၇ .၈. ၂၀၂၅
Written by Thiri
ကရင်ပြည်နယ်၊ သံတောင်ခရိုင်၊ သံတောင်ကြီးမြို့နဲ့ အနီးတစ်ဝိုက်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုတွေဖြစ်ပေါ်နေလို့ လူသေဆုံးမှုက ဒီကနေ့ ဩဂုတ်လ ၇ ရက်နေ့ အထိ ၁၃ ဦးရှိလာပြီဖြစ်ကာ သံတောင်မြို့ ပတ်ဝန်းကျင်က ရွာခြေတချို့မှာလည်း အိမ်အပြိုအပျက်တွေအောက် ပိမိပျောက်ဆုံးနေတဲ့ လူတွေ တိုးလာနေပြီး ပျောက်ဆုံးနေသူတွေကလည်း ခန့်မှန်းခြေ ၃၀ ကျော်ရှိနေတယ်လို့ ကူညီကယ်ဆယ်ရေး သွားရောက်ခဲ့တဲ့ တောင်ငူအခြေစိုက် Save The Trees Rescue Team မှ တာဝန်ရှိသူက MT Newsကို ပြောပါတယ်။
ဉယျာဉ်ခြံမြေ ပျက်စီးမှု များပြားပြီး သံတောင်မြို့ပေါ် ရပ်ကွက် ၅ ခုမှာ ပျက်စီးအိမ်ခြေက အလုံး ၃၀ လောက် ခန့်မှန်းရကြောင်းလည်း ဒေသခံတချို့က ဆိုပါတယ်။ ဥယျာဥ်ခြံမြေတွေဘက် မြေပြိုသေဆုံးသူတွေကို သွားရောက်ဖော်ထုတ် သယ်ယူလာဖို့ကလည်း လမ်းတွေပျက်နေပြီး လမ်းခန့်မှန်းဖို့က နယ်မြေခံအတွက်တောင် ခက်ခဲနေတာမို့ တောင်ငူကတက်သွားတဲ့ အသင်းတွေအနေနဲ့ သံတောင် – တောင်ငူလမ်းကိုသာ ပြုပြင်ပြီး ပြန်ဆင်းလာခဲ့ရတယ်လို့ ဆိုပါတယ်။
“သံတောင်နဲ့ တောင်ငူ ချိတ်ဆက်နိုင်ယုံ လမ်းရှင်းပြီး မနေ့က ပြန်ဆင်းခဲ့တယ်။ ဆက်တိုးရင် မိုးက အဆက်မပြတ်သေးတော့ ကျွန်တော်တို့ပါ ပိတ်မိနိုင်လို့ပါ။ ကျွန်တော်တို့ ရောက်တဲ့အချိန် မြို့ထဲက မြေပြိုပြီး အိမ်ပိနေတဲ့ နေအိမ်တချို့ ရှင်းလင်းပြီး ရုပ်အလောင်းထုတ်တာ လုပ်ပေးနိုင်ခဲ့ပါတယ်။ ပြန်တက်ပြီး ဥယျာဉ်ခြံရှင်းဖို့တွေလည်း ချိတ်ဆက်ကူဖို့ ကြိုးစားနေပါတယ်။ တောင်ငူမှာလည်း ရေက အတက်အကျ ကြမ်းနေတော့ အဖွဲ့တွေခွဲပြီး စောင့်ကြည့်ရတာပေါ့” လို့ Save The Trees Rescue Team မှ တာဝန်ရှိသူက MT Newsကို ပြောပါတယ်။
သံတောင်မှာ အဓိက အသက်မွေးဝမ်းကျောင်းက နှစ်ရှည် ဥယျာဉ်ခြံဖြစ်တဲ့ ဒညင်း၊ ဒူးရင်းနဲ့ ကွမ်းပင်၊ ဖာလာ ဒါတွေ အဓိက စိုက်ပျိုးတာဖြစ်ပါတယ်။ အခု ရေကြီးရေလျှံမှု ဖြစ်စဉ်ကြောင့် သံတောင်ကြီး မြို့တွင်းနဲ့ သံတောင်ကြီးတစ်ဝိုက်က ကျေးရွာတွေဖြစ်တဲ့ လိပ်ပြာလေးရွာ၊ ခိုဝယ်ရွာနဲ့ အခြားကျေးရွာ ဥယျာဥ်ခြံတွေထဲမှာ သေဆုံးသူ၊ ပျောက်ဆုံးသူ၊ ပိတ်မိသူတွေ ရှိနေနိုင်ပြီး လတ်တလော စာရင်း အတိအကျရဖို့ ခက်ခဲနေတာလို့လည်း သိရပါတယ်။
အခုဖြစ်ပွားတဲ့ မြေပြိုမှုက အရင်က တစ်ခါမှ ဒေသခံ တွေ့ကြုံဖူးခဲ့ခြင်းမရှိတဲ့ ဖြစ်စဥ်ဖြစ်ကြောင်းနဲ့ ကြီးမားတဲ့ ဆုံးရှုံးမူတွေနဲ့ မြေပြိုမှုတွေကို ပထမဆုံးအကြိမ် ဒေသခံတွေ ကြုံရတာလို့ ဆိုပါတယ် ။အထင်ကရ ချောင်းတွေ၊ တံတားတွေနဲ့ ကျေးရွာချင်းဆက် တံတားကြီး၊ တံတားငယ်တွေ ပျက်စီးခဲ့သလို ပျောက်ပျက်ဖို့ ခက်လှတဲ့ နှစ်ရှည်ပင်တွေပါ ရေစီးကြောင့် မျောပါပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့လည်း သိရပါတယ်။
လာမယ့် စက်တင်ဘာလမှာ ဖာလာခူးဆွတ်ရမယ့်အချိန် ဖြစ်ပေမယ့် အခုအခြေနေတွေကြောင့် ဒေသခံတွေ အသက်မွေးဝမ်းကြောင်း ပိုမိုခက်ခဲလာနိုင်ကြောင်းလည်း ဒေသခံတစ်ဦးက အခြေအနေတချို့ကို မျှဝေထားပါတယ်။
သံတောင်မြို့မှာ ဥယျဥ်ခြံမြေပြိုမှုတွေက ဇူလိုင်လကတည်းက ဖြစ်ပေါ်နေပြီး ဩဂုတ်လ ၃ ရက် သန်းခေါင်ကျော်ကစပြီး ၄ ရက်နေ့ မနက်အစောပိုင်းကတည်းက ရွာသွန်းတဲ့မိုးကြောင့် မြေပြိုမှု ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး ဆက်သွယ်ရေး လိုင်းတွေ ပြတ်တောက်ကာ၊ လမ်းပန်းဆက်သွယ် ရေးလည်း ပိတ်ဆို့နေပြီး အစားအသောက်နဲ့ သောက်သုံးရေ လိုအပ်လာနေကာ အပျက်အစီးတွေကို ရှင်းလင်းဖို့ စက်ယန္တရားအင်အား၊ လူအင်အားလည်း လိုအပ်နေတယ်လို့ သိရပါတယ်။



