နေမိုး
၁၃. ၁. ၂၀၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက်အတွင်းသို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် ဘင်္ဂါလီအကြမ်းဖက်လက်နက်ကိုင် (ARSA) အဖွဲ့ဝင် ၅၃ ဦးကို ဖမ်းဆီးခဲ့ပြီးနောက် မြန်မာနယ်စပ်တစ်လျှောက် “အမြင့်ဆုံး သတိပေးချက်” (High Alert) ထုတ်ပြန်ထားကြောင်း ဒါကာအခြေစိုက် နယ်ခြားစောင့်တပ် တာဝန်ရှိသူများက တနင်္လာနေ့ (ဇန်နဝါရီလ ၁၂ ရက်) တွင် ပြောကြားခဲ့သည်။
ဘင်္ဂါလီဒုက္ခသည် တစ်သန်းကျော် ခိုလှုံရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား (Cox’s Bazar) ဒေသတွင် ရခိုင်အကြမ်းဖက် AA နှင့် ဘင်္ဂါလီအကြမ်းဖက်လက်နက်ကိုင် (ARSA) တို့အကြား ပစ်ခတ်မှုကြောင့် ပြီးခဲ့သည့် တနင်္ဂနွေနေ့က သေနတ်ဒဏ်ရာရရှိခဲ့သည့် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသေဆုံးမှု အပါအဝင် အနည်းဆုံး လူနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ဘင်္ဂါလီအကြမ်းဖက်လက်နက်ကိုင် (ARSA) အဖွဲ့ဝင် ၅၃ ဦးကို ဖမ်းဆီးလိုက်ခြင်းလည်းဖြစ်သည်။
“ကျွန်တော်တို့ အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်ထားပြီး ကျူးကျော်ဝင်ရောက်လာသူ ၅၃ ဦးကို ဖမ်းဆီးထားပြီး ဖြစ်ပါတယ်” ဟု ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) မှ ကာနယ် မိုအင်နူဒင် အာမက် (Colonel Moinuddin Ahmed) က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
ဒေသခံမျက်မြင်သက်သေများ၏ အဆိုအရ ARSA တိုက်ခိုက်ရေးသမားများသည် တနင်္ဂနွေနေ့က ဘင်္ဂလားဒေ့ရှ် ပိုင်နက်အတွင်းသို့ ဝင်ရောက်လာပြီးနောက် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
“ဖမ်းဆီးရမိသူတွေထဲက တစ်ယောက်ကို ဆေးရုံ ပို့ထားရပြီး ကျန်တဲ့သူတွေကိုတော့ ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။ ဥပဒေကြောင်းအရ လုပ်ထုံးလုပ်နည်းတွေ ဆက်လက် ဆောင်ရွက်နေပါတယ်” ဟု တက္ကနာ့ဖ်ရဲစခန်းမှ ဆိုင်ဖူလ် အစ္စလာမ်က AFP သို့ ပြောသည်။
ARSA အဖွဲ့သည် မြန်မာနိုင်ငံရှိ နိုင်ငံမဲ့ မွတ်စလင် လူနည်းစုများအပေါ် ဖိနှိပ်ညှဉ်းပန်းမှုကို တိုက်ဖျက်ရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် မြန်မာအစိုးရက အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားသလို ရခိုင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ဖြစ်သော ပြိုင်ဘက် AA နှင့်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်။
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း နယ်စပ်တစ်လျှောက်တွင် ပြင်းထန်သော တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ဘင်္ဂလားဒေ့ရှ် စစ်ဘက်တာဝန်ရှိသူများက ဆိုသည်။ သေနတ်ပစ်ခတ်မှုများ၊ လက်နက်ကြီးကျည်များ ကျရောက်မှုနှင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံဘက်ခြမ်းရှိ နယ်စပ်ကျေးရွာ တစ်ဒါဇင်ခန့် ထိခိုက်မှုများ ရှိနေပြီး ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှ မီးခိုးလုံးများကို မြင်တွေ့နေရကြောင်း ဒေသခံရွာသားများနှင့် နယ်ခြားစောင့်တပ် တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ် နယ်စပ်ကျေးရွာများတွင် ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပွားနေပြီး လူအများစုမှာ နေအိမ်ပြင်ပသို့ မထွက်ရဲကြဘဲ အပြင်ထွက်ပါကလည်း အကာအကွယ်ဦးထုပ် (Helmets) များ ဆောင်းထားကြရသည်။
“အခုက သုံးပွင့်ဆိုင် ပဋိပက္ခ ဖြစ်နေတာပါ။ မြေပြင်မှာ ARSA နဲ့ AA တို့ တိုက်နေကြပြီး စစ်တပ်ကတော့ လေကြောင်းကနေ တိုက်ခိုက်နေပါတယ်” ဟု ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ အဆင့်မြင့် တာဝန်ရှိသူတစ်ဦးက AFP သို့ ပြောကြားခဲ့သည်။
နယ်စပ်အခြေအနေနှင့် တရားမဝင် ဖြတ်ကျော်မှုများကို စောင့်ကြည့်ရန်အတွက် နယ်စပ်နှင့် နီးစပ်သည့် ကျေးရွာများတွင် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများကို ဖြန့်ကျက်ချထားကြောင်းလည်း ဘင်္ဂလားဒေ့ရှ်အစိုးရက ထုတ်ပြန်ထားသည်။
Ref : AFP Via The Star
