MT News

Written by Nyein Kyaw

ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် NCA အပေါ်တွင်သာ ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်ရမည်ဟု ယုံကြည်ကြောင်း ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး ဦးဆောင်သည့်အဖွဲ့က နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ယနေ့ တွေ့ဆုံဆွေး‌နွေးစဉ် ပြောကြားခဲ့သည်။

ထို့ပြင် NCA နှင့်ပတ်သက်၍ အထောက်အထားမဲ့၊ အဓိပ္ပါယ်မဲ့စွာ လက်လွတ်စပယ်ပြောကြားမှုများကို လက်သင့်ခံ၍ရနိုင်မည်မဟုတ်ကြောင်း၊ မိမိအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံပြီး တည်ငြိမ်အေးချမ်းမှုကို လိုလားကြောင်း၊ ငြိမ်းချမ်းရေးကို ပျက်ယွင်းစေမည့် အပြုအမူအပြောအဆို၊ အလုပ်အကိုင်များကို လုံးဝလက်သင့်ခံ၍ ရနိုင်မည်မဟုတ်ကြောင်း ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုးက ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ကို ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ မှန်မှန်ကန်ကန်‌ ရောက်ရှိလာစေရေး စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းပေးနေမှုအပေါ်တွင်လည်း ကျေးဇူးတင်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် NCA နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်တွင် ခိုင်ခိုင်မာမာ ရပ် တည်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) များအားလုံးကို ငြိမ်းချမ်းရေးဆွေးနွေးရန် အမြဲတံခါးဖွင့်ကြိုဆိုလျှက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) ဖြစ်ပြီး PDF အမည်ခံအကြမ်းဖက်သမားများသည် ပြည်သူလူထုတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်စေရန်နှင့် နယ်မြေတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်အဖွဲ့များဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ၈ နှစ်မြောက်အခမ်း အနားသို့ လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားအဖွဲ့အစည်းများ အကုန်တက်နိုင်ရန်လိုအပ်ပြီး လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့အစည်းများကလည်း ငြိမ်းချမ်းရေးလိုချင်ပါက တက်ရောက်နိုင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးပြီးမင်းအောင်လှိုင်က စက်တင်ဘာလ ၂၈ ရက်တွင် ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၄/၂၀၂၃) တွင် ပြောကြားခဲ့သည်။

NCA လက်မှတ်ရေးထိုးခြင်း ၈ နှစ်မြောက်အခမ်းအနားအား လာမည့် အောက်တိုဘာလ ၁၅ ရက်တွင် နိုင်ငံရေးအနှစ်သာရရှိရှိ ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါအခမ်းအနားသို့ တက်ရောက်နိုင်ရန် နိုင်ငံတကာခေါင်းဆောင်များကိုလည်း ဖိတ်ကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *