဲ့ ယုံကြည်စိတ်ချရတဲ့ မဟာမိတ်အဖြစ် ဆက်သွားနေမယ်လို့ ကျွန်တော်ကတော့ မြင်တယ်။ လာမဲ့နှစ်ပိုင်းတွေမှာလည်း နှစ်နိုင်ငံကူးလူးဆက်ဆံရေးက ပိုများလာမယ်လို့ မြင်တယ်။ ကာကွယ်ရေးကဏ္ဍတင်မက ကဏ္ဍစုံမှာပါ ပိုတိုးတက်လာမဲ့ အနေအထားရှိတယ်။ ဥပမာအားဖြင့် Think-Tank လိုကဏ္ဍမျိုးပါ ပိုထိတွေ့လာနိုင်တာမျိုးရှိတယ်။ ကျွန်တော်တို့ကိုယ်တိုင် သွားရောက်ပြီးတော့ ထိတွေ့ဆွေးနွေးတာမျိုး အပြန်အလှန်သွားရောက်လေ့လာတာမျိုး ဖိတ်ခေါ်မှုတွေလည်း ကျွန်တော်တို့ ရရှိထားပြီး ဖြစ်တယ်ပေါ့။ အပြန်အလှန် သွားရောက်လည်ပတ်မှုတွေ ပိုများလာမယ်။ အစိုးရချင်းတင်မကဘဲ ပညာရှင် Think-Tank ခြင်း၊ ဒါ့အပြင် ပြည်သူအချင်းချင်းကူးလူးဆက်ဆံမှုတွေ တိုးချဲ့လာနိုင်တဲ့ အနေအထားမျိုးရှိတယ်။ ဘာလို့လည်းဆိုတော့ ရုရှားမှာ လာရောက်လည်ပတ်လေ့လာစရာ အထင်ကရနေရာအများကြီးရှိသလို မြန်မာနိုင်ငံမှာလည်း ရုရှားလူမျိုးတွေ စိတ်ဝင်စားနိုင်တဲ့ ဒေသတွေ အများကြီးရှိတယ်။ အဲဒီတော့ ခရီးသွားကဏ္ဍမှာတော့ တဖြည်းဖြည်းနဲ့ တိုက်ရိုက်လေကြောင်းပြေးဆွဲလာနိုင်တဲ့အထိ တိုးမြှင့်လာနိုင်တယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။

MT News ရဲ့ မေးမြန်းမှုကို အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် ခင်ဗျ။

Leave a Reply

Your email address will not be published. Required fields are marked *

Related News