MT News

Written by Tha Doe

သစ်မှောင်ခိုတင်သွင်းမှု၊ လိုင်စင်မဲ့ယာဥ်တင်သွင်းမှုနှင့် လူသုံးကုန်များတင်သွင်းမှုအပါအဝင် တရားမဝင်မှောင်ခိုတင်သွင်းမှုများ လေးရက်အတွင်း ကျပ်သိန်း ၁၅၀၀ ကျော်ဖိုး ဖမ်းဆီးရမိခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုများမှာ စက်တင်ဘာ ၁၂ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်လမြိုင်မြို့မှ ကျောက်ပန်းတောင်းမြို့သို သွားရောက်မည့် မော်တော်ယာဉ်တစ်စီးပေါ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၂၈၅,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်‌ဆောင်လာသည့် Mitsubishi Fuso အမျိုးအစား (၁၂) ဘီး ကုန်တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀) ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းအရ လည်းကောင်း၊ စက်တင်ဘာ ၁၅ ရက်တွင် ပဲခူးခရိုင်၊ တောင်ငူခရိုင်နှင့် သာယာဝတီခရိုင်များအတွင်း တရားမဝင်သစ်မျိုးစုံ ၁၃ ဒသမ ၉၉၂၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၁၅၂,၀၈၄) ကို သစ်တောဥပဒေအရလည်းကောင်း၊ နတ္တလင်းမြို့နယ် ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် (၁၃၈/၃) နှင့် (၁၃၈/၄) အကြား၌ လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇,၄၃၇,၀၈၄ ကို ဖမ်းဆီးအရေးယူခဲ့သည်။

၎င်းအပြင် ဟင်္သာတမြို့နယ်အတွင်း တရားမဝင်ကျွန်းတံခါးချပ် ၇ ဒသမ ၉၆၃၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၂၅၄,၇၈၈) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ထားသည်။ ထို့အတူ စက်တင်ဘာ ၁၃ ရက်တွင် သတင်းအရ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဇရပ်ကွင်းကျေးရွာ အမှတ် (၂) လမ်းဆုံအနီး၌ မော်တော်ယာဉ်တစ်စီးပေါ်တွင် သွင်းကုန်ကြေညာလွှာ (ID) ၌ ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသော လူသုံးကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၄၇၈,၃၆၆) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Profia အမျိုးအစား ၁၂ ဘီး ကုန်တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၀,၄၇၈,၃၆၆ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်ထားသည်။

ယင်းအပြင် စက်တင်ဘာ ၁၄ ရက်တွင် သံတွဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်တို့အတွင်း တရားမဝင်သစ်မျိုးစုံ ၂ ဒသမ ၈၅၉၀ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂၈,၇၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ‌ ဆောင်ရွက်နေသည်။ အလားတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဟုမ္မလင်းမြို့နယ်အတွင်း Yamaha FZ အမျိုးအစား လိုင်စင်မဲ့ဆိုင်ကယ်တစ်စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀,၀၀၀ ကိုလည်းကောင်း၊ ရွှေဘိုမြို့နယ်အတွင်း Kenbo 125 အမျိုးအစားလိုင်စင်မဲ့ ဆိုင်ကယ်တစ်စီးခန့်မှန်း တန်ဖိုးငွေကျပ် ၁၅၀,၀၀၀ ကို လည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူ‌ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မကွေးခရိုင် နတ်မောက်မြို့နယ်အတွင်း တရားမဝင် မီးသွေး ၃၇ ဒသမ ၃၀၆၀တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀,၀၀၀) နှင့် အဆိုပါ မီးသွေးအိတ်များ တင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၀၀၀,၀၀၀) စုစု‌ပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၃၅၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

၎င်းအပြင် စက်တင်ဘာ ၁၅ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကုန်တင်ယာဉ်တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်းမရှိသည့် အဝတ်အထည်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၆၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ၍ စက်တင်ဘာ ၁၂ရက်၊ ၁၃ ရက်၊ ၁၄ ရက်နှင့် ၁၅ ရက်နေ့တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၈) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၁,၃၅၈,၉၃၈) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News