MT News

Written by Tha Doe

မြောက်ဦးယဥ်ကျေးမှုအမွေအနှစ်ဒေသအတွင်း သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည့် အဆောက်အအုံများ ပြန်လည်ပြင်ဆင်ခြင်းနှင့် ဖျက်သိမ်းခြင်းများပြုလုပ်ရန် ရခိုင်ပြည်နယ် ယဥ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီက အမိန့်ထုတ်ပြန်ထားသည်။

အဆိုပါ အမိန့်ကြော်ငြာစာအရ ယဥ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေမပြဋ္ဌာန်းမီက မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ဆောက်လုပ်ထားသော အဆောက်အအုံနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများသည် ရှေးဟောင်းအဆောက်အအုံနှင့် မလွတ်ကင်းခြင်း၊ မြေအောက် ရှေးဟောင်းအမွေအနှစ်နှင့်ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေခြင်းယဉ်ကျေးမှုအမွေအနှစ်အခင်းအကျင်းကို ထိခိုက်ပျက်စီးခြင်းများကို ဖြစ်ပေါ်စေပါက ယင်းသို့ ဆောက်လုပ်သူနှင့် ဆောင်ရွက်သူများသည် ဆောက်လုပ်ထားသောအဆောက်အအုံ သို့မဟုတ် ဖွံ့ဖြိုးရေးလုပ်ငန်းကို ယဉ်ကျေးမှုအမွေအနှစ် ထိခိုက်နိုင်မှု ဆန်းစစ်ချက် (HIA) ဆောင်ရွက်ပြီး ထိုဆန်းစစ်ချက်ပါ လိုက်နာရမည့်သတ်မှတ်ချက်များ အတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် ပြင်ဆင်ရမည်ဆိုပါက ကျပ်သိန်း ၁၀၀၀ အောက် တန်ဖိုးရှိသည့် အဆောက်အအုံဖြစ်ပါက နှစ်လအတွင်း၊ ကျပ်သိန်း ၁၀၀၀ မှ ကျပ်သိန်း ၅၀၀၀ အောက် တန်ဖိုးရှိသည့် အဆောက်အအုံဖြစ်ပါက ခြောက်လအတွင်း၊ ကျပ်သိန်း ၅၀၀၀ မှ ကျပ်သိန်း ၁၀၀၀၀ အောက် တန်ဖိုးရှိသည့် အဆောက်အအုံဖြစ်ပါက ၁၂ လ အတွင်း၊ကျပ်သိန်း ၁၀၀၀၀ မှ ကျပ်သိန်း ၅၀၀၀၀ အောက် တန်ဖိုးရှိသည့် အဆောက်အအုံဖြစ်ပါက ၁၅ လ အတွင်း၊ ကျပ်သိန်း ၅၀၀၀၀ နှင့်အထက် တန်ဖိုးရှိသည့် အဆောက်အအုံဖြစ်ပါက ၁၈ လအတွင်း ပြင်ဆင်ရမည်ဟု သတ်မှတ်ပေးထားသည်။

ထို့ပြင် ဆောက်လုပ်ထားသောအဆောက်အအုံ သို့မဟုတ် ဖွံ့ဖြိုးရေးလုပ်ငန်းသည် ရှေးဟောင်းအဆောက်အအုံကိုလည်းကောင်း၊ မြေအောက်ရှေးဟောင်းအမွေအနှစ်ကိုလည်းကောင်း၊ ပတ်ဝန်းကျင်ကိုလည်းကောင်း၊ ယဉ်ကျေးမှုအမွေအနှစ်အခင်းအကျင်းကိုလည်းကောင်း ထိခိုက်ပျက်စီးစေပါက ကျပ်သိန်း ၁၀၀၀ အောက် တန်ဖိုးရှိသည့်အဆောက်အအုံဖြစ်ပါက သုံးလအတွင်း၊ ကျပ်သိန်း ၁၀၀၀ မှ ကျပ်သိန်း ၅၀၀၀ အောက် တန်ဖိုးရှိသည့်အဆောက်အအုံဖြစ်ပါက ကိုးလအတွင်း၊ ကျပ်သိန်း ၅၀၀၀ မှ ကျပ်သိန်း ၁၀၀၀၀ အောက် တန်ဖိုးရှိသည့်အဆောက်အအုံဖြစ်ပါက ၁၂ လ အတွင်း၊ ကျပ်သိန်း ၁၀၀၀၀ မှ ကျပ်သိန်း ၅၀၀၀၀ အောက် တန်ဖိုးရှိသည့် အဆောက်အအုံဖြစ်ပါက ၁၈ လအတွင်း၊ ကျပ်သိန်း ၅၀၀၀၀ နှင့်အထက် တန်ဖိုးရှိသည့် အဆောက်အအုံဖြစ်ပါက ၂၄ လအတွင်း ဖျက်သိမ်းရန် ညွှန်ကြားထားသည်။

သို့သော် ဆောက်လုပ်ထားသောအဆောက်အအုံ သို့မဟုတ် ဖွံ့ဖြိုးရေးလုပ်ငန်းသည် ရှေးဟောင်းအဆောက်အအုံကိုလည်းကောင်း၊ မြေအောက်ရှေးဟောင်းအမွေအနှစ်ကိုလည်းကောင်း၊ ဝန်းကျင်ကိုလည်းကောင်း၊ ယဉ်ကျေးမှုအမွေအနှစ်အခင်းအကျင်းကိုလည်းကောင်း တိုး၍ထိ ဖြစ်ပေါ်စေပါက (၁၀) နှစ် အထိ ကာလတစ်ခုခုကို သတ်မှတ်ပေး၍ ဖျက်သိမ်းစေရမည်ဟု ညွှန်ကြားထားပြီး အထက်ပါ ညွှန်ကြားချက်များကို လိုက်နာရန်ပျက်ကွက်ပါက ယဥ်ကျေးမှုအမွေအနှစ်ဒေသများကာကွယ်ထိန်းသိမ်းရေး ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News