MT News
၂၂.၉. ၂၀၂၃
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံနိုင်ရေးနှင့် နှစ်နိုင်ငံနယ်စပ်ဂိတ်များ တိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး Mr. Wang Xiaohong တို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ ကျန်းစုပြည်နယ် လဲ့ယွင်းဂန် (Lianyun-gang) မြို့ Lianyung New City Hotel ၌ စက်တင်ဘာ ၂၁ ရက်က ကျင်းပသည့် ၂၀၂၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ် (The 2023 Conference of Global Public Security Cooperation Forum) ဖွင့်ပွဲသို့ တက်ရောက်နေသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် Mr. Wang Xiaohong တို့ဖွင့်ပွဲအခမ်းအနားအပြီးတွင် အဆိုပါဟိုတယ်ဧည့်ခန်းမ၌ တွေ့ဆုံကြဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
တွေ့ဆုံစဉ် တရုတ်-မြန်မာနှစ်နိုင်ငံအကြား နှစ်ကာလရှည်ကြာစွာ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံဆောင်ရွက်ခဲ့မှု၊ နှစ်နိုင်ငံနယ်နိမိတ်အတွင်း လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေး၊ နှစ်နိုင်ငံပြည်သူများ အပြန်အလှန် ကူးလူးဆက်ဆံသွားလာနိုင်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်မှု၊ နှစ်နိုင်ငံနယ်စပ်မှတရားမဝင် ဝင်/ထွက်မှုမရှိစေရေး၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ လူကုန်ကူးမှုနှင့် Online Game လောင်းကစားမှု များမရှိစေရန် ပူးပေါင်းဆောင်ရွက်ရေး၊ တရုတ်-မြန်မာ-ထိုင်း-လာအို လေးနိုင်ငံပူးပေါင်း၍ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ လူကုန်ကူးမှုများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် ငွေကြေးလိမ်လည်မှုများကို ထိရောက်စွာဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့် အောင်မြင်မှုနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးခဲ့သည်။
အလားတူ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံနိုင်ရေးအတွက် တရုတ်နိုင်ငံအနေဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးမည့် အခြေအနေ၊ နှစ်နိုင်ငံနယ်စပ်ဂိတ်များ တိုးချဲ့ဖွင့်လှစ်နိုင်ရေးနှင့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး၊ မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်-ရွှေလီ ဝင်ထွက်ဂိတ်မှ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ မြန်မာနှင့်တရုတ် နိုင်ငံသားများအပြန်အလှန်ဝင်ထွက်ခွင့်ပြုရေး စီစဉ်ဆောင်ရွက်နေမှု၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာလုပ်ငန်းများ၌ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။