၈. ၇. ၂၀၂၅
Translated by Thettant
ဆူဒန်လေတပ်သည် ဩဂုတ် ၆ ရက်တွင် ဆူဒန်နိုင်ငံအနောက်ပိုင်း တောင်ဒါဖာပြည်နယ် မြို့တော်ညာလာ၌ ကိုလံဘီလာ ကြေးစားတပ်သားများ တင်ဆောင်လာသော အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) လေယာဉ်တစ်စင်းအား ဖျက်ဆီးခဲ့ရာ ကြေးစားတပ်သား ဒါဇင်နှင့်ချီ သေဆုံးခဲ့ကြောင်း ဆူဒန်ရုပ်မြင်သံကြားက ထိုနေ့တွင် သတင်းဖော်ပြခဲ့သည်။
ALBAWABA သတင်းဌာန၏ ဖော်ပြချက်အရ ယူအေအီးက ပိုင်ဆိုင်သည်ဟု ယူဆရသည့် ကိုလံဘီယာကြေးစားစစ်သား ဒါဇင်နှင့်ချီ၍ တင်ဆောင်လာသော စစ်လေယာဉ် (Emirati Aircraft) တစ်စင်းကို တောင် ဒါဖာပြည်နယ်ရှိ ညာလာလေဆိပ်သို့ ဆင်းသက်လာစဉ် ဆူဒန်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုဖြင့် ဖျက်ဆီးပစ်လိုက်ကြောင်း ဆူဒန်အစိုးရပိုင် ရုပ်သံသတင်းဌာနက ဖော်ပြခဲ့သည်။
သတင်းများအရ သေဆုံးသူ အနည်းဆုံး ၄၀ ဦးရှိပြီး ၎င်းတို့အားလုံးသည် Rapid Support Forces (RSF) နှင့် ပူးပေါင်းထားသော နိုင်ငံခြားသားတိုက်ခိုက်ရေးသမားများ ဖြစ်သည်ဟု ယူဆရသည်။ ဆူဒန်အရာရှိများက ပါရှန်းပင်လယ်ကွေ့ လေတပ်အခြေစိုက်စခန်းတစ်ခုမှ ထွက်ခွာလာသည်ဟု ပြောကြားခဲ့သော လေယာဉ်သည် RSF ထိန်းချုပ်ရာ နယ်မြေအတွက် ရည်ရွယ်သည့် လက်နက်နှင့် စစ်ဘက်ဆိုင်ရာပစ္စည်းများကို သယ်ယူပို့ဆောင်လာသည်ဟုလည်း သတင်းများက ဖော်ပြသည်။
အမည်မဖော်လိုသည့် ဆူဒန်စစ်ဘက်သတင်းရင်းမြစ်တစ်ဦးကမူ အဆိုပါ ယူအေအီးလေယာဉ်သည် ၂၀၂၃ ခုနှစ် ဧပြီလကတည်းက ဆူဒန်စစ်တပ်နှင့် တိုက်ခိုက်နေသော RSF ကို ဆန့်ကျင်သည့် စစ်ရေးလှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် “ဗုံးကြဲတိုက်ခိုက်ပြီး လုံးဝဖျက်ဆီးပစ်လိုက်သည်” ဟု ပြောကြားခဲ့သည်။
ဆူဒန်စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Abdel Fattah al-Burhan, RSF တပ်မှူး Mohamed Hamdan Daglo နှင့် ယူအေအီးအစိုးရတို့ကမူ တရားဝင်မှတ်ချက်တစ်စုံတစ်ရာ ပေးခြင်းမရှိသေးပေ။
သို့သော် ကိုလံဘီယာသမ္မတ Gustavo Petro က အဆိုပါဖြစ်ရပ်ကို အသိအမှတ်ပြုခဲ့ပြီး ၎င်း၏အစိုးရအနေဖြင့် ကိုလံဘီယာနိုင်ငံသားမည်မျှ သေဆုံးခဲ့ကြောင်းကို စုံစမ်းစစ်ဆေးနေကြောင်း၊ ၎င်းတို့၏ရုပ်အလောင်းများ ပြန်လည်ရရှိရေးအတွက် လုပ်ဆောင်နေကြောင်း လူမှုမီဒီယာတွင် ဖော်ပြခဲ့သည်။ သမ္မတ Gustavo Petro က ကိုလံဘီယာတွင် ကြေးစားစစ်သားလုပ်ကိုင်ခြင်းကို တားမြစ်ရန် ဥပဒေပြဋ္ဌာန်းချက်များ အရေးပေါ်ခေါ်ယူခဲ့ကြောင်း ကြေညာခဲ့သည်။ ထို့အပြင် ဒါဖော လေကြောင်းတိုက်ခိုက်မှုတွင် ကိုလံဘီယာလူမျိုး ၄၀ ဦးအထိ သေဆုံးသည်ဟု အတည်မပြုနိုင်သည့် သတင်းများကြောင့် ၎င်းသည် အီဂျစ်နိုင်ငံရှိ ကိုလံဘီယာသံအမတ်ကို သေဆုံးသူဦးရေကို စစ်ဆေးအတည်ပြုရန် ညွှန်ကြားထားသည်ဟုလည်း အတည်ပြုခဲ့သည်။
အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ကမူ ၎င်း၏ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချသည့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ဆူဒန်ပြည်တွင်းစစ်တွင် မည်သို့မျှပါဝင်ပတ်သက်မှု မရှိကြောင်း သို့မဟုတ် လက်နက်ကိုင်အဖွဲ့များကို ထောက်ပံ့ပေးခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။
ယူအေအီးက တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုမထားဘဲ “Port Sudan အာဏာပိုင်များ” ဟု ခေါ်ဆိုသည့် ဆူဒန်အစိုးရအဖွဲ့၏ စွပ်စွဲချက်များသည် အခြေအမြစ်မရှိသော နိုင်ငံရေးရည်ရွယ်ချက်များဖြင့် လုပ်ဆောင်နေကြောင်း ငြင်းပယ်ချက်ထုတ်သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် ဆူဒန်နိုင်ငံ၌ ငြိမ်းချမ်းပြီး အရပ်သားဦးဆောင်သည့် အသွင်ကူးပြောင်းရေးကို ဆက်လက်ပံ့ပိုးကူညီရန် ယူအေအီး၏ ကတိကဝတ်ကို အလေးပေးဖော်ပြခဲ့ပြီး၊ ပဋိပက္ခနှင့် ခိုင်လုံသော ဆက်နွှယ်မှုမရှိကြောင်း အထောက်အထားအဖြစ် ကုလသမဂ္ဂကျွမ်းကျင်သူများအဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာတရားရုံး၏ ဆုံးဖြတ်ချက်အပါအဝင် မကြာသေးမီက ထုတ်ပြန်ခဲ့သော နိုင်ငံတကာဆုံးဖြတ်ချက်များနှင့် အစီရင်ခံစာများကို ကိုးကားဖော်ပြခဲ့သည်။
ဤကဲ့သို့ ယူအေအီးဘက်က ငြင်းဆိုမှုများရှိနေသော်လည်း ဆူဒန်နိုင်ငံတွင် ကိုလံဘီယာကြေးစားစစ်သားများ လှုပ်ရှားနေသည့် သတင်းများမှာ ၂၀၂၄ ခုနှစ်နှောင်းပိုင်းကတည်းက ပေါ်ပေါက်ခဲ့သည်။ ယခုသီတင်းပတ်အတွင်း ဒါဖောပြည်နယ်ရှိ အစိုးရနှင့်ပူးပေါင်းထားသော ပူးပေါင်းတပ်ဖွဲ့များက RSF နှင့်အတူ ကိုလံဘီယာတိုက်ခိုက်ရေးသမား ၈၀ ကျော်သည် စစ်တပ်၏ထိန်းချုပ်မှုအောက်တွင် နောက်ဆုံးကျန်ရှိနေသော ဒါဖောပြည်နယ် မြို့တော်ဖြစ်သည့် အယ်ဖာရှာ (El Fasher) တွင် စစ်ဆင်ရေးများတွင် ပါဝင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
အဆိုပါအဖွဲ့က ကြေးစားစစ်သားများစွာသည် မကြာသေးမီက ဒရုန်းနှင့် အမြောက်တပ်ဖွဲ့၏ တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့သည်ဟု ပြောကြားခဲ့သည်။ AFP သတင်းဌာနကလည်း အမှီအခိုကင်းစွာ အတည်ပြုနိုင်ခြင်းမရှိသော်လည်း နိုင်ငံခြားသားတိုက်ခိုက်ရေးသမားများ၊ ကိုလံဘီယာလူမျိုးများဖြစ်နိုင်သည်ဟု ယူဆရသည့် ဗီဒီယိုများကို ထုတ်ပြန်ခဲ့သည်။
ကိုလံဘီယာသည် ၎င်း၏နိုင်ငံသားအချို့ နိုင်ငံခြားပဋိပက္ခများတွင် ပါဝင်ပတ်သက်နေခြင်းအပေါ် စိုးရိမ်ပူပန်မှုကို ယခင်ကတည်းက အသိအမှတ်ပြုခဲ့သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ဆူဒန်က ကိုလံဘီယာနိုင်ငံခြားရေးဝန်ကြီးဌာနသည် ၎င်း၏နိုင်ငံသားများ စစ်ပွဲတွင် ပါဝင်ပတ်သက်နေခြင်းအပေါ် စိတ်မကောင်းဖြစ်ရကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု သတင်းပို့ခဲ့သည်။
ကိုလံဘီယာကြေးစားစစ်သားများမှာ ယခင်က စစ်သားများဖြစ်လေ့ရှိပြီး ကမ္ဘာတစ်ဝန်းရှိ ပုဂ္ဂလိက စစ်ရေးစစ်ဆင်မှုများတွင် အမှုထမ်းနေကြောင်း လူသိများကာ ယီမင်နှင့် ပါရှန်းပင်လယ်ကွေ့ရှိ ယူအေအီးဦးဆောင်သော စစ်ဆင်ရေးများတွင်လည်း ပါဝင်ခဲ့ဖူးသည်။
Ref, Xinhua & ALBAWABA


