
၇.၈၂၀၂၅
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အနောက်ဘက်ပိုင်းရှိ ရှင်ကျန့် ကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေအတွင်း ရှုခင်းသာယာလှပတဲ့နေရာတစ်ခုမှာ ကြိုးတံတားတစ်စင်း ဩဂုတ်လ ၆ ရက်က ကေဘယ်လ်ကြိုး ပြတ်ကျခဲ့ရာမှာ လူငါးဦးသေဆုံးပြီး နှစ်ဦးကတော့ ဒဏ်ရာပြင်းထန်စွာရခဲ့ကာ ၂၂ ဦး ကတော့ အသေးအမွှား ဒဏ်ရာတွေသာရခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။
ဖြစ်ရပ်က Ili Kaxakh ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုရဲ့ အစိတ်အပိုင်းဖြစ်တဲ့ Zhaosu ခရိုင်မှာရှိတဲ့ Xiata ရှုမျှော်ခင်းနယ်မြေမှာ ဩဂုတ်လ ၆ ရက် ညနေ ၆ နာရီလောက်က ဖြစ်ပွားခဲ့တာပါ။အဆိုပါနေရာဟာ သဘာဝရှုခင်းလှပမှုကြောင့် လူသိများပြီး ကမ္ဘာလှည့်ခရီးသွားတွေလာရောက်ရာ အပျော်ခြေလျင်ခရီးထွက်ရာ နေရာတစ်ခုလည်းဖြစ်ပါတယ်။

ညနေ ၆ နာရီခန့်မှာ တံတားရဲ့ ကေဘယ်လ်ကြိုး ရုတ်တရက် ပြတ်တောက်သွားပြီး တံတားရဲ့မျက်နှာပြင်ကုန်းပတ် သိသိသာသာ တိမ်းစောင်းသွားကာ လူ ၂၉ ဦး တံတားဘေးကို လွင့်စင်ကျခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV က ဖော်ပြခဲ့ပါတယ်။ ဒီမတော်တဆမှုမှာ လူ ၂၄ ဦး ဒဏ်ရာရခဲ့ပြီး နှစ်ဦးမှာ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။ ဒဏ်ရာရသူအားလုံးကိုတော့ ဆေးကုသမှုခံယူဖို့ ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ဗီဒီယိုမှာတော့ တံတားကတစ်ဖက်က ပိုတိမ်းစောင်းသွားတာတွေ့ကြရပြီး တံတားပေါ်သောင်တင်နေတဲ့ ခရီးသွားဧည့်သည်တွေက တံတားရဲ့ ကျန်ရှိတဲ့ဘက်မှာ တွယ်ကပ်ပြီး ဘေးကင်းရာကိုကူးဖို့ ကြိုးစားနေတာတွေ့ရပါတယ်။ ရှင်ကျန့် အခြေစိုက် ဧည့်လမ်းညွှန်တစ်ဦးက မတော်တဆမှုဖြစ်ပွားချိန်က ထိုနေရာမှာ သူက ခရီးသွားအဖွဲ့တစ်ခုကို ဦးဆောင်နေခဲ့တာလို့ ပြောခဲ့ပါတယ်။
“ကံကောင်းထောက်မစွာဘဲ အဖွဲ့ထဲမှာ ရေတပ်က စစ်သားတစ်ယောက်ပါလာလို့ ဒဏ်ရာရသူတွေကို ချက်ချင်းကူညီခဲ့တယ်” လို့ ဧည့်လမ်းညွှန် ယွန်ရှန် က ပြောခဲ့ပါတယ်။
သူ့ရဲ့အဖွဲ့ဟာ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပါဝင်ကူညီခဲ့ပြီး ဒဏ်ရာရသူတွေ မကြာမီ ပြန်လည်ကောင်းမွန်လာဖို့ မျှော်လင့်တယ်လို့လည်း သူက ပြောခဲ့ပါတယ်။ ယွန် က ခရီးသွားနေကြတုန်းမှာတစ်ကိုယ်ရေ လုံခြုံမှုကို ဂရုပြုပြီး စည်းကမ်းတွေကို လိုက်နာကြဖို့ ခရီးသွားအားလုံးကိုတိုက်တွန်းပါတယ် လို့ ဆက်လက် ပြောခဲ့ပါတယ်။
Ref-Xinhua
