၁၅. ၁၀. ၂၀၂၃
Written by Phyo Wei

IMF ထုတ်ပြန်ချက်အရ မြန်မာ့ GDP ဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ၂၀၂၃ ခုနှစ်မှာ ၂ ဒသမ ၆ ရာခိုင်နှုန်းရှိနေမှာဖြစ်ပြီး လာမဲ့ ၂၀၂၄ ခုနှစ်မှာလည်း GDP ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၂ ဒသမ ၆ ရာခိုင်နှုန်း၊၂၀၂၅ ခုနှစ်မှာ GDP ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၂ ဒသမ ၅ ရာခိုင်နှုန်းနဲ့ တည်ငြိမ်နေချိန်မှာပဲ အနည်းဆုံးလုပ်အားခကို တစ်နိုင်ငံလုံးတစ်ပြေးညီ ကျပ် ၅၈၀၀ သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။

တစ်ဖက်မှာတော့ ပြည်တွင်း ဆန်ဈေးနှုန်းမြင့်မားနေတာနဲ့ ပို့ကုန်ရငွေအပေါ် သတ်မှတ်ထားတဲ့ ငွေလဲလှယ်နှုန်းထားအရ ဆန်တင်ပို့မှု ကျဆင်းနေလို့ ပို့ကုန်ရငွေအပေါ် ငွေလဲလှယ်နှုန်း ပြင်ဆင်နိုင်ဖို့ နိုင်ငံတော်အဆင့်အထိ တင်ပြထားတယ်ဆိုတဲ့ဖြစ်စဥ်တွေ၊ ဂျပန်နိုင်ငံ နိုင်ငံ တကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)က မြန်မာနိုင်ငံအတွက်ပြုလုပ်မဲ့ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းမှာ ထိုင်းအခြေစိုက် SCI Electric ကုမ္ပဏီက ပါဝင်လုပ် ကိုင်ခွင့်ရရှိခဲ့ပြီး မြန်မာနိုင်ငံမှာ ထိုင်းဘတ် သန်း ၁၀၀ ကျော်ကုန်ကျမဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ပေးသွားမယ်လို့ ပြောခဲ့တာ၊ စွမ်းဆောင်ရည်မတူညီတဲ့ နျူကလီးယားစွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ဖို့ မြန်မာနိုင်ငံက စီစဉ်နေတယ်လို့ ရုရှားနိုင်ငံပိုင် နျူကလီးယားစွမ်းအင် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ Rosatom အကြီးအကဲဖြစ်သူ Alexei Likhachev က ပြောခဲ့တာနဲ့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး လေကြောင်းကုန်စည်အတွက်ပါ SOP ရေးဆွဲဖို့ SAC ဒုဥက္ကဋ္ဌ ပြောလာခဲ့တဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ ပြည်သူအတွက် မဖြစ်မနေလိုအပ်တဲ့ ကုန်စည်တွေ စျေးမကြီးအောင်ဆောင်ရွက်မယ်လို့ ပြောလာတာ၊ ကျောက်ဘဖြူရေနက်ဆိပ်ကမ်းအမြန်ပြန်စမယ်ဆိုတာနဲ့ မြင့်တက်လာတဲ့ နိုင်ငံတော်ကြွေးမြီ ကျပ် ၆၇ ထရီလျံကျော်အကြောင်းတွေကို တင်ပြချင်ပါတယ်။

ပြည်သူတွေမဖြစ်မနေလိုအပ်တဲ့ကုန်စည် စျေးမကြီးရေး ကြိုးပမ်းပေးမဲ့ အခြေအနေ

ပြည်သူတွေ မဖြစ်မနေလိုအပ်တဲ့ ဆေးဝါး၊ စားသောက်ကုန်၊ စက်သုံးဆီ၊ စားသုံးဆီ စတဲ့ကုန်စည်တွေ တင်သွင်းရာမှာ ဈေးနှုန်းကြီးမြင့်မှု မရှိစေရေး ကြပ်မတ်ဆောင် ရွက်မယ်လို့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဒီတစ်ပတ်မှာ ပြောလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေ မြန်မာနိုင်ငံမှာ ကုန်စျေးနှုန်း နှစ်ဆကျော်၊ သုံးဆတက်ခဲ့တဲ့အချိန်က ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီဥက္ကဋ္ဌဟာ အခု အဂတိမှုတွေ၊ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုတွေနဲ့ ထောင်တစ်သက်တစ်ကျွန်းကျသွားတဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မိုးမြင့်ထွန်း တာဝန်ယူခဲ့တာပါ။ သူ ဒီတာဝန်ယူချိန်မှာ ငွေကြေးဖောင်းပွမှုနှုန်းကလည်း အမြင့်ဆုံး ၂၈ ဒသမ ၅၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သေးတာပါ။ “အလုံးစုံပျက်သုဥ်းရေးမူနဲ့ ဖျက်ဆီးနေသူတွေ”၊ တိုက်ပွဲတွေကြောင့် စိုက်ပျိုးမွေးမြူရေးမလုပ်နိုင်တာတွေ၊ စက်သုံးဆီစျေးမြင့်တက်လို့ ကုန်စျေးနှုန်းအပေါ် သက်ရောက်တာတွေ ရှိလို့ကုန်စျေးနှုန်းတက်တယ်ဆိုပေမဲ့ မြန်မာ့ကုန်စျေးနှုန်းနဲ့ ငွေကြေးဖောင်းပွမှုကတော့ ဖြစ်သင့်တာထက် ထက်ငဝက်လောက်များနေတာပါ။ လက်ရှိမှာတော့ အဂတိလိုက်စား၊ တံစိုးလက်ဆောင်ရယူသူတွေဟာ သူတို့အကျိုးပေးနဲ့သူတို့သွားပြီဖြစ်လို့ ပြည်သူတွေမဖြစ်မနေလိုအပ်တဲ့ ဆေးဝါး၊ စားသောက်ကုန်၊ စက်သုံးဆီ၊ စားသုံးဆီ စတဲ့ကုန်စည်တွေ တင်သွင်းရာမှာ ဈေးနှုန်းကြီးမြင့်မှု မရှိစေရေး ကြိုးပမ်းမှုတွေ ဘယ်လောက်အရာထင်လာမလဲ စောင့်ကြည့်ရမှာဖြစ်ပြီး ဖြစ်သင့်တဲ့နှုန်းထားနားကျဆင်းသွားရင်တော့ ပြည်သူတွေ ပိုပျော်ရမှာပါ။

အမြန်ပြန်စမဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း

ကျောက်ဖြူရေနက်ဆိပ်ကမ်းလို့ပြောတာနဲ့ တရုတ်ရဲ့ BRI ကို ပြေးမြင်ကြမှာပါ။ ပြေးမြင်ကြတာနဲ့ တပြိုင်နက် သီရိလင်္ကာမှာ ဟန်ဘန်တိုတာဆိပ်ကမ်းကို တရုတ်ချေးငွေနဲ့​ဆောက်ပြီး ပြန်မဆပ်နိုင်လို့ တရုတ်က ၉၉ နှစ်တိတိ လုပ်ကိုင်ခွင့်ယူချလိုက်တာ၊ တရုတ်အပါအဝင်ကမ္ဘာ့နိုင်ငံတွေဆီက ချေးငွေတွေပြန်မဆပ်နိုင်တာကြောင့် သီရိလင်္ကါစီးပွားပျက်ပြီး ဒေဝါလီခံရ၊ သမ္မတကပါပြည်ပထွက်ပြေးရတဲ့ဖြစ်စဥ်တွေ ပြန်တွေးမိမှာပါ။

တစ်ဖက်မှာလည်း ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းဟာ အရင်က ဒေါ်လာ ၇ ဘီလျံကျော်ကနေ ဒေါ်လာ ၁ ဒသမ ၅ ဘီလျံလောက်နဲ့စလုပ်မှာပါ။ စီမံကိန်းစတင်မဲ့ပုံစံက တရုတ် CITIC က ၇၀ ရာခိုင်နှုန်း၊ မြန်မာအစိုးရက ၁၅ ရာခိုင်နှုန်းနဲ့ ဒေသခံနဲ့ပြည်တွင်းလုပ်ငန်းရှင်တွေပါတဲ့ အများပိုင်ကုမ္ပဏီအစုအဖွဲ့က ၁၅ ရာခိုင်နှုန်းပါ။ ဒီနေရာမှာ စီမံကိန်းပါဝင်မဲ့ကုမ္ပဏီတွေက သူတို့စိုက်ထုတ်ရမဲ့ ငွေကြေးတွေကို အစိုးရကနာမည်ခံချေးပေးထားရပြီး အောင်မြင်မှသူတို့ဆပ်မယ်။ မအောင်မြင်ရင်အစိုးရကတာဝန်ခံရမယ်ဆိုတဲ့အခြေအနေကို ဖန်တီးနေတာလည်းရှိနေတာကြောင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ စက်မှုဇုန်စီမံကိန်းဟာ သီရိလင်္ကာလိုမဖြစ်ရအောင် အထူးဂရုစိုက်ရမဲ့အပြင် နောက်ဆက်တွဲပါလာမဲ့ ကျောက်ဖြူ- ကူမင်းရထားလမ်းလိုစီမံကိန်းများမှာ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုတွေပါ ထည့်တွက်ရမဲ့အခြေအနေပါ။ တစ်ဖက်မှာတော့ ဒီကျောက်ဖြူရေနက်ဆိပ်ကမ်းပြီးသွားရင် ရုရှားကဝင်လာမဲ့ ရေနံတင်သင်္ဘောကြီးတွေ ဆိုက်ကပ်နိုင်မဲ့ ဆိပ်ခံတံတားသေချာပေါက်ရလာမှာမို့လို့ ဒီရေနံတင်သင်္ဘောကြီးတွေကိုသာ ရုရှားဘက်က တင်ပို့အောင်၊ မြန်မာနိုင်ငံဟာ အာဆီယံမှာ စွမ်းအင်ရင်းမြစ်ဖြစ်လာအောင် ကြိုတင်စီမံကိန်းချနိုင်ရင်တော့ သားရွှေအိုးထမ်းလာမဲ့ ကျောက်ဖြူဖြစ်လာမှာဖြစ်ပြီး စနစ်တကျမလုပ်နိုင်ရင်တော့ ဒုတိယသီရိလင်္ကာဖြစ်လာမှာပါ။

မြင့်တက်လာတဲ့ နိုင်ငံတော်ကြွေးမြီ ကျပ် ၆၇ ထရီလျံ

အရင်တုန်းက မြန်မာနိုင်ငံသားတစ်ဦးကို အကြွေးငါးသိန်းတင်နေတယ်ဆိုတဲ့စကား ကြားဖူးမှာပါ။ အခုတော့အဲဒီအကြွေးငါးသိန်းဆိုတာက ခေတ်အောက်သွားပြီး မြန်မာနိုင်ငံသားတစ်ဦးကို အကြွေး ၁၂ သိန်းနဲ့ ညီမျှတဲ့ နိုင်ငံတော်ကြွေးမြီက ၆၇၆၁၄ ဘီလျံအထိ ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

အဂတိမှုတွေ၊ မဲမသမာမှုတွေနဲ့ ဖြုတ်ချခံရတဲ့ NLD အစိုးရဟောင်း နောက်ဆုံးတာဝန်ယူခဲ့တဲ့ ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာနှစ်ကြွေးမြီက ကျပ် ၅၈၂၅၆ ဘီလျံဖြစ်လို့ အဲဒီအချိန်တုန်းက နိုင်ငံသားတစ်ဦး ၁၁ သိန်းနီးပါးအကြွေးရှိရာက အခုတော့ ၂၀၂၂ ဒီဇင်ဘာအကုန်မှာ ဘီလျံ ၁၀၀၀၀ နီးပါးအကြွေးတင်လာလို့ ၁၂ သိန်းလောက်ဖြစ်လာတာပါ။ တစ်ဖက်မှာလည်း ပြည်ပကြွေးမြီတွေကို အစိုးရက ချေးငွေထပ်မရဘဲပုံမှန်ဆပ်နေပေမဲ့ ၂၀၂၁ တုန်းက တစ်ဒေါ်လာ ၁၅၀၀ လောက်နဲ့ တန်ဖိုးသင့်ရပြီး အခုကတော့ ဗဟိုဘဏ်စျေးနဲ့ဆို ၂၁၀၀၊ ပြင်ပပေါက်စျေးနဲ့ဆို ၃၄၀၀ ကြောင့်မို့လို့လည်း ပြည်တွင်းပြည်ပကြွေးမြီကို ကျပ်ငွေနဲ့တန်ဖိုးသင့်တွက်ချက်ချိန်မှာ ကြွေးမြီတွေမြင့်တက်လာတာဖြစ်ပြီး အဓိကတရားခံကတော့ ငွေဖောင်းပွမှုကို အပြစ်တင်ရမှာဖြစ်သလို ငွေကြေးတည်ငြိမ်ဖို့မစွမ်းနိုင်သူတွေကိုလည်း ဝေဖန်ရမှာပါ။ သေချာတာကတော့ လာမဲ့နှစ်မှာဆို နိုင်ငံသားတစ်ဦးစီတိုင်းဟာ အကြွေး ၁၃ သိန်းလောက်ဖြစ်လာဖို့များနေပါပြီလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *

Related News