◾ ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် အနိုင်ရရှိခဲ့တဲ့ တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း ဇောတိက ဦးခင်လှိုင်နဲ့ တွေ့ဆုံခြင်း
၁၃.၁.၂၀၂၆
Interview by Nay Yaung Lin
ကြည်မြင်တိုင်မြို့နယ်က တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဇောတိက ဦးခင်လှိုင်ဟာ ဇန်နဝါရီ ၁၁ ရက်မှာ ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း(၂) မှာ အနီးဆုံးပြိုင်ဘက် ပြည်ခိုင်ဖြိုးပါတီရဲ့ ကိုယ်စားလှယ်လောင်းကို ဆန္ဒမဲတစ်သောင်းကျော် အသာစီးရရှိပြီး အနိုင်ရရှိခဲ့ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်မှု ထွက်ပေါ်မလာသေးပေမဲ့ ကနဦးလွှတ်တော်ကိုယ်စားလှယ်လောင်းတွေ မဲရလဒ်တွေကို သိရှိကြောင်း လက်မှတ်ရေးထိုးရာမှာတော့ ဦးခင်လှိုင်ရဲ့ မဲရလဒ်က အများဆုံးတည်ရှိနေတာဖြစ်ပါတယ်။ ၂၀၁၀ ကစလို့ ၂၀၂၅ ခုနှစ်အထိ ၁၅ နှစ်တာ ကာလအတွင်း အထွေထွေရွေးကောက်ပွဲ လေးကြိမ်ကျင်းပခဲ့ရာမှာ ဦးခင်လှိုင်က တောက်လျှောက်ဝင်ပြိုင်ခဲ့တာဖြစ်ပြီး ယခု ၂၀၂၅ ရွေးကောက်ပွဲမှာတော့ အနိုင်ရလဒ်ကို ယူဆောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကြားကာလတွေမှာ စည်ပင်ရွေးကောက်ပွဲ နှစ်ကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တစ်ကြိမ် အနိုင်ရရှိကာ ကြည့်မြင်တိုင်သားတွေနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွက် အောင်မြင်တဲ့လုပ်ဆောင်ချက်တွေ လုပ်ဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။ ဒီလို ရွေးကောက်ပွဲ အနိုင်ရလဒ်ရရှိခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်သူက ရွေးကောက်ခံရတဲ့ ဇောတိက ဦးခင်လှိုင်နဲ့ ဆက်သွယ်မေးမြန်းထားတာတွေကို ကောက်နုတ် ဖော်ပြလိုက်ပါတယ်။
MT News ◾ ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း(၂)မှာ အန်ကယ်က USDP ပြီးတာနဲ့ ရန်ကုန်မှာ ပထမဆုံးနိုင်တဲ့ အခြားလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ယောက်အနေနဲ့ ဘယ်လိုခံစားရပါသလဲ။
ဦးခင်လှိုင် ◾ ပထမဆုံးပြောချင်တာက ကျွန်တော့်အကြောင်းကို ပြောချင်တယ်။ ခံစားမှုကို ပြောဖို့ဆိုရင် ကျွန်တော့်အကြောင်းကို အရင်ပြောမှ ရမယ်။ ကျွန်တော်က ရွေးကောက်ပွဲကို ၂၀၁၀ ကစပြီးတော့ တစ်သီးပုဂ္ဂလအနေနဲ့ စပြီးဝင်ပြိုင်ခဲ့တာ။ ရွေးကောက်ပွဲအကြိမ်ပေါင်း (၈) ကြိမ်ရှိသွားပြီ။ စည်ပင်ရွေးကောက်ပွဲက (၂)ကြိမ်၊ အထွေထွေရွေးကောက်ပွဲနဲ့ ကြားဖြတ်ရွေးကောက်ပွဲက (၆)ကြိမ်ဆိုတော့ စုစုပေါင်း (၈) ကြိမ်ဖြစ်သွားပြီ။ အစပြုကတည်းက ကျွန်တော်တစ်သီးပုဂ္ဂလအနေနဲ့ ယှဉ်ပြိုင်လာခဲ့တာဖြစ်တယ်။ ကျွန်တော်တို့က ပြည်ခိုင်ဖြိုးအစိုးရလက်ထက်မှာလည်း ပြိုင်ဖူးတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လက်ထက်မှာလည်း ပြိုင်ဖူးတယ်။ ပြိုင်ဖူးခဲ့တာဖြစ်တဲ့အတွက် ခက်ခက်ခဲခဲတွေ၊ ကိုယ့်အနေအထားနဲ့ တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်တဲ့အတွက်၊ ကိုယ်က ရည်ရွယ်ချက်ရှိရှိနဲ့ ကြိုးစားပြီးလုပ်လာခဲ့တာဖြစ်တဲ့အတွက် ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲတိုင်းမှာ အရေလည်းထူထူလာတယ်။ အတွေ့အကြုံတွေလည်း မြောက်များစွာရလာခဲ့တာဖြစ်တဲ့အတွက် နိုင်လည်းနိုင်၊ ရှုံးလည်းရှုံး။ ဆိုတော့ ရှုံးတာလည်း မတုန်လှုပ်သလို၊ အခုလိုနိုင်တာလည်း ကျွန်တော် ဘယ်လိုမှ မခံစားရပါဘူး။ ကျွန်တော့်အတွက်က ဒါတွေက သိပ်မထူးဆန်းတော့ပါဘူး။
MT News ◾ ယခင်ကတော့ စည်ပင်ဝန်ကြီးနေရာကနေ ဝင်အရွေးခံတယ်ပေါ့နော်။ ဒီတစ်ခေါက်မှာတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဘာဖြစ်လို့ ဝင်ရောက်ရွေးချယ်ခံရတာလဲဆိုတာ သိပါရစေ။
ဦးခင်လှိုင် ◾ ပြည်သူ့လွှတ်တော်ကို ဝင်ရောက်ယှဉ်ပြိုင်တာက ကျွန်တော်က ပြည်ထောင်စုအဆင့်ပဲ သွားဖို့ပဲရှိတော့တယ်လေ။ တိုင်းဒေသကြီးအဆင့်မှာ စည်ပင်မှာ ကျွန်တော်ဝင်ရောက်လုပ်ခဲ့ပြီ ဖြစ်တဲ့အတွက် စည်ပင်သာယာလုပ်ငန်းတွေနဲ့ ပတ်သက်ရင် ကျွမ်းကျွန်းကျင်ကျင်ရှိတာ အားလုံးသိတဲ့အတိုင်းပါပဲ။ အထူးပြောစရာတော့ မလိုပါဘူ။ စည်ပင်ကိုဝင်လိုက်တာနဲ့ တိုင်းဒေသကြီးအဆင့်က အလိုလိုနေရင်း သိပြီးသားဖြစ်ပါတယ်။ ဒီထက် တစ်ဆင့်မြှင့်တဲ့ ပြည်ထောင်စုအဆင့်ရှိတဲ့ ပြည်သူ့လွှတ်တော်ကို သွားရမယ်ဆိုတာ ကျွန်တော်တို့ နိုင်ငံရေးသမားတိုင်း သိကြပါတယ်။ ဘယ်အဆင့်ပြီးရင် ဘယ်အဆင့်သွားရမလဲဆိုတာ သိကြပါတယ်။ အဲဒါကြောင့် ပြည်သူ့လွှတ်တော်ကို ရွေးတာဖြစ်ပါတယ်။
MT News ◾ အန်ကယ်အနေနဲ့ ပြည်ထောင်စုအဆင့် ပြည်သူ့လွှတ်တော်မှာ ဝင်ရောက်ယှဉ်ပြိုင်လိုက်တာက အရင်ကလို ကိုယ့်ဒေသနဲ့ ရန်ကုန်တိုင်းအတွက် လုပ်ပေးနိုင်တာတွေက အနည်းငယ်လျော့သွားတာမျိုး ဖြစ်နိုင်မလား ခင်ဗျ။
ဦးခင်လှိုင် ◾ မဖြစ်နိုင်ဘူး။ ပိုအားကောင်းသွားတာပါ။ ဘာကြောင့်လဲဆိုရင် သာမန်လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အတွက်က ဆိုရင် ဟုတ်ချင်ဟုတ်မှာပါ။ ကျွန်တော်က စည်ပင်ကော်မတီဝင် လူကြီးဖြစ်ထဲက လုပ်ငန်းစုံ၊ အလုပ်စုံ၊ အမျိုးစုံလုပ်နိုင်ခဲ့တယ်လေ။ လုပ်နိုင်ခဲ့တာဖြစ်တဲ့အတွက် ရန်ကုန်စည်ပင်နဲ့ ပတ်သက်တဲ့၊ ဌာနနဲ့ ပတ်သက်တဲ့ အသေးကိစ္စက အစကျွန်တော်နားလည်တယ်။ အဲဒါကို ပြောချင်တာ။ ရန်ကုန်အကြောင်းကလည်း စည်ပင်ကိုကိုယ်တွယ်တတ်မှသာလျှင်ပဲ ရန်ကုန်အကြောင်းကို နားလည်မယ်။ အဲဒါတွေအကုန် ကျွန်တော်က ကျွမ်းကျင်ပြီးတာဖြစ်တဲ့အတွက် ပြည်သူ့လွှတ်တော်ရောက်တဲ့အခါကြတော့ အချို့သောအရာတွေသည် ကျွန်တော်တို့ပြည်ထောင်စု အဆင့်မှာလုပ်လို့ရတဲ့ ဟာတွေရှိပါတယ်။ အခု ကျွန်တော်ပြည်ထောင်စုအဆင့်ကို တက်လှမ်းသွားမယ်ဆိုရင် တိုင်းဒေသကြီးအဆင့်၊ ကျွန်တော့်ကြည်မြင်တိုင်တင်မကဘူး။ ရန်ကုန်တိုင်းတစ်ခုလုံးကို ပြည်သူတွေအတွက် ကောင်းကောင်းလုပ်ပေးနိုင်မယ်လို့ ကျွန်တော်ထင်တာမဟုတ်ဘူ။။ လုပ်ကို လုပ်ပေးနိုင်ပါတယ်လို့ ပြောချင်ပါတယ်။
MT News ◾ အခုကျင်းပတဲ့ ၂၀၂၅ ရွေးကောက်ပွဲမှာ အနိုင်ရရှိအောင်လို့ ဘယ်လိုမျိုးအားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ရပါသလဲ ခင်ဗျ။
ဦးခင်လှိုင် ◾ ကြိုးစားမှုဆိုတာ ကျွန်တော် နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ မပြောခင်မှာ ကျွန်တော်တို့က သာမန်ပြည်သူတစ်ဦး တစ်ယောက်ပါပဲ။ သာမန်ပြည်သူတစ်ဦးတစ်ယောက်ကနေ ကိုယ့်ရဲ့ဘ၀ ကိုယ့်ရဲ့ Life ကို၊ ကိုယ့်ရဲ့မိသားစုကို ကောင်းကောင်းထိန်းနိုင်ပြီ၊ သိမ်းနိုင်ပြီ။ ကိုယ့်မိသားစုတာဝန်ကျေပွန်သွား တဲ့အခါကြတော့ နိုင်ငံ့တာဝန်တစ်ခုဆိုတာ လုပ်ချင်စိတ်က တဖွားဖွားပေါ်လာခဲ့ပါတယ်။ အဲဒီလိုပေါ်လာခဲ့တာ ဖြစ်တဲ့အတွက် ကျွန်တော်တို့က စဝင်ကတည်းက ကိုယ်နားလည်တဲ့ တစ်သီးပုဂ္ဂလပဲရှိတယ်။ တစ်သီးပုဂ္ဂလနဲ့ပဲ ဖြတ်သန်းလာခဲ့တာ။ အကြိမ်ပေါင်းမြောက်များစွာနဲ့ပါ။ ရှုံးမှန်းသိရက်နဲ့လည်း ဝင်ပြိုင်တာပဲ။ အဲဒီလိုပြိုင်ခဲ့တာဖြစ်တဲ့အတွက် အဲဒီဇွဲလုံ့လလည်း ပါသလို နောက်တစ်ခုကြတော့ ကိုယ်ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံမဲ့ အခုရှိတဲ့ ကြည့်မြင်တိုင်မှာနိုင်တယ်ဆိုတာလည်း ဒီမှာ ငါးကြိမ်တောင်မှ ရှိသွားပါပြီ။ ကိုယ်ကိုယ်တိုင်ကလည်း ကြည့်မြင်တိုင်သားဖြစ်တယ်။ ကြည့်မြင်တိုင်သားတွေအတွက် လုပ်ပေးတာ အားလုံးသိကြတဲ့အတိုင်းပဲလေ။ ဒီနေ့ဒီအချိန် ရောက်လာတဲ့အခါကြတော့ ဒီလိုအခြေအနေမျိုးကြတော့ တစ်နိုင်ငံလုံးအနေအထားကို မကြည့်ဘဲနဲ့ ကျွန်တော့်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “ကြည့်မြင်တိုင်သားတို့ရဲ့ အကျိုးစီးပွားသည် ပထမ” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း သူတို့ကလည်း လက်ခံတယ်။ ကျွန်တော့်ကိုလည်း ယုံကြည်လို့ မဲပေးတာဖြစ်တဲ့အတွက် နိုင်သွားတာပါ။ ပြည်သူက သဘောကျရင်၊ ပြည်သူက လက်ခံရင် မဲမထည့်ပေးစရာ အကြောင်းမရှိဘူး။ ကျွန်တော့်ကိုပဲ ကြည့်လိုက်ပါ။
MT News ◾ မဲရလဒ်လေးတွေ သိပါရစေ။
ဦးခင်လှိုင် ◾ မဲရလဒ်နဲ့ ပတ်သက်ရင် အတည်ပြုတာပဲပြောချင်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့စာရင်းကိုတော့ ကျွန်တော်တို့ စောင့်ရမဲ့ တာဝန်ရှိပါတယ်။ ပြီးတော့ Legal ဆန်တယ်လို့ ပြောချင်ပါတယ်။ အခုက မဲစာရင်းရလဒ်ကို သိတယ်လို့ပဲ သဘောထားပြီး ကျွန်တော်ဖြေပါ့မယ်။ ရွေးကောက်ပွဲကို ဝင်ယှဉ်ပြိုင်ပြီး ၁၁ ရက်နေ့မှာ ညနေ ၆ နာရီထဲက ကျွန်တော်တို့နိုင်ကြောင်းကို ကျွန်တော်တို့မဲရုံကိုယ်စားလှယ်တွေက သိပြီးသားဖြစ်ပါတယ်။ ပိုပြီးတော့ လုပ်ထုံးလုပ်နည်းအရ ည ၉ နာရီကစပြီး ကြည့်မြင်တိုင်မြို့နယ်ကော်မရှင်ရဲ့ ကြီးကြပ်မှုနဲ့ မဲတွေရေတွက်တာတွေ၊ မဲစာရင်းကြီးကြပ်တာတွေ၊ သက်ဆိုင်ရာ မဲရုံအသီးသီး ၄၈ ရုံက လာတဲ့ ရလဒ်တွေကို သူတို့ကွန်ပျူတာမှာ ရိုက်တယ်။ ကွန်ပျူတာမှာ စာရင်းသွင်းပြီးတော့မှ သူတို့ရဲ့ပုံစံတွေနဲ့ ဖြည့်သွင်းကြပါတယ်။ ၂ နာရီလောက်ကြာတော့ ကျွန်တော်တို့ကို လက်မှတ်ထိုးခိုင်းပါတယ်။ လက်မှတ်ထိုးတော့ ကျွန်တော်တို့ မဲရုံအသီးသီးမှာ ကောက်ခဲ့တဲ့စာရင်းတိုင်းပဲ ထပ်တူထပ်မျှအတူတူပဲ ဖြစ်ပါတယ်။ ကော်မရှင်မှာ ကျွန်တော်လက်မှတ်ရေးထိုးလိုက်ပါတယ်။ ကျွန်တော် မဲ ၁၅၀၀၀ နီးပါးရပါတယ်။ ၁၄၆၀၀ ကျော်ကျော်ရှိပါတယ်။ ပြည်ခိုင်ဖြိုးပါတီက ၄၆၀၀ ကျော်လောက်ရပါတယ်။ ကျားဖြူပါတီက ၁၆၀၀ လောက်ရပါတယ်။ ပြည်ခိုင်ဖြိုးပါတီနဲ့ ကျွန်တော်နဲ့ကတော တစ်သောင်းလောက် အသာစီးရထားပါတယ်။ အဲဒါ မနေ့က ကျွန်တော်လက်မှတ်ထိုးပြီးခဲ့တဲ့ အခြေအနေပါ။ ကျွန်တော်တို့ကြည့်မြင်တိုင်မှာ ၂၂ ရပ်ကွက်ရှိပါတယ်။ ၂၂ ရပ်ကွက်မှာ မဲရုံပေါင်း ၄၈ ရုံရှိပါတယ်။ ကျွန်တော် ၄၇ ရုံကိုနိုင်ပါတယ်။ အပြတ်အသတ်ကို နိုင်ပါတယ်။ ဒါကတော့ ကနဦးသတင်းလို့ပဲမှတ်ယူပေးပါ “
MT News ◾ နောက်ဆုံးအနေနဲ့ အန်ကယ်အနေနဲ့ ဘာများ ဖြည့်စွက်ပြောကြားချင်ပါသလဲ။
ဦးခင်လှိုင် ◾ ကျွန်တော့်အနေနဲ့ လောလောဆယ်ကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျွန်တော့်ရဲ့ နာမည်ပေါ့။ စာရင်းကို တရားဝင်ထုတ်ပြန်ပြီးတဲ့ နောက်ပိုင်းမှသာလျှင်ပဲ ကျွန်တော်ပြောစရာရှိတာတွေကို ပြောပါ့မယ်။ အခုကတော့ ကျွန်တော့်အခြေအနေ၊ ရလဒ်ကိုပဲ ပြောပြာတာဖြစ်ပါတယ်။
MT News ◾ အခုလိုဖြေပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျ။
