photo crd : MASES

၇.၁၁.၂၀၂၂

Written by Hey Mar

သွေးရောင်လွှမ်းသည့် လအပြည့်ကြတ်ခြင်းဖြစ်စဉ်ကို မြန်မာနိုင်ငံမှ တန်ဆောင်မုန်းလပြည့်ကျော် တစ်ရက်နေ့ဖြစ်သော နိုင်ဝင်ဘာ ၈ ရက်နေ့တွင် မြင်တွေ့နိုင်မည်ဟု MASES – Myanmar Astronomy & Science Enthusiasts Society မှ တာဝန်ရှိသူက MTNews သို့ ပြောသည်။

လကြတ်ချိန်တွင် လကို သွေးနီရောင်အဖြစ် မြင်တွေ့ရမည်ဖြစ်ပြီး ထိုသို့မြင်ရခြင်းမှာ နေရောင်သည် ကမ္ဘာ့လေထုကို ဖြတ်သွားသည့်အခါ နေရောင်ထဲတွင်ပါဝင်သည့် အစိမ်း၊ အပြာ၊ မဲနယ်၊ ခရမ်း စသည့်အရောင်များသည် လေထုထဲတွင် refract (အလင်းယိုင်) သွားခြင်းကြောင့် ကျန်နေသည့် အနီရောင်ကသာ လပေါ်ကျရောက်သည့်အတွက် လ မှာ အနီရောင်ပြောင်းသွားခြင်းဖြစ်သည်။

ထို့အပြင် ကမ္ဘာ့လေထုရှိ ဖုန်မှုန့်များနှင့် အမှုန်အမွှား၊ မီးခိုးများကြောင့် အနီရောင်အနေနှင့် မြင်တွေ့ရခြင်းလည်းဖြစ်သည် ဟု MASES – Myanmar Astronomy & Science Enthusiasts Society မှ ဝါသနာရှင်တစ်ဦးက ၎င်းတို့၏လေ့လာတွေ့ရှိချက်ကို ရှင်းပြသည်။

လကြတ်ခြင်းဖြစ်စဉ်သည် နှစ်စဉ်နှစ်တိုင်း ဖြစ်ပေါ်နေသည့် ဖြစ်စဉ်မျိုးဖြစ်သော်လည်း လူများ သတိမမူမိခြင်းကြောင့် မြန်မာနိုင်ငံမှ မမြင်တွေ့ရသည့် ဖြစ်စဉ်များ ရှိခဲ့ကြောင်းလည်း အဆိုပါ အဖွဲ့အစည်းမှ တာဝန်ရှိသူက ဆိုသည်။

လကြတ်သည့်ဖြစ်စဉ် စတင်သည့်အချိန်သည် မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံများ၏ နေ့လည်ပိုင်း အချိန် ၂ နာရီ ဝန်းကျင်ခန့်တွင် စတင်မည်ဟု ခန့်မှန်းထားသည်။ အပြည့်ကြတ်သည့် ဖြစ်စဉ် စတင်မည့်အချိန်မှာ မြန်မာစံတော်ချိန် ၄ နာရီ ၄၆ မိနစ် တွင်ဖြစ်ပြီး ထိုအချိန်တွင် မြန်မာနိုင်ငံမှ မြင်ရဦးမည် မဟုတ်ဟု သိရသည်။

မြန်မာနိုင်ငံမှ လထွက်ချိန်သည် ၅ နာရီ ၂၈ မိနစ်တွင် ဖြစ်ပြီး လအပြည့်ကြတ်ခြင်းဖြစ်စဉ် ပြီးဆုံးချိန်မှာ ညနေ ၆ နာရီ ၁၁ မိနစ်တွင်ဖြစ်ကြောင်း ထိုအတွက်ကြောင့် လအပြည့်ကြတ်ခြင်း ဖြစ်စဉ်ကို မိနစ် ၄၀ ခန့်သာ မြင်ရမည်ဖြစ်ပြီး ထိုဖြစ်စဉ်ကို မြင်တွေ့နိုင်ရန်အတွက် အရှေ့ဖက် ကောင်းကင် မိုးကုတ်စက်ဝိုင်းနားအထိ မြင်ကွင်းရှင်းသည့် အမြင့်တနေရာမှ ကြည့်ရှုမှသာ မြင်နိုင်မည်လည်းဖြစ်သည်။

MASES – Myanmar Astronomy & Science Enthusiasts Society မှ တာဝန်ရှိသူက “လပြည့်တဲ့အချိန်မှာ ကမ္ဘာဟာ နေနဲ့ လကြားကျရောက်တဲ့ အတွက် “လကြတ်” တာကလဲ လပြည့်နေ့မှာပဲဖြစ်ပေါ်ပါတယ်။ လဟာ ကမ္ဘာရဲ့ အရိပ်ထဲ ဝင်သွားတဲ့အတွက်လကြတ်ခြင်း ဆိုတာဖြစ်ပေါ်ပါတယ်။ ဒီလိုဖြစ်ဖို့အတွက် ကမ္ဘာက နေနဲ့လကြား ရောက်နေတဲ့အချိန်မှာ ကမ္ဘာ၊ နေ၊ လ ဟာ တစ်တန်းတည်းဖြစ်ဖို့လိုတာကြောင့် လပြည့်ညမှာသာ လကြတ်ခြင်းဖြစ်ပေါ်တာပါ။ ဒါ့အပြင် လ အမှန်တကယ်ပြည့်တဲ့ရက် သို့မဟုတ် လကြတ်ခြင်း ဖြစ်ပေါ်တဲ့နေ့ နဲ့ မြန်မာ ပြက္ခဒိန်ထဲ က လပြည့်နေ့ဟာ တချို့ လတွေမှာ တစ်ရက် ကွာခြားပါတယ်။ လပြည့်တဲ့ အချိန်နဲ့ နောက်တစ်ခါထပ် လပြည့်မယ့်အချိန်နှစ်ခုကြားက ကြာချိန်က ပျမ်းမျှ ၂၉.၅၃ ရက်ရှိပါတယ်။ အဲဒါကြောင့် လဆန်းတစ်ရက်နေ့မှာ လတစ်ခုကိုစတဲ့ လကိုအခြေခံတဲ့ ကျွန်တော်တို့မြန်မာပြက္ခဒိန်လိုမျိုး ပြက္ခဒိန်တွေမှာဆိုရင် လပြည့်နေ့ဟာ ၁၄ရက်နေ့ ဒါမှမဟုတ် ၁၅ရက် နေ့မှာကျရောက်တာပါ။ ဘာလို့လဲဆိုတော့ ပြက္ခဒိန်တွေမှာ ရက်တွေက အပြည့်ကိန်းတွေအနေနဲ့ ပါဝင်ပြီး လတစ်လဟာ ၂၉ရက်/ ၃၀ရက်လောက် ပါဝင်နေလို့ပဲဖြစ်ပါတယ်။” ဟု ရှင်းပြသည်။

လကြတ်ခြင်း ဖြစ်စဉ် အချိန်ဇယားကိုအောက်ပါအတိုင်း မှတ်သားနိုင်သည်။ လ စတင်ကြတ်ချိန် ၂း၃၂၊ လ တစ်စိတ်တစ်ပိုင်း စကြတ်ချိန် ၃း၃၉၊ လ အပြည့်စတင် ကြတ်ချိန် ၄း၄၆၊ လ စတင်ထွက်လာချိန် ၅း၂၈၊ လ တစ်ခုလုံးအပြည့်ကြတ်ချိန် ၅း၂၉၊ လအပြည့်ကြတ်ခြင်းဖြစ်စဉ် ပြီးဆုံးချိန် ၆း၁၁၊ လတစိတ်တပိုင်းကြတ်ခြင်း ပြီးဆုံးချိန် ၇း၁၉၊ လကြတ်ခြင်းဖြစ်စဉ် ပြီးဆုံးချိန် ၈း၂၆ ဖြစ်သည်။

လကြတ်ခြင်းဖြစ်စဉ်ကို စောင့်ကြည့်မည်ဆိုပါက လထွက်သည့်အချိန် ညနေ ၅ နာရီခွဲခန့်မှစပြီး အရှေ့ဖက် ကောင်းကင်ကို ရှင်းရှင်းလင်းလင်း မြင်ရသည့်နေရာမှသာ စောင့်ကြည့်၍မြင်နိုင်ပြီး လအပြည့်ကြတ်ခြင်းဖြစ်စဉ်ကို မမြင်တွေ့ရလျှင်လည်း မိုးကုတ်စက်၀ိုင်း အပေါ်သို့ တဖြည်းဖြည်း တက်လာမည့် လ၏ တစိတ်တပိုင်း ကြတ်ခြင်း ဖြစ်စဉ်ကိုတော့ မြင်တွေ့ရနိုင်မည်ဖြစ်သည်ဟု MASES – Myanmar Astronomy & Science Enthusiasts Society မှ ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင်လည်း မျှဝေထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *