၆. ၁၀. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းသည် ယခုနှစ်အတွင်း ၃ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းသွားဖွယ်ရှိနေကြောင်း နိုင်ငံ တကာဈေးကွက်နှင့် နိုင်ငံတကာအချက်လက်များ သုတေသနလုပ်ဆောင်နေသော Research And Markets အဖွဲ့က ခန့်မှန်းဖော်ပြထားသည်။

မြန်မာနိုင်ငံအတွင်းမှ ပြည်ပစီးပွားရေးလုပ်ငန်းများ ပြန်ထွက်သွားခြင်း၊ နိုင်ငံရေးအငြင်းပွားမှုများ ဆက်လက်ဖြစ်ပွားနေခြင်း၊ ထောက်ပံ့ရေးကွင်းဆက်များ အတားအဆီးများတွေ့ကြုံနေရခြင်း၊ အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနိုင်ငံများက ပိတ်ဆို့မှုချမှတ်ထားခြင်း၊ ပြည်တွင်းငွေကြေးတန်ဖိုး ကျဆင်းခြင်း၊ လျှပ်စစ်ဓာတ်အားလိုအပ်ချက်များရှိနေခြင်း စသောအခြေအနေများက မြန်မာ့ဆောက်လုပ်ရေးလုပ်ငန်းတွင် အားနည်းသောရင်းနှီးမြှုပ်နှံမှုများကိုသာ ဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်။

သို့သော် မြန်မာနိုင်ငံအတွက် နိုင်ငံခြားငွေကြေး အများဆုံးရရှိစေသော ရင်းမြစ်တစ်ခုဖြစ်သည့် ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဝင်ငွေများရရှိရန် မျှော်လင့်ရဖွယ်ရှိကြောင်း၊ အဆိုပါသုတေသီအဖွဲ့က ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် အာဏာအငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်အခြေစိုက်စွမ်းအင်ကုမ္မဏီ၊ Chevron၊ ပြင်သစ်အခြေစိုက် Total Energies စသော ပြည်ပစွမ်းအင်ကုမ္ပဏီအချို့သည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတွင် ပါဝင်လုပ်ကိုင်နေခြင်းများကို ရပ်တန့်မှုများရှိနေခဲ့ကြောင်း သိရသည်။

SAC သည် ရွေးကောက်ပွဲ ဥပဒေအသစ်ကို ပြန်လည်မှတ်ပုံတင်ခြင်းမရှိခဲ့သော နိုင်ငံရေးပါတီ ၄၀ ပါတီကို ဖျက်သိမ်းခြင်းများလုပ်ဆောင်ခဲ့ခြင်းကြောင့် လာမည့်လများအတွင်း မြန်မာ့နိုင်ငံရေး မရေမရာမှုများဆက်လက်ဖြစ်ပေါ်မည်ဟု မျှော်လင့်ရကြောင်း Research And Markets အဖွဲ့က သုံးသပ်ထားသည်။ SAC သည် ရွေးကောက်ပွဲကို ပြန်လည်ကျင်းပရန် စီစဉ်ခဲ့ပြီးနောက်ရွေးကောက်ပွဲဥပဒေကိုပြန်လည်ပြင်ဆင်ကာ နိုင်ငံရေးပါတီများကို ပြန်လည်မှတ်ပုံတင်ခြင်းများ လုပ်ဆောင်စေခဲ့ရာ နိုင်ငံရေးပါတီပေါင်း ၄၀ ခန့် မှတ်ပုံပြန်မတင်ခဲ့ကြောင်း သိရသည်။ လာမည့်ရွေးကောက်ပွဲသည် ပွင့်လင်းမြင်သာမှုနှင့် ယုံကြည်ကိုးစားမှု လျော့နည်းဖွယ်ရှိနေသည်ဟု စိုးရိမ်မှုများလည်း မြင့်တက်နေကြောင်း သိရသည်။

သို့သော်လည်း မြန်မာနိုင်ငံ၏ စက်မှုလုပ်ငန်းသည် ၂၀၂၄ ခုနှစ်မှ ၂၀၂၇ ခုနှစ်အတွင်း နှစ်စဉ်တိုးတက်မှုနှုန်း ၆ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်လာဖွယ်ရှိနေသည်ဟုမျှော်လင့်ရကြောင်း Research And Markets အဖွဲ့က ဖော်ပြထားသည်။

လျှပ်စစ်နှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာအခြေခံအဆောက်အဦစီမံကိန်းများကို ကူညီထောက်ပံ့ပေးခြင်းဖြင့် စက်မှုလုပ်ငန်း တိုးတက်မှုများရှိလာနိုင်မည်ဟု မျှော်လင့်ရဖွယ်ရှိနေသည်။ မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ် မတ်လက အမ်းမြို့နယ်၊ ဂွမြို့နယ်၊ သံတွဲမြို့နယ်တို့တွင် လေအားလျှပ်စစ်သုံး ဓာတ်အားပေးစီမံကိန်း သုံးခုလုပ်ဆောင်ရန် တရုတ်နိုင်ငံနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါလေအားလျှပ်စစ်သုံး စီမံကိန်းသုံးခုမှ လျှပ်စစ်ဓာတ်အား အနည်းဆုံး ၃၆၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်ဖွယ်ရှိနေကြောင်း သိရသည်။ မြန်မာအစိုးရသည်နိုင်ငံ၏ လျှပ်စစ်လုပ်ငန်းတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန်အတွက် လျှပ်စစ်လုပ်ငန်းတွင်ရင်းနှီးမြှုပ်နှံမည့်သူများကို အခွန်ကင်းလွတ်ခွင့်ပေးမည်ဟု ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက သတင်းထုတ်ပြန်ခဲ့ဖူးသည်။ ထိုအပြင် လျှပ်စစ်ကား (EVs) ထုတ်လုပ်ရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမည့်သူများကို အခွန်ကင်း လွတ်ခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Ref; Research and Markets

Leave a Reply

Your email address will not be published. Required fields are marked *