◾ ဘင်္ဂါလီ ARSA ၏ အကြမ်းဖက်မှုဖြင့် အစပြုပြီး ဂမ်ဘီယာ၏ အခကြေးငွေယူ ကိုယ်ကျိုးရှာမှုဖြင့် လမ်းဆုံးနေသော ICJ ရောက် ဘင်္ဂါလီအမှု
၁၃. ၁. ၂၀၂၆
MT News Edotorial
ယနေ့ကမ္ဘာတွင် တရားမျှတမှုဟူသည် စာနာမှုထက် ငွေကြေးနှင့် နိုင်ငံရေးအရ အသုံးချရန် ကိရိယာတစ်ခု ဖြစ်လာနေသည်ကို ဂမ်ဘီယာနိုင်ငံ၏ မြန်မာနိုင်ငံအပေါ် စွဲဆိုထားသော အမှုက သက်သေပြနေသည်။ အမှန်စင်စစ် ဤအမှုသည် လူ့အခွင့်အရေးထက် ဘာသာရေးအခြေခံသော အကျိုးစီးပွားနှင့် ငွေကြေးရရှိရေး လှည့်ကွက်များအပေါ်တွင်သာ အခြေတည်နေသည်။
◾ ဖြစ်ရပ်မှန်ကို မျက်ကွယ်ပြုခြင်း
ဂမ်ဘီယာနှင့် OIC (အစ္စလာမ့်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့) တို့သည် ဤပဋိပက္ခ၏ အရင်းအမြစ်ကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားကြသည်။ ၂၀၁၇ ခုနှစ်အတွင်းက ဘင်္ဂါလီ ARSA အကြမ်းဖက်သမားများသည် ရခိုင်ပြည်နယ်အတွင်းရှိ လုံခြုံရေးစခန်းများကို တစ်ပြိုင်နက်တည်း အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီး အပြစ်မဲ့ ရခိုင်တိုင်းရင်းသားများနှင့် ဟိန္ဒူဘာသာဝင်များကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြသည်။ ထို့အတွက်နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပြည်သူတို့၏ အသက်အိုးအိမ်ကို ကာကွယ်ရန် တပ်မတော်က တုံ့ပြန်ဆောင်ရွက်ခဲ့ရခြင်းမှာ မည်သည့် အချုပ်အခြာ အာဏာပိုင်နိုင်ငံမဆို ပြုလုပ်ရမည့် တာဝန်သာဖြစ်သည်။
သို့သော် ဂမ်ဘီယာသည် အကြမ်းဖက်သမားများ၏ လုပ်ရပ်ကို မျက်ကွယ်ပြုပြီး တပ်မတော်၏ တုံ့ပြန်ကာကွယ်မှုကိုသာ လူမျိုးတုံးသတ်ဖြတ်မှုဟု ပစ်မှတ်ထားကာ တရားစွဲဆိုနေခြင်းမှာ တရားမျှတမှု မရှိသည့်အပြင် ဘက်လိုက်မှု အပြည့်ရှိနေသည်။
◾ မြန်မာလူ့အဖွဲ့အစည်း၏ တုံ့ပြန်မှု
မြန်မာနိုင်ငံသား အများစုသည် ဤအမှုကို နိုင်ငံတော်အပေါ် မတရားဖိအားပေးမှုအဖြစ် ရှုမြင်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြသည်။ မြန်မာတိုင်းရင်းသားမဟုတ်သော ဘင်္ဂါလီများ၏ အကြမ်းဖက်ကာ မြန်မာ့မြေပေါ် နိုင်ငံသစ်ထူထောင်ရန် လုပ်ဆောင်သည့် လုပ်ရပ်အပေါ် မြန််မာတိုင်းရင်းသားအားလုံးက မနှစ်လိုကြပေ။ ပြည်တွင်းရှိ တိုင်းရင်းသားပေါင်းစုံသည် မိမိတို့၏ ကိုယ်ပိုင်ပြဿနာကို ပြည်တွင်း၌သာ ဖြေရှင်းလိုကြပြီး၊ မိုင်ပေါင်းထောင်ချီဝေးကွာသော၊ မြန်မာ့မြေပြင်အခြေအနေကို လုံးဝနားမလည်သော ဂမ်ဘီယာနိုင်ငံက ကြားဝင်စွက်ဖက်နေခြင်းအပေါ် ဒေါသတကြီး ဝေဖန်ရှုတ်ချနေကြသည်။ ထို့အတူ လူထုက ဤအမှုကို တရားမျှတမှုရှာဖွေခြင်းထက် မြန်မာနိုင်ငံ၏ ပုံရိပ်ကို ဖျက်ဆီးရန်နှင့် OIC ထံမှ ငွေကြေးအကျိုးအမြတ်ရယူရန် လုပ်ဆောင်သည့် “နိုင်ငံရေးကစားကွက်” တစ်ခုအဖြစ်သာ နားလည်ထားကြသည်။
ထို့အပြင် ဂမ်ဘီယာသည် ဤအမှုကို ရှေ့ဆက်ရန်အတွက် ရှေ့နေခနှင့် စရိတ်စကများ မတတ်နိုင်ကြောင်း အကြောင်းပြကာ OIC အဖွဲ့ဝင်နိုင်ငံများထံမှ အလှူငွေများ ကောက်ခံနေသည်။ ဤသည်မှာ နိုင်ငံတကာ ဥပဒေကြောင်းအရ တရားမျှတမှုကို ရှာဖွေခြင်းထက် “အမှုစွဲဆိုခြင်းဖြင့် ရန်ပုံငွေရှာဖွေခြင်း” (Lawfare for Profit) ဟူသော သဘောသဘာဝသို့ ရောက်ရှိနေသည်။ အဆိုပါ ရန်ပုံငွေများ၏ ပွင့်လင်းမြင်သာမှုနှင့် မည်မျှအထိ အကျိုးအမြတ် ခွဲဝေယူနေသည်ဆိုသော အချက်မှာလည်း သံသယဖြစ်ဖွယ်ရာပင်ဖြစ်သည်။
◾ ICJ သို့ တိုက်တွန်းချက်
ICJ တရားရုံးတော်အနေဖြင့် အောက်ပါအချက်များကို ပြတ်ပြတ်သားသား ထည့်သွင်းစဉ်းစားရန်လည်း MT News က တိုက်တွန်းလိုသည် –
၁။ အစပြုချက်ကို ကြည့်ပါ – ဤအမှုသည် ဘင်္ဂါလီ ARSA ၏ အကြမ်းဖက်မှုနှင့် ထိုသို့ အကြမ်းဖက်မှု လုပ်ဆောင်ရခြင်းမှာ မြန်မာ့မြေကို ကျူးကျော်သိမ်းယူပြီး နိုင်ငံသစ်ထူထောင်ရန် ကြိုးပမ်းမှုမှ စတင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်၏ မြေပြင်တည်ရှိမှုနှင့် အချုပ်အခြာ အာဏာကို ကာကွယ်ရန် တုံ့ပြန်ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း ICJ က ပြတ်သားစွာ အသိအမှတ်ပြုရန်။
၂။ ငွေကြေးလွှမ်းမိုးမှုကို စစ်ဆေးပါ – ဂမ်ဘီယာသည် OIC ထံမှ အလှူခံ၍ အမှုလိုက်နေခြင်းမှာ တရားစီရင်ရေး၏ သန့်ရှင်းမှုကို ညှိုးနွမ်းစေကြောင်း သတိပြုရန်။
၃။ မျှတစွာ ဆုံးဖြတ်ပါ – အစ္စလာမ္မစ်အစွန်းရောက်အဖွဲ့အစည်းများ၏ ငွေကြေးနှင့် ဖိအားပေးမှုအောက်တွင် မရှိစေဘဲ၊ မြေပြင်တွင် အမှန်တကယ် ဖြစ်ပျက်ခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်များကိုပါ ထည့်သွင်းတွက်ချက်ရန်။
◾ ပြင်းထန်စွာ ရှုတ်ချခြင်း
ICJ တရားရုံးတော်အနေဖြင့် ဂမ်ဘီယာ၏ နောက်ကွယ်တွင် OIC ၏ ဘာသာရေးနှင့် နိုင်ငံရေး ရည်မှန်းချက်များ မည်မျှအထိ လွှမ်းမိုးနေသည်ကို မျက်ကွယ်မပြုသင့်ပေ။ တရားရုံးသည် ဥပဒေကြောင်းအရ ဆုံးဖြတ်ရုံတင်မကဘဲ တရားစွဲဆိုသူ၏ “ရည်ရွယ်ချက်” (Motive) နှင့် “ဂုဏ်သိက္ခာ” ကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။ ငွေကြေးအကျိုးအမြတ်ကို အခြေခံကာ တတိယနိုင်ငံတစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်နေသည့် ယခုအမှုကို မျှမျှတတ ဆုံးဖြတ်ခြင်းမရှိပါက နောင်တွင် ICJ သည် အင်အားကြီးအဖွဲ့အစည်းများက ငွေပေး၍ နိုင်ငံငယ်များကို တိုက်ခိုက်ခိုင်းသည့် “လက်နက်” တစ်ခုအဖြစ် နိမ့်ကျသွားပေလိမ့်မည်။ ၎င်းသည် နိုင်ငံတကာတရားစီရင်ရေးစနစ်ကို လက်နက်သဖွယ် အသုံးချခြင်း (Weaponization of Law) ဖြစ်ပြီး၊ နောင်တွင် အခြားသော နိုင်ငံငယ်လေးများအနေဖြင့် အင်အားကြီးအဖွဲ့အစည်းများ၏ အခကြေးငွေဖြင့် အသုံးချခံရကာ အခြားနိုင်ငံများကို တိုက်ခိုက်လာနိုင်သည့် လမ်းစဥ်ဆိုးတစ်ခုကို ဖော်ဆောင်နေခြင်းလည်း ဖြစ်သည်။
မိမိနိုင်ငံတွင်းရှိ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကိုပင် ကောင်းမွန်စွာ မဖော်ဆောင်နိုင်သော ဂမ်ဘီယာကဲ့သို့ နိုင်ငံမျိုးက အခြားနိုင်ငံတစ်ခုကို တရားစွဲဆိုနေခြင်းမှာ ရယ်ဖွယ်ရာပင် ဖြစ်သည်။ ဤသည်မှာ မိမိနိုင်ငံ၏ ဆင်းရဲမွဲတေမှုကို OIC ဆီမှ ရန်ပုံငွေဖြင့် ကုစားရန် မြန်မာနိုင်ငံကို ဓားစာခံလုပ်ခြင်းသာ ဖြစ်သည်။ ယခုကဲ့သို့ မလျော်ကန်သော၊ ကိုယ်ကျင့်တရား ကင်းမဲ့သော လုပ်ရပ်များကို နိုင်ငံတကာ အသိုက်အဝန်းက ပြင်းထန်စွာ ရှုတ်ချရမည်ဖြစ်ပြီး ICJ အနေဖြင့်လည်း အမှု၏အနှစ်သာရကို စစ်ဆေးနေသည့် ဤအဆင့်တွင် “OIC က ဂမ်ဘီယာကို ငွေပေးစွဲဆိုသည့် အမှု” ၏ မရိုးသားမှုများကို အရေးယူကာ ပယ်ချခြင်းဖြင့် ရုံးတော်၏ သန့်ရှင်းမှုကို သက်သေပြသင့်ပေသည်ဟု MT News က ပြတ်သားစွာ တိုက်တွန်းလိုက်ရပေသည်။
Ref:
◾ OIC News: OIC calls for funding for the Gambia’s legal case against Myanmar
◾ Al Jazeera: Gambia urges OIC funding for Rohingya
◾The Standard (Gambia): Gambia legal team in Myanmar case needs US$5M
