MT News

Written by Tha Doe

နေပြည်တော် နည်းပညာတက္ကသိုလ်ကို ICT တက္ကသိုလ်အဖြစ် တိုးမြှင့်ဖွဲ့စည်း တည်ထောင်မည်ဟု နိုဝင်ဘာ ၁၂ ရက်နေ့က ဖွင့်လှစ်သည့် နေပြည်တော်နည်းပညာတက္ကသိုလ်ဖွင့်ပွဲအခမ်းအနားတွင် SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်များကဲ့သို့ အဆင့်မြင့်တက္ကသိုလ်ကြီးတစ်ခုဖြစ်လာစေရန်ရည်ရွယ်ပြီး အစိုးရနည်းပညာ ကောလိပ်(နေပြည်တော်)ကို နေပြည်တော်နည်းပညာတက္ကသိုလ်အဖြစ် အဆင့်မြှင့်တင် ဖွဲ့စည်းတည်ထောင်ပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိနည်းပညာတက္ကသိုလ်များတွင် ဖွင့်လှစ်နေသည့်ဘွဲ့သင်တန်း ၂၆ ခုအနက် လုပ်ငန်းလိုအပ်ချက်အများဆုံးဖြစ်သည့် မြို့ပြအင်ဂျင်နီယာဘာသာရပ်၊ အီလက်ထရောနစ်အင်ဂျင်နီယာဘာသာရပ်၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဘာသာရပ်၊ စက်မှုအင်ဂျင်နီယာဘာသာရပ်၊ အလုပ်အကိုင်အခွင့်အလမ်းအများဆုံးပေးနိုင်သည့် သုတနည်းပညာဘာသာရပ်နှင့် ဒေသဖွံ့ဖြိုးရေးအတွက်လိုအပ်သည့် ဗိသုကာဘာသာရပ် စုစုပေါင်းဘာသာရပ် ၆ ခုကို အတွေ့အကြုံနှင့် အရည်အချင်းပြည့်ဝသည့် ဆရာ၊ ဆရာမများ၊ ဘာသာရပ်ကျွမ်းကျင်သူပညာရှင်ကြီးများက ICT ကိုအသုံးပြုကာ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကကုန်ထုတ်လုပ်ငန်းအဖြစ်ဆောင်ရွက်နေပြီး၊ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေပြည်သူများဖြစ်ခြင်းကြောင့် ခေတ်မီစိုက်ပျိုးရေးစနစ်သည် မရှိမဖြစ်လိုအပ်နေသည်။ စိုက်ပျိုးရေးအတွက်လိုအပ်သည့် အင်ဂျင်နီယာနည်းပညာရပ်များသည် စိုက်ပျိုးရေးထုတ်လုပ်မြှင့်တင်မှုကို များစွာအထောက်အပံ့ ရရှိစေမည်ဖြစ်သည်။ နေပြည်တော်တွင် စိုက်ပျိုးရေးတက္ကသိုလ်ရှိပြီးဖြစ်သဖြင့် စိုက်ပျိုးရေးကဏ္ဍမြှင့်တင်ရေးအတွက် ပေါင်းစပ်ဆောင်ရွက်သွားရန်လိုအပသဖြင့် နောင်လာမည့် ပညာသင်နှစ်များတွင် စိုက်ပျိုးရေး အင်ဂျင်နီယာဘွဲ့သင်တန်းကိုလည်း တိုးချဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောသည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် နေပြည်တော် နည်းပညာတက္ကသိုလ်တွင် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်၏ ပထမနှစ်သင်တန်းများကို စတင်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းနှစ်များကို တစ်နှစ်ပြီးတစ်နှစ်တိုးချဲ့၍ မဟာဘွဲ့သင်တန်းများ၊ ပါရဂူဘွဲ့သင်တန်းများအထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။

နေပြည်တော် နည်းပညာတက္ကသိုလ်ကို အရည်အသွေးမြင့်မားသည့် သင်ကြား သင်ယူမှုနည်းစနစ်များ၊ နိုင်ငံတကာအဆင့်မီသင်ရိုးညွှန်းတမ်းများ၊ ခေတ်မီသင် ထောက်ကူပစ္စည်းများ၊ ခေတ်မီလက်တွေ့ခန်းသုံးပစ္စည်းများ၊ သုတေသနဓာတ်ခွဲခန်းများ၊ ခေတ်မီစာကြည့်တိုက်များစသည့် လိုအပ်သော Facilities များ အပြည့်အစုံ ဖြည့်ဆည်းပေးထားပြီး သင်ကြားသင်ယူမှု အထောက်အကူပြုစနစ် (Learning Management System – LMS)ကို အသုံးပြုကာ ထိထိရောက်ရောက် သင်ကြားပေး သွားမည်ဖြစ်သည်။

LMS ကို နိုင်ငံတကာရှိတက္ကသိုလ်များ၊ ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူတိုင်း၏ သင်ကြားရေးနှင့်သက်ဆိုင်သည့် ဆောင်ရွက်မှုတိုင်းအတွက် Learning Portal အဖြစ် အသုံးပြုလျက်ရှိပြီး ယနေ့အချိန်အခါတွင် LMS အခြေခံ Online Learning ကို တွင်ကျယ်စွာအသုံးပြုလာကြပြီဖြစ်သည်။ နေပြည်တော် နည်းပညာတက္ကသိုလ်တွင်လည်း LMS အသုံးပြုပြီး သင်ကြားသင်ယူမှုလုပ်ငန်းများ၊ စာမေးပွဲစစ်ဆေးခြင်း၊ လေ့ကျင့်ခြင်းစသည်များကိုဆောင်ရွက်ပြီး သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ Information and Communication Technology (ICT) အခြေပြု သင်ကြားသည့် တက္ကသိုလ်ကြီးတစ်ခုအဖြစ် တိုးမြှင့်ဖွဲ့စည်း တည်ထောင်ပေးသွားမည်ဖြစ်ကာ ကျောင်းသူ၊ ကျောင်းသားများကိုလည်း လေ့လာသိရှိမှုစွမ်းရည်၊ ဝေဖန်ပိုင်းခြားနိုင်မှုစွမ်းရည်၊ လုပ်ဆောင်နိုင်မှုစွမ်းရည်များပြည့်ဝသည့် အင်ဂျင်နီယာများ၊ သိပ္ပံပညာရှင်များဖြစ်အောင် သင်ကြားလေ့ကျင့်မွေးထုတ်ပေးသွားမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ​ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *