စက်တင်ဘာလ ၂၃ ရက်ညပိုင်းက လှုပ်ခတ်သွားသည့် ငလျင်ကြောင့် တိမ်းစောင်းခဲ့သည့် တိုက်ကို တွေ့မြင်ရစဉ်

၂၅.၉.၂၀၂၃
Written by Peya

ရန်ကုန်က သိသာစွာခံစားခဲ့ရသည့် ရန်ကုန်နှင့် ပဲခူးနေရာကြား လှုပ်ခဲ့သောငလျင်မှာ စစ်ကိုင်းပြတ်ရွေ့ကြောင့် မဟုတ်ဘဲ သီးသန့်ပြတ်ရွေ့ငယ်ကြောင့် ဖြစ်သည်ဟု သုံးသပ်ထားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ယဉ်မျိုးမင်းထွေးက MT News သတင်းဌာနသို့ ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးကြားတွင် စက်တင်ဘာ ၂၃ ရက် ညပိုင်း ၈ နာရီ ၅၄ မိနစ်က ရစ်ချ်တာစကေး ၅ ဒသမ ၁ ပြင်းအားရှိ အင်အားအသင့်အတင့် ငလျင်လှုပ်ခတ်ခဲ့ပြီး ငလျင်လှုပ်မှုဒဏ် သိသိသာသာခံစားခဲ့ရကာ မှော်ဘီမြို့ နယ်ရှိ ဘုန်းကြီးကျောင်းတချို့လည်း ထိခိုက်မှုအနည်းငယ်ရှိခဲ့သည့်အပြင် သင်္ဃန်းကျွန်းမြို့နယ်တွင်လည်း လူနေအထပ်မြင့်တိုက်နှစ်ခု တိမ်းစောင်းမှုဖြစ်ခဲ့သည်။ စက်တင်ဘာလ ၂၄ ရက်၊ ညနေပိုင်း ၅ နာရီ ၄၄ မိနစ် အချိန်တွင်လည်း တိုက်ကြီးမြို့၏ အရှေ့တောင်ဘက် (၈) မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ခြင်း ဖြစ်သည်။

“လောလောဆယ်တော့ ကျွန်တော်တို့ သုံးသပ်ထားတာက စစ်ကိုင်းပြတ်ရွေ့အနောက်ဘက်က ပြတ်ရွေ့ငယ်ကြောင့်လို့ သုံးသပ်ထားပါတယ်” ဟု ဒေါက်တာ ယဉ်မျိုးမင်းထွေးက ဆိုသည်။

ငလျင်လှုပ်ရှားမှုဖြစ်စေသည့် အကြောင်းအရာများထဲတွင် ပြတ်ရွေ့ရွေ့လျားမှုနှင့် မြေထုချပ်ရွေ့လျားမှုတို့ ပါဝင်ပြီး အဆိုပါ ဖြစ်စဉ်နှစ်ခုမှာ အစဉ်အမြဲဖြစ်ပေါ်နေကာ လှုပ်ရှားမှုပုံမှန်မဟုတ်သည့် အနေအထားတွင် ငလျင်ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းလည်း ယင်းကဆိုသည်။

“အဲ့ဒီ ပြတ်ရွေ့ငယ်ကလည်း အရင်က လှုပ်ဖူးတာ ရှိတယ်။ တအားကြီး ထင်ရှားတာမျိုးတော့ မဟုတ်ပါဘူး။ အင်အားအနေနဲ့တော့ နည်းပြီး လူသတိပြုမိတာကတော့ လူနေထိုင်မှုများတဲ့ နေရာ၊ နီးကပ်တဲ့ နေရာမှာရှိတဲ့ အတွက်ကြောင့် ငလျင်လှုပ်ရှားမှု ပမာဏကနည်းပေမယ့်လည်း သူ့ရဲ့ မြေအောက်ဗဟိုချက်က တိမ်တဲ့အတွက် လူသတိထားမိတာပါ” ဟု ၎င်းက ရှင်းပြသည်။

ငလျင်ဆိုသည်မှာ ကြိုတင်ခန့်မှန်း တွက်ချက်မရသည့်အတွက် ကြိုတင်ပြင်ဆင်ခြင်းသည် အကောင်းဆုံးဖြစ်ပြီး အသိပညာများ လေ့လာထားရန်လိုကာ ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အအုံများကို ဆောက်လုပ်နေထိုင်ခြင်းသည် အကောင်းဆုံးဖြစ်ကြောင်းလည်း ဒေါက်တာယဉ်မျိုးမင်းထွေးက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *