MT News

Written by Tha Doe

၂၀၂၂ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်လအတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများက ဒေါ်လာသန်း ၁၃၀၀ ကျော် ဝင်ရောက်ထားပြီး အဆိုပါ ပမာဏမှာ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုထက် ငါးဆကျော်ပိုမိုများပြားသည့်အပြင် အမေရိကန်ဦးဆောင်သည့် အဖွဲ့ဝင်နိုင်ငံများဖြစ်သော QUAD၊ AUKUS အဖွဲ့တို့မှလည်း ဒေါ်လာသန်းချီ ဝင်ရောက်မြှုပ်နှံထားသည်ကို တွေ့ရှိရသည်ဟု အမေရိကန်အဖွဲ့အစည်းများ၏ ထောက်ပံ့မှုဖြင့် လည်ပတ်နေသော မြန်မာ့မဟာဗျုဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP Myanmar) က အလေးထားရမည့်အချက်အလက်ဒေတာများ အမှတ်-၂၉ လေ့လာမှုတွင် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ် ပထမခုနစ်လတာကာလအတွင်း အာဆီယံနိုင်ငံများမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလျံကျော် ရှိခဲ့သည်။ တရုတ်ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၂၅၇ သန်း ကျော်ဖြစ်ပြီး ဒုတိယအများဆုံး ဖြစ်သည်။ အာဆီယံ၏ ရင်းနှီးမြှုပ်နှံမှုသည် တရုတ်နှင့်နိူင်းယှဥ်ပါက ငါးဆကျော် များပြားသည်ကိုတွေ့ရှိရသည်။ အမေရိကန်၊ ဂျပန်၊ အိန္ဒိယနှင့် သြစတေးလျနိုင်ငံတို့ ပါဝင်ကြသည့် QUAD အဖွဲ့မှ အမေရိကန်ဒေါ်လာ ခုနစ်သန်းကျော် ဝင်ရောက်ခဲ့ပြီး အမေရိကန်၊ ဗြိတိန်၊ သြစတေးလျနိုင်ငံတို့ ပါဝင်သည့် AUKUS အဖွဲ့မှ အမေရိကန်ဒေါ်လာ သုံးသိန်းကျော် ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခဲ့သည်။ ဥရောပသမဂ္ဂ (EU) ၏ ရင်းနှီးမြှုပ်နှံမှုသည်လည်း အမေရိကန်ဒေါ်လာ လေးသန်း ရှိခဲ့သည်။ သို့သော် အမေရိကန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု လုံးဝဝင်ရောက်ခဲ့ခြင်း မရှိသည်ကို တွေ့ရသည်ဟု ISP Myanmar က ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ အချက်အလက်များအား ကိုးကားဖော်ပြထားသည်။

ထိုသို့ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို နှိင်းယှဥ်တွက်ချက်ရာတွင် ဟောင်ကောင်၏ ရင်းနှီးမြှုပ်နှံမှုများအား တရုတ်ရင်းနှီးမြှုပ်နှံမှုထဲသို့ ထည့်သွင်း တွက်ချက်ထားကြောင်းနှင့် AUKUS တွင် အမေရိကန်၊ ဗြိတိန်နှင့် သြစတေးလျတို့ ပါဝင်ကာ QUAD တွင် အမေရိကန်၊ သြစတေးလျ၊ ဂျပန်နှင့် အိန္ဒိယတို့ ပါဝင်သည်ဟုလည်း အသိပေးထားသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်‌ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံကျော် ဝင်ရောက်ခဲ့ပြီး SAC လက်ထက်တွင် ဒုတိယအများဆုံး ဝင်ရောက်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှု ပမာဏဖြစ်သည်။ လအလိုက်နှိုင်းယှဥ်ကြည့်ပါက ဇန်နဝါရီလတွင် အမေရိကန်ဒေါ်လာ သန်း ၂၆၀ ကျော် ဝင်ရောက်ခဲ့ပြီး ဖေဖော်ဝါရီလတွင် ၂၄ သန်း နီးပါးသာ ဝင်ရောက်ခဲ့သည်။ မတ်လတွင်မူ အမေရိကန်ဒေါ်လာ ၁၁၆ သန်းကျော်အထိ ပြန်ဝင်ရောက်ခဲ့ပြီး၊ ဧပြီလတွင် ခြောက်သန်းနီးပါးသာ ဝင်ရောက်ခဲ့သဖြင့် အနည်းဆုံးဖြစ်ခဲ့သည်။ မေလတွင် အမေရိကန်ဒေါ်လာ ကိုးသန်းကျော်နှင့် ဇွန်လတွင် ခြောက်သန်းကျော်သာ ဝင်ရောက်ခဲ့သော်လည်း ဇူလိုင်လတွင် သန်း ၁,၂၀၀ နီးပါး ပြန်လည်ဝင်ရောက်ခဲ့သည်။ ဇွန်လနှင့် နှိုင်းယှဥ်ပါက တစ်လအတွင်း ရင်းနှီးမြှုပ်နှံမှု အဆ ၁၈၀ နီးပါး မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ထိုရင်းနှီးမြှုပ်နှံမှုတွင် စင်ကာပူနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၁,၀၀၀ ကျော်နှင့် တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ပါဝင်ခဲ့သည်ဟု ISP Myanmar ၏ စစ်တမ်းတွင် ဖော်ပြခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News