MT News

Written by Tha Doe

Covid-19 နှင့် ဆူပူအကြမ်းဖက်မှုများကြောင့် စီးပွားရေးလည်ပတ်နိုင်မှုမရှိဘဲ တိုင်းပြည်စီးပွားရေးကျဆင်းခဲ့သော်လည်း ကိုဗစ်နှင့် အကြမ်းဖက်ဆူပူမှုအား ထိန်းချုပ်နိုင်ပြီဖြစ်၍ စီးပွားရေးဦးမော့လာအောင်ကြိုးပမ်းနေဟု SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

အဆိုပါ ပြောကြားမှုကို ရုရှားနိုင်ငံ၊ Rossiya Segodnya သတင်းအေဂျင်စီ၊ RIA သတင်းဌာနမှ အထူးသတင်းထောက် Ms. Kukushkina Tatiana အား စက်တင်ဘာ ၆ ရက်၌ ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University (FEFU) ၌ တွေ့ဆုံ၍ သိရှိလိုသည့် မေးမြန်းမှုများအား လက်ခံဖြေကြားစဥ် Tatiana က ”မြန်မာနိုင်ငံ စီးပွားရေး အခြေအနေနှင့် ပတ်သက်ပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါ ဒဏ်ခံရပြီး နောက်ပိုင်းမှာလည်း နိုင်ငံတော်တော်များများဟာ စီးပွားရေး အားနည်းနေတာ ရှိပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေအတွင်းမှာ ရွေးကောက်ပွဲပြန်လည် ကျင်းပဖို့ ဖြစ်နိုင်မလား၊ သင့်တော်မလား” ဟု မေးမြန်းစဥ် အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

”ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေး ကျဆင်းခဲ့တာတော့ မှန်ပါတယ်၊ ကိုဗစ်-၁၉ ဖြစ်တာ ၂၀၂၀ ပြည့်နှစ် မတ်လမှာ မြန်မာနိုင်ငံမှာ စတွေ့တာပေါ့၊ အဲ့ဒီမတိုင်ခင်စီးပွားရေး ကျဆင်းနေတယ်ဆိုတဲ့ ကိန်းဂဏန်းတွေနဲ့ ဖော်ပြနေတော့၊ အဲ့ဒီအရှိန်ကြောင့် ကိုဗစ်-၁၉ ဖြစ်တဲ့အချိန်ပိုဆိုးခဲ့တယ်။ ဒုတိယကတော့ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်လာတာကြောင့် စီးပွားရေး မလည်ပတ်နိုင်တဲ့ အတွက် ကျဆင်းခဲ့တာတွေရှိပါတယ်။ သို့သော်လည်းပဲ အခု ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်နိုင်တဲ့ အခြေအနေကို ရောက်လာနိုင်တယ်။ ဆူပူအကြမ်းဖက်မှုတွေကိုလည်း တော်တော်ကို ထိန်းချုပ်နိုင်တဲ့ အခြေအနေကို ရောက်လာပါပြီ။ ဒါကြောင့် စီးပွားရေးက တည်ငြိမ်စပြုလာနိုင်ပြီဟု ပြောနိုင်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ စီးပွားရေး ပြန်လည် ဦးမော့လာအောင် ကြိုးစားဆောင်ရွက်နေပါတယ်၊ အဲ့ဒီတော့ နိုင်ငံရေးနဲ့စီးပွားရေး ဆက်စပ်နေပါတယ်။ စီးပွားရေး ကျဆင်းမယ်ဆိုရင် နိုင်ငံရေးက နည်းနည်း မတည်မငြိမ်ဖြစ်တတ်တဲ့ သဘောသဘာဝရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့က စီးပွားရေး ကောင်းမွန်အောင် ပြန်လုပ်နေပါတယ်” ဟု SAC ဥက္ကဋ္ဌက ပြောသည်။

ထို့ပြင် ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ၃၂၅ မြို့နယ်၊ ၂၀၁၅ ရွေးကောက်ပွဲတွင် ၃၂၃ မြို့နယ်၊ ၂၀၂၀ ရွေးကောက်ပွဲတွင် ၃၁၅ မြို့နယ်သာ ကျင်းပနိုင်ခဲ့ကြောင်းနှင့် ထိုသို့သောနယ်မြေများတွင်ပါ ငြိမ်းချမ်းရေးရအောင်ပြုလုပ်၍ ရွေးကောက်ပွဲကျင်းပပေးနိုင်ရန် ကြိုးစားနေကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောသည်။

”ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကတော့ တစ်နိုင်ငံလုံး အကြားအလပ်မရှိ ရွေးကောက်ပွဲပြုလုပ်နိုင်ရေး ဖြစ်ပါတယ်။ ဒါကြောင့် စောစောက ခင်ဗျားမေးခဲ့တဲ့မေးခွန်းထဲက ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ မေးခွန်းတစ်ခုပါတယ်။ ဒါတွေက ရွေးကောက်ပွဲနဲ့ ဆက်စပ်နေပါတယ်။ ဒါကြောင့် ကျွန်တော်ငြိမ်းချမ်းရေး ရအောင်လုပ်ပြီးတော့မှ အဲ့ဒီနယ်မြေတွေမှာရှိတဲ့ ပြည်သူတွေ ရွေးကောက်ပွဲကိုဝင်နိုင်အောင် ကြိုးစားနေတာ ဖြစ်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံးတော့ ကျွန်တော်ကြိုးစား ဆောင်ရွက်နေပါတယ်။ ရွေးကောက်ပွဲ ဖြစ်ရေး/ မဖြစ်ရေး ဆိုတာကတော့ ငြိမ်းချမ်းရေးနဲ့စီးပွားရေး အားကောင်းလာဖို့ နိုင်ငံရေးတည်ငြိမ်အေးချမ်းဖို့ ဒီအပေါ်မှာ အများကြီး တည်ပါတယ်။ တတ်နိုင်သလောက် ကျွန်တော်တို့ပြောထားတဲ့အတိုင်း ရွေးကောက်ပွဲဖြစ်အောင် ကြိုးစား ဆောင်ရွက်နေတယ်ဆိုတာ ပြောလိုပါတယ်” ဟု ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *