၇.၈.၂၀၂၅
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီက ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို သွားရောက်လည်ပတ်တဲ့အနေနဲ့ ဩဂုတ်လကုန်ပိုင်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အိမ်ရှင်အဖြစ်ကျင်းပမယ့် ရှန်ဟဲပူးပေါင်းဆောင်ရွက်ရေးထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖွယ်ရှိတယ်လို့ သိရပါတယ်။
ထိပ်သီးဆွေးနွေးပွဲမှာ အိန္ဒိယနိုင်ငံက ပါဝင်တက်ရောက်ရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေပြီး အခမ်းအနားအစီအစဉ်အရ မိုဒီနဲ့ ရှီတို့အကြား တွေ့ဆုံဆွေးနွေးကြဖို့ အလားအလာရှိမှုလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
သြဂုတ် ၃၁ ရက်မှ စက်တင်ဘာလ ၁ ရက်အထိ ကျင်းပမယ့် ရှန်ဟဲပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဆွေးနွေးပွဲ Shanghai Cooperation Summit (SCO) တက်ရောက်ဖို့အတွက် အိန္ဒိယဝန်ကြီးချုပ်ရဲ့လာရောက်ဖို့အလားအလာရှိတဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ နှစ်နိုင်ငံအကြား ဆက်သွယ်ဆောင်ရွက်မှုရှိနေပါတယ်။ ဝန်ကြီးချုပ်မိုဒီရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ နှစ်နိုင်ငံစလုံးမှ တရားဝင် အတည်ပြုပြောကြားမှု မရှိသေးပေမယ့် အိန္ဒိယအစိုးရသတင်းရင်းမြစ်တွေအရ တရုတ်သမ္မတ ရှီကျင့်ဖိန်က တီယန်ကျင်းမြို့မှာ လက်ခံကျင်းပမယ့် ထိပ်သီးဆွေးနွေးပွဲမှာ အိန္ဒိယနိုင်ငံကပူးပေါင်းပါဝင်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။အဲဒီထိပ်သီးဆွေးနွေးပွဲကို ရုရှားသမ္မတ ဗလာဒီမာပူတင်လည်း တက်ရောက်မှာဖြစ်ပါတယ်။
ဝန်ကြီးချုပ်မိုဒီအနေနဲ့ နှစ်စဉ်ကျင်းပတဲ့ အိန္ဒိယ-ဂျပန် ထိပ်သီးဆွေးနွေးပွဲကိုတက်ရောက်ဖို့ တိုကျိုမြို့ကို တရုတ်နိုင်ငံခေါင်းဆောင်တွေနဲ့အတူ သွားရောက်လည်ပတ်မယ်လို့လည်း မျှော်လင့်ရပါတယ်။ ရှန်ဟဲပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဆွေးနွေးပွဲကို မိုဒီတက်ရောက်မယ်လို့ အိန္ဒိယအစိုးရက တရားဝင်အတည်ပြုပြီးတာနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက အိန္ဒိယကိုသွားပြီး ထိပ်သီးဆွေးနွေးပွဲကျင်းပနေခိုက်မှာ မိုဒီနဲ့ ရှီတို့နှစ်ဦးဆွေးနွေးမယ့်အကြောင်းအရာတွေကို ဦးစွာညှိနှိုင်းမှာပါ။ ဝမ်ရိအနေနဲ့ နယ်နိမိတ်ပြဿနာအတွက် အိန္ဒိယနိုင်ငံအမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် အဂျစ်ဒိုဗယ်လ်နဲ့ ဆွေးနွေးလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။
မိုဒီက SCO ထိပ်သီးဆွေးနွေးပွဲအတွက် ၂၀၁၈ ခုနှစ် ဇွန်လကလည်း တရုတ်နိုင်ငံကို နောက်ဆုံးသွားခဲ့ပါသေးတယ်။ အိန္ဒိယအစိုးရက ယူရေးရှားနိုင်ငံတွေအုပ်စုအတွက် အကြွင်းမဲ့ထောက်ခံမှုမပေးခဲ့ပေမယ့် ဒီအုပ်စုအနေနဲ့ အာရှအလယ်ပိုင်းနဲ့ အိန္ဒိယဆက်ဆံရေးအပြင် အာဖဂန်နစ္စတန်မှာ သူ့ရဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ အရေးကြီးတယ်လို့ အိန္ဒိယအစိုးရက ရှုမြင်ပါတယ်။ ဒါ့ပြင် အနောက်နိုင်ငံတွေအတွက် အလားအလာရှိသော တန်ပြန်အင်အားအဖြစ် မကြာခဏ ရှုမြင်ခံရလေ့ရှိတဲ့ SCO ဟာ အိန္ဒိယအတွက် သူ့ရဲ့မဟာဗျူဟာမြောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အခိုင်အမာရရှိစေမယ့် ပလက်ဖောင်းတစ်ခုလည်းဖြစ်ပါတယ်။
တကယ်လို့ မိုဒီရဲ့ခရီးစဉ် အတည်ဖြစ်ခဲ့မယ်ဆိုရင် ဒီခရီးစဉ်က အိန္ဒိယနဲ့ အမေရိကန်တို့ရဲ့ ဆက်ဆံရေးကို မီးမြှိုက်လောင်ကျွမ်းပျက်စီးစေမယ့် ကုန်သွယ်ရေးမီးမုန်တိုင်းရဲ့ ဗဟိုချက်မအဖြစ်ရောက်လာမှာလည်း ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အိန္ဒိယနဲ့ ရုရှားတို့ကို ကုန်သွယ်မှုစည်းကြပ်ခွန်အဖြစ်၂၅ ရာ ခိုင်နှုန်း ထပ်မံကောက်ခံမယ်လို့ ဩဂုတ်လ ၆ ရက်မှာ ကြေညာခဲ့တာက ထရမ့်ပ်အဖို့ အိန္ဒိယကို အဆက်မပြတ် ပစ်မှတ်ထားသလိုဖြစ်ခဲ့ပြီး နှစ်နိုင်ငံကြား ယုံကြည်မှုကို ပျက်ပြားဆိုးရွားစေခဲ့ပါတယ်။
မိုဒီက တရုတ်နိုင်ငံကို တကယ်ပဲ ခရီးထွက်မယ်ဆိုရင် ပူတင်နဲ့ တွေ့ဆုံဆွေးနွေးမှုမရှိဘဲနဲ့လည်း ပြန်လာဖို့ မဖြစ်နိုင်ပါဘူး။ မိုဒီဟာ အခုနှစ်နှောင်းပိုင်းမှာ ကျင်းပမယ့် နှစ်ပတ်လည် အိန္ဒိယ-ရုရှား ထိပ်သီး အစည်းအဝေးအတွက် ရုရှားသမ္မတကို အိမ်ရှင်အဖြစ်လည်း လက်ခံကျင်းပသွားဖို့ရှိနေတာပါ။
တရုတ်သမ္မတ ရှီကျင့်ဖိန်က ၂၀၁၉ ခုနှစ်မှာ အိန္ဒိယကို သွားရောက်ခဲ့တုံးမှာ မိုဒီနဲ့တွေ့ဆုံဆွေးနွေးခဲ့ကြပြီးတဲ့နောက် အခုတစ်ကြိမ်က နှစ်နိုင်ငံခေါင်းဆောင်တွေအတွက် ဒုတိယအကြိမ် တရားဝင်တွေ့ဆုံမှုလည်း ဖြစ်လာမှာပါ။ ခေါင်းဆောင် ၂ ဦးဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ရုရှားနိုင်ငံ၊ ကာဇန်မြို့မှာ BRICS ထိပ်သီးဆွေးနွေးပွဲကျင်းပစဉ်ကလည်း တွေ့ဆုံခဲ့ကြပါသေးတယ်။
ဒီနောက်မှာတော့ အဂျစ်ဒိုဗယ်လ်၊ နိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျေရှန်ကန်၊ ကာကွယ်ရေးဝန်ကြီး ရတ်ဂျ်နာ့တ်ဆင်းနဲ့ နိုင်ငံခြားရေးဝန်ကြီး ဗစ်ကရမ် မီဆရီတို့အပါအဝင် အိန္ဒိယမှ တရုတ်နိုင်ငံကို အဆင့်မြင့်လာရောက်လည်ပတ်မှုတွေ အများအပြားရှိခဲ့ပါတယ်။ ဒီအဆင့်မြင့် အစည်းအဝေးတွေ အပြီးမှာလည်း နှစ်ဖက်စလုံးက အိန္ဒိယလူမျိုးတွေအတွက် မန်ဆာရိုဗာရေချိုကန် ဒေသကို ဘုရားဖူးခရီးစဉ် ပြန်လည် စတင်ပေးဖို့နဲ့ တရုတ်နိုင်ငံသားတွေအတွက် ခရီးသွားဗီဇာခွင့်ပြုချက်တွေပေးဖို့ တောင်းဆိုချက်တွေကို ဖြေရှင်းနိုင်ဖို့ နှစ်ဖက်စလုံးက ကြိုးပမ်းခဲ့ကြပါတယ်။
Ref- Indian Express
