၁၃.၁.၂၀၂၆
Written by Nay Yaung Lin
၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)နှင့် (၂) အပြီးတွင် ပြည်သူ့ပါတီ(PP)က လွှတ်တော်ကိုယ်စားလှယ် (၆) နေရာအထိ ကနဦးတွင် အနိုင်ရရှိထားကြောင်း ပြည်သူ့ပါတီ ဗဟိုကော်မတီဝင် ဦးရဲကျော်စွာက ဇန်နဝါရီ ၁၃ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါ လွှတ်တော်ကိုယ်စားလှယ် (၆) နေရာမှာ တနင်္သာရီတိုင်းဒေသကြီးတွင် တိုင်းဒေသကြီးလွှတ်တော်(FPTP) တစ်နေရာ၊ မွန်ပြည်နယ်တွင် ပြည်နယ်လွှတ်တော်(PR) တစ်နေရာ၊ မကွေးတိုင်းဒေသကြီးတွင် တိုင်းဒေသကြီးလွှတ်တော်(PR) သုံးနေရာနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် တိုင်းဒေသကြီးလွှတ်တော်(PR) တစ်နေရာတို့ဖြစ်ကြောင်း သိရသည်။


ပြည်သူ့ပါတီ ဗဟိုကော်မတီဝင် ဦးရဲကျော်စွာက “အခုချိန်ထိ ပြည်သူ့ပါတီကနေ တိုင်းဒေသကြီးလွှတ်တော် (FPTP)မှာဆိုရင် တနင်္သာရီတိုင်းက မြိတ်မြို့နယ်မှာ တစ်ယောက်ရှိပါတယ်။ မွန်ပြည်နယ်မှာ ပြည်နယ်လွှတ်တော်(PR) တစ်ယောက်၊ နောက်ပြီးတော့ ရန်ကုန်တိုင်းမှာ တိုင်းဒေသကြီးလွှတ်တော်(PR) တစ်ယောက်။ နောက်ပြီးတော့ မကွေးတိုင်းမှာ တိုင်းဒေသကြီးလွှတ်တော်(PR) သုံးယောက်။ စုစုပေါင်းကတော့ ခြောက်ယောက်ပါ။ ထူးခြားချက်ကတော့ တနင်္သာရီမှာ FPTP က တစ်ယောက်ပဲရှိပါသေးတယ်။ ကျန်တဲ့နေရာတွေက ရလဒ်မပြီးသေးလို့ပါ။ အပိုင်း (၃) ပြီးမှပဲ အဖြေထွက်မှာဖြစ်ပါတယ်“ ဟု ပြောကြားခဲ့သည်။
မကွေးတိုင်းဒေသကြီးတွင် ပြည်သူ့ပါတီက ရရှိထားသည့် တိုင်းဒေသကြီးလွှတ်တော်(PR) သုံးနေရာမှာ မကွေးခရိုင်၊ မင်းဘူးခရိုင်နှင့် သရက်ခရိုင်တို့မှ တစ်နေရာစီရရှိထားခြင်းဖြစ်ကြောင်း သိရသည်။
“ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်က ရွေးကောက်ပွဲ အပိုင်း(၁) နဲ့ အပိုင်း(၂) နဲ့ အပြီးမှာတင် အကုန်ပြီးသွားပြီ။ အဲဒီတော့ ကျန်ရစ်သေးတဲ့ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာ၀တီတိုင်း၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်း အဲဒါတွေက အပိုင်း(၃) အထိ မြို့နယ်တွေ ကျန်သေးတယ်။ အဲဒီတော့ အမျိုးသားလွှတ်တော်ရဲ့ FPTP နဲ့ PR ရလဒ်တွေ၊ တိုင်းဒေသကြီးလွှတ်တော်ရဲ့ FPTP နဲ့ PR ရလဒ်တွေကရော အပိုင်း (၃) ပြီးမှာပဲ အဖြေထွက်မှာဖြစ်တယ်“ ဟု ပြည်သူ့ပါတီမှ ဦးရဲကျော်စွာက ဆက်လက်ပြောကြားသည်။
၂၀၂၅ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပခဲ့ပြီး မြို့နယ်ပေါင်း ၁၀၂ မြို့နယ်တွင်လည်းကောင်း၊ အပိုင်း (၂) ကို ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပခဲ့ပြီး မြို့နယ်ပေါင်း ၁၀၀ မြို့နယ်တွင်လည်းကောင်း၊ အပိုင်း(၃)ကို ဇန်နဝါရီ ၂၅ ရက်တွင် မြို့နယ်ပေါင်း ၆၃ မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


