MT News

Written by Nay Moe

ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာ ပစ္ဆိမာရုံဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးတေဇောဘာသအား PDF များက သေနတ်ဖြင့် ရကပစ်ခတ်သတ်ဖြတ်၍ ဘုန်းကြီးကျောင်းပိုင် မော်တော်ယာဉ်တစ်စီးအား လုယက်ယူဆောင်သွားကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က စက်တင်ဘာ ၁၅ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဥ်မှာ စက်တင်ဘာ ၁၄ ရက် နံနက် ၁၁ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာရှိ ပစ္ဆိမာရုံဘုန်းကြီးကျောင်းဝင်းအတွင်းသို့ PDF ၂၀ ခန့်က အနက်ရောင်မှန်လုံမော်တော်ယာဉ်တစ်စီး၊ ဆိုင်ကယ် ၃ စီး တို့ဖြင့် ဝင်ရောက်လာပြီး ဆွမ်းစားဆောင်ပေါ်၌ နေ့ဆွမ်းပြင်ဆင်နေသည့် ကိုရင်ကြီးတစ်ပါးနှင့် ကိုရင် ၂ ပါးတို့အား ဆွမ်းဝိုင်းဘေး၌ ထိုင်ခိုင်းထားခဲ့သည်။ ထို့နောက် PDF အချို့က ရေချိုးနေသည့် ကျောင်းထိုင်ဆရာတော် ဦးတေဇောဘာသ (၄၈)နှစ် ၂၈ ဝါ (ခမည်းတော်) ဦးဘညိမ်းအား ဆွမ်းစား ဆောင်ပေါ်သို့ ဖမ်းဆီးခေါ်ဆောင်လာပြီး ဆရာတော်အား ခြိမ်းခြောက်အကျပ်ကိုင်၍ လူဝတ်လဲခိုင်းခဲ့ရာ ဆရာတော်မှ လူဝတ်မလဲလိုကြောင်း ပြန်လည်ပြောဆိုစဉ် အကြမ်းဖက်သမားများက ဆရာတော်အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ ကျောင်းဝင်းအတွင်း ရပ်တန့်ထားရှိသည့် ဘုန်းကြီးကျောင်းပိုင် ၅ဃ/၁၁၂၅ နံပါတ်တပ်ဆင်ထားသည့် Hilux ခဲရောင်မော်တော်ယာဉ်တစ်စီး အား လုယက်ယူဆောင်၍ ကန်တော်လေး-ဘုန်းကံကျေးရွာလမ်းအတိုင်း မြိုင်မြို့နယ်ဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။

ထိုသို့ PDF များ၏ သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုကြောင့် ဆရာတော် ဦးတေဇောဘာသတွင် ဦးခေါင်းနောက်စေ့ပွင့်ထွက်ဒဏ်ရာတစ်ချက်၊ ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာတစ်ချက်နှင့် ရင်ဘက် ပေါက်ပြဲဒဏ်ရာ ၂ ချက်တို့ဖြင့် ဆွမ်းစားဆောင်ပေါ်၌ ပျံလွန်တော်မူခဲ့သည်။

အကြမ်းဖက်သမားများ၏ အကြောင်းမဲ့ အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် နိုင်ငံတော်အတွင်း သံဃာတော် ၅၄ ပါးနှင့် သီလရှင်ဆရာကြီး ၁ ပါးတို့ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပြီး ဖြစ်သည်။ အထက်ပါဖြစ်စဉ်မှ သံဃာတော်အား သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News