MT News

Written by Tha Doe

ပြည်တွင်းရွှေစျေးမှာ ကျပ် ၂၉ သိန်းဝန်းကျင်တွင် အတက်အဆင်းဖြစ်နေခဲ့ပြီး ဒေါ်လာစျေးမှာလည်း ကျပ် ၃၂၀၀ ခန့်အထိ အတက်အကျဖြစ်ပေါ်နေကြောင်း စက်တင်ဘာ ၁၄ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် ရွှေနှင့် ဒေါ်လာစျေးကွက်အတွင်းမှ သိရသည်။

ပြည်တွင်းရွှေစျေးမှာ စက်တင်ဘာ ၄ ရက်အဖွင့်စျေးတွင် ကျပ် ၂၉ သိန်းဖြင့် ဖွင့်ခဲ့ပြီး နေ့လည်စျေးတွင် ကျပ် ၂၉၆၀၀၀၀ ဖြစ်ခဲ့သော်လည်း ညနေစျေးတွင်မူ ကျပ် ၂၉၄၀၀၀၀ သို့ ပြန်လည်ကျဆင်းခဲ့သည်။

”ရွှေစျေးကျတယ်ဆိုတော့ ဆက်ကျမယ်ဆိုပြီး တချို့ကလည်း ထုတ်ရောင်းတာပေါ့။ အခု နစကရောင်းပေးနေတဲ့ ရွှေဒင်္ဂါးစျေးကလည်း တစ်ပြားကို ၂၈ သိန်းနဲ့ စျေးထပ်ချ ရောင်းပေးနေတယ်လို့ ကြားရတယ်။ ရန်ကုန်၊ မန္တလေးမှာပါ သေသေချာချာရောင်းပေးနိုင်ရင်တော့ ရွှေစျေးက ဆက်ကျဦးမဲ့သဘောမှာရှိတယ်” ဟု ရွှေလုပ်ငန်းလေ့လာသူတစ်ဦးက ဆိုသည်။

ထိုနည်းတူ ဒေါ်လာစျေးကွက်အတွင်း၌လည်း စက်တင်ဘာ ၅ ရက်ခန့်မှစတင်ကာ တစ်ဒေါ်လာ ကျပ် ၃၆၀၀ ဝန်းကျင်ဖြင့် တည်ငြိမ်နေသည့် ဒေါ်လာစျေးမှာလည်း စက်တင်ဘာ ၁၂ ရက်တွင် တစ်ဒေါ်လာ ၃၅၀၀ ကျပ်သို့ ကျဆင်းခဲ့ကာ စက်တင်ဘာ ၁၃ ရက်တွင်မူ ၃၃၀၀ ဝန်းကျင်သို့ ဆက်လက်ကျဆင်းခဲ့ကာ စက်တင်ဘာ ၁၄ ရက်တွင် ကျပ် ၃၂၀၀ ခန့်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရသည်။

”စျေးကွက်ထဲမှာကတော့ ခေါ်စျေးတွေကတော့ ၃၂၀၀၊ ၃၃၀၀ လောက်ပေါ့။ တေ့တေ့ဆိုင်ဆိုင်ဆိုရင် တော့ ၃၁၀၀၊ ၃၁၅၀ လောက်နဲ့ပဲ အရောင်းအဝယ်ဖြစ်တာပါ” ဟု ဒေါ်လာစျေးကွက်လေ့လာသူတစ်ဦးကဆိုသည်။

ပြည်တွင်းရွှေစျေး ဒေါ်လာစျေး ကျဆင်းနေသည့်နည်းတူ ကမ္ဘာ့ရွှေစျေးမှာလည်း ကျဆင်းလာခဲ့ပြီး စက်တင်ဘာ ၁၃ ရက်က ၁၇၂၆ ဒေါ်လာအထိဖြစ်ခဲ့သည့် ကမ္ဘာ့ရွှေစျေးမှာ စက်တင်ဘာ ၁၄ ရက် နံနက်ခင်းတွင် တစ်အောင်စ ၁၇၀၁ ဒေါ်လာဝန်းကျင်နှင့် ညနေပိုင်းတွင် ၁၇၀၃ ဒေါ်လာဝန်းကျင်သို့ ပြန်လည်ကျဆင်းခဲ့သည်။

ကမ္ဘာ့ရွှေစျေးကျဆင်းသည့်နည်းတူ ပြည်တွင်းရွှေစျေးနှင့် ဒေါ်လာစျေးများ ကျဆင်းလာသော်လည်း အခြားစားသုံးကုန်များနှင့် စက်သုံးဆီစျေးတို့မှာ ကျဆင်းခြင်းမရှိဘဲ အတက်ဘက်တွင် ဆက်ရှိနေပြီး စက်သုံးဆီစျေးမှာ စက်တင်ဘာ ၁၂ ရက်တွင် 92 Ron ၂၃၆၅ ကျပ်မှ စက်တင်ဘာ ၁၄ ရက်တွင် ၂၄၈၅ ကျပ်အထိ နေ့စဥ်မြင့်တက်လာခဲ့ပြီး 95 Ron မှာ ၂၄၇၀ ကျပ်မှ ၂၅၇၅ ကျပ်၊ ဒီဇယ်မှာ ၂၉၉၀ မှ ၃၀၆၅ ကျပ်၊ ပရီမီယံဒီဇယ်မှာ ၃၀၇၅ ကျပ်မှ ၃၁၅၀ အထိ နှစ်ရက်အတွင်း ခုန်တက်ခဲ့သည်။ ထိုသို့ စက်သုံးဆီစျေးမြင့်တက်နေ၍ ကုန်စျေးနှုန်းမြင့်တက်နေမှုအပေါ် ထိန်းကြောင်းရန်ဆိုကာ စျေးကွက်အတွင်းသို့ ဒေါ်လာသန်း ၂၀၀ ထည့်ခြင်းပြုလုပ်မည်ဟု ဗဟိုဘဏ်က ကြေညာထားသည့်အပြင် ရုရှားနိုင်ငံမှ စက်သုံးဆီများလည်း မကြာမီရက်ပိုင်းအတွင်းရောက်ရှိမည်ဖြစ်ကြောင်းနှင့် ရူဘယ်လ်ငွေဖြင့်ပေးချေလိုကြောင်း ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။

” ကျွန်တော်တို့ ရုရှားကနေ လောင်စာဆီဝယ်ဖို့ ဆောင်ရွက်နေတာ တော်တော်ခရီးရောက်နေပါပြီ။ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို ရောက်မှာပါ။ ဆက်ပြီးတော့ ဝယ်ယူသွားဖို့လည်း ရှိပါတယ်။ ငွေပေးချေရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကတော့ ရုရှားနိုင်ငံက လက်ခံတဲ့ငွေကြေးနဲ့ပေးမှာဖြစ်ပါတယ်။ ရူဘယ်လ်နဲ့ ပေးရမယ်ဆိုလည်း ရူဘယ်လ်နဲ့ရအောင် စီစဥ်ပြီးပေးမှာဖြစ်ပါတယ်။ ရူဘယ်လ်နဲ့ ပေးချေဖို့ ပိုပြီး ဆန္ဒရှိပါတယ်။ တခြားငွေကြေးနဲ့ဆို ကန့်သတ်ချက်ရှိနေပါတယ်” ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *