
၇.၈. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့သည် ပတ္တရားမြို့လယ်ရှိ ဇိမ်ခံရေကူးကန်ပါသည့် ဗီလာတစ်လုံးကို ဝင်ရောက်စီးနင်းခဲ့ပြီး တရုတ်လူမှုကွန်ရက် ပလက်ဖောင်းများပေါ်တွင် လိင်ဆက်ဆံမှုဆိုင်ရာဖျော်ဖြေမှုများကို တိုက်ရိုက်ထုတ်လွှင့်ပြသ (Live Sex) နေသည့် တရုတ်ရာဇဝတ်ဂိုဏ်းအား ယနေ့ ဖမ်းဆီးခဲ့သည်။
အဆိုပါ တရုတ်ရာဇဝတ်ဂိုဏ်းတွင် အသက် ၄၈ နှစ်အရွယ် တရုတ်နိုင်ငံသား ဟောင်၊ ၄၃ နှစ်အရွယ် ကျီ၊ ၅၃ နှစ်အရွယ် ဖန်းနှင့် အသက် ၂၆ နှစ်အရွယ် လာအိုအမျိုးသမီး ဝမ်နှင့် ၂၄ နှစ်အရွယ် ဝင်း တို့ကို ဖမ်းမိခဲ့သည်။
ဒုတိယရဲမှူးကြီး အီသီသွန် ပရာဆာ့ဆတ် ဦးဆောင်သော လူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့ခွဲ (၃) မှ အရာရှိများနှင့် အရှေ့ပိုင်းစုံစမ်းစစ်ဆေးရေးအဖွဲ့တို့ ပူးပေါင်း၍ “Ahong” ဟု လူသိများသည့် တရုတ်နိုင်ငံသားတစ်ဦးနှင့် ၎င်း၏လုပ်ဖော်ကိုင်ဘက်များ ဦးဆောင်သော Live Sex အဖွဲ့ကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တရုတ်ရာဇဝတ်ဂိုဏ်းသည် ကြည့်ရှုသူများထံမှ ငွေကြေးယူကာ လိင်မှုဆိုင်ရာဖျော်ဖြေမှုများကို တိုက်ရိုက်ပြသခြင်းနှင့် အွန်လိုင်းမှတစ်ဆင့် ညွှန်ကြားချက်များပေးကာ Sex Live Show များကို ထိန်းချုပ်စေခြင်းတို့ ပြုလုပ်နေကြသည်ဟုလည်း ဆိုသည်။

အဆိုပါအဖွဲ့ကို ကြာရှည်စွာ စောင့်ကြည့်စုံစမ်းပြီးနောက် ရဲတပ်ဖွဲ့သည် အဆိုပါအဖွဲ့လှုပ်ရှားရာနေရာကို ဖော်ထုတ်နိုင်ခဲ့ပြီး ပတ္တရားရှိ အဆင့်မြင့်ပိုင်ဆိုင်မှုနေရာတွင် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။ ရဲတပ်ဖွဲ့သည် လိင်တံတုများ၊ ကွန်ဒုံးများနှင့် မိုဘိုင်းဖုန်းကင်မရာများ၊ တိုက်ရိုက်ထုတ်လွှင့်မှု တွင် အသုံးပြုသော မီးလုံးများကဲ့သို့သော ပရော်ဖက်ရှင်နယ်ထုတ်လွှင့်ရေးကိရိယာများ အပါအဝင် ပစ္စည်းအမျိုးမျိုးကို သိမ်းဆည်းရမိခဲ့သည်။
သံသယရှိသူများသည် ညစ်ညမ်းပစ္စည်းများနှင့် ပြည့်တန်ဆာလုပ်ငန်းဆိုင်ရာ ပြစ်မှုကြီးသုံးခုဖြင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ၎င်းတို့မှာ- ညစ်ညမ်းသော ကြော်ငြာများနှင့် ပစ္စည်းများ ရောင်းဝယ်ဖောက်ကားခြင်း၊ ထိုကဲ့သို့သော အကြောင်းအရာများကို ဖြန့်ဝေခြင်းနှင့် အများပြည်သူမြင်သာအောင် ပြသခြင်း၊ အများပြည်သူ ကြည့်ရှုနိုင်သော ညစ်ညမ်းသည့် ကွန်ပျူတာဒေတာများကို တင်သွင်းခြင်းတို့ ဖြစ်သည်။ ၎င်းတို့အား ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန်အတွက် ပတ္တရားမြို့ ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့သည်။

ရဲမှူးချုပ် Chairit က ဤစစ်ဆင်ရေးကို ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၏ ရဲချုပ်နှင့် လူဝင်မှုကြီးကြပ်ရေးဗျူရိုမှ ရဲမင်းကြီးတို့၏ တိုက်ရိုက်အမိန့်အရ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို နှိမ်နင်းခြင်းသည် အစိုးရ၏ ဦးစားပေးမူဝါဒဖြစ်ကြောင်းလည်း အလေးပေးပြောကြားခဲ့သည်။
“ဒါဟာ အများပြည်သူရဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ နိုင်ငံခြားသားတွေကို ကာကွယ်တားဆီးဖို့နဲ့ နှိမ်နင်းဖို့အတွက် ကျွန်တော်တို့ရဲ့ အရေးပေါ်မူဝါဒရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ ဒီအဖွဲ့ရဲ့လုပ်ရပ်ဟာ ထိုင်းနိုင်ငံရဲ့ဥပဒေကို ထင်ထင်ရှားရှား ချိုးဖောက်ပြီး ထိုင်းနိုင်ငံရဲ့ နိုင်ငံတကာဂုဏ်သိက္ခာကိုပါ ထိခိုက်စေတဲ့အတွက် ဘယ်လိုမှ ခွင့်မလွှတ်နိုင်ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။
Ref, Khaodsod & The Thaiger
