ပုံစာ။ ၂၀၂၃ ဩဂုတ်လက ကျင်းပခဲ့သော ရုရှား၏ Army 2023 လက်နက်ပြပွဲမြင်ကွင်း။
◾️ ရုရှား စစ်ဘက်ဆိုင်ရာပစ္စည်းများ နိုင်ငံတကာစျေးကွက်တွင် အထူးစိတ်ဝင်စားခြင်းခံနေရပြီး ပြီးခဲ့သည့်နှစ်ကုန်ပိုင်းအထိ လက်မှတ်ရေးထိုးခဲ့သော စစ်ဘက်ဆိုင်ရာ ပစ္စည်းတင်ပို့မှု စာချုပ်များ၏ စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ဘီလျံ ၇၀ အထိ ရှိခဲ့
MT News
၁၃. ၁. ၂၀၂၆
ရုရှားနိုင်ငံသည် ၂၀၂၅ ခုနှစ်အတွင်း စစ်မြေပြင်တွင် လက်တွေ့စမ်းသပ်ရန်အတွက် အဆင့်မြှင့်တင်ထားသော စစ်ဘက်ဆိုင်ရာပစ္စည်းနှင့် အမျိုးအစားသစ် ၁,၀၀၀ ကျော်ကို ဖြန့်ကျက်ချထားခဲ့ကြောင်း ရုရှားဒုတိယဝန်ကြီးချုပ် ဒန်းနစ် မန်တူရော့ဗ် (Denis Manturov) က သမ္မတ ဗလာဒီမာ ပူတင်အား တနင်္လာနေ့တွင် တင်ပြခဲ့သည်။
မန်တူရော့ဗ်က ရုရှားနိုင်ငံအနေဖြင့် မကြာမီကာလအတွင်း လေကြောင်းကာကွယ်ရေးစနစ်များ၊ တိုက်လေယာဉ်များနှင့် အချက်ပေါင်းများစွာပစ် ဒုံးပစ်လောင်ချာစနစ် (Multiple rocket launcher systems) များကို အဓိကထား၍ ပိုမိုကျယ်ပြန့်သော စစ်လက်နက်ပစ္စည်း အမျိုးအစားများကို ပြသရန် စီစဉ်ထားကြောင်းလည်း ပြောကြားခဲ့သည်။
ထို့ပြင် ရုရှား၏ ကာကွယ်ရေး-စက်မှုဆိုင်ရာ လုပ်ငန်းစုများသည် ၂၀၂၅ ခုနှစ်အတွက် နိုင်ငံတော်၏ စစ်ဘက်ဆိုင်ရာ အမှာစာများကို အခြေခံအားဖြင့် အပြီးသတ် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ရုရှားနိုင်ငံထုတ် မောင်းသူမဲ့လေယာဉ် (Drone) များနှင့် အီလက်ထရွန်နစ်စစ်ဆင်ရေးစနစ် (Electronic warfare systems) များသည် နိုင်ငံတကာစျေးကွက်တွင် အထူးစိတ်ဝင်စားခြင်း ခံနေရပြီး ပြီးခဲ့သည့်နှစ်ကုန်ပိုင်းအထိ လက်မှတ်ရေးထိုးခဲ့သော စစ်ဘက်ဆိုင်ရာ ပစ္စည်းတင်ပို့မှု စာချုပ်များ၏ စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ဘီလျံ ၇၀ အထိ ရှိခဲ့ကြောင်း မန်တူရော့ဗ်၏ အဆိုအရ သိရသည်။
ဒုတိယဝန်ကြီးချုပ်က ဆက်လက်တင်ပြရာတွင် ကာကွယ်ရေး-စက်မှုလုပ်ငန်းစုများမှ အရပ်ဘက်သုံးပစ္စည်း ထုတ်လုပ်မှုသည် လွန်ခဲ့သည့် သုံးနှစ်အတွင်း နှစ်စဉ် ပျမ်းမျှ ၁၀ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး ၂၀၂၅ ခုနှစ်ကုန်တွင် စုစုပေါင်းထုတ်လုပ်မှု၏ ၃၀ ရာခိုင်နှုန်းကျော်မှာ အရပ်ဘက်သုံး ထုတ်ကုန်များ ဖြစ်လာခဲ့သည်ဟု ဆိုသည်။ ယင်းထုတ်ကုန်များထဲတွင် မီးရထားပို့ဆောင်ရေး ပစ္စည်းများ၊ ဆောက်လုပ်ရေးနှင့် လမ်းလုပ်ငန်းသုံး စက်ယန္တရားများ၊ ဆေးဘက်ဆိုင်ရာပစ္စည်းများ၊ ဆေးဝါးများ၊ လူသုံးကုန် အီလက်ထရွန်နစ်ပစ္စည်းများနှင့် ဆက်သွယ်ရေး ကိရိယာများ ပါဝင်သည်။
ထို့အပြင် ရုရှားအာကာသအေဂျင်စီ (Roscosmos) သည် ၂၀၂၅ ခုနှစ်အတွင်း ဒုံးပျံလွှတ်တင်မှု ၁၇ ကြိမ် ပြုလုပ်ခဲ့ပြီး ကမ္ဘာပတ်လမ်းကြောင်းအတွင်းရှိ ရုရှားဂြိုဟ်တုအရေအတွက်မှာ ၂၈၈ လုံးမှ ၃၀၀ အထိ တိုးတက်လာခဲ့ကြောင်းလည်း ၎င်းက မှတ်ချက်ပြု ပြောကြားခဲ့သည်။
Ref : Xinhua









