
၇. ၈. ၂၀၂၅
MT News
ယာယီသမ္မတဦးမြင့်ဆွေ ကွယ်လွန်သည့်အပေါ် ဝမ်းနည်းရပါကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီထံ “ဝ”လက်နက်ကိုင် UWSA က ယနေ့ သဝဏ်လွှာပေးပို့သည်။
“ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်၏ “ဝမ်းနည်းကြောင်း သဝဏ်လွှာ” ကို “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ” ဟု လိပ်မူထားပြီး၂ဝ၂၅ ခုနှစ်၊ ဩဂုတ်လ၊ ၇ ရက်နေ့ မနက် ၈ နာရီ ၂၈ မိနစ်အချိန်တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ ဦးမြင့်ဆွေသည် ရောဂါဝေဒနာဖြင့် ကွယ်လွန်အနိစ္စ ရောက်သွားပြီဖြစ်ကြောင်း ကြားသိရသည့်အတွက် လွန်စွာဝမ်းနည်းမိပါသည်။ ကျွန်ုပ်တို့ “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ၊ “ဝ”ပြည်နယ်အစိုးရ၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်နှင့်ပြည်သူလူထုများအားလုံးမှ ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူဝမ်းနည်းမိပါကြောင်းနှင့် ယာယီသမ္မတ ဦးမြင့်ဆွေ ကောင်းရာသုဂတိလားပါစေကြောင်း ဤဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့အပ်ပါသည်။”ဟု ဖော်ပြပါရှိသည်။
အဆိုပါ သဝဏ်လွှာကို UWSA က မြန်မာ၊ တရုတ်နှစ်ဘာသာဖြင့် ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။
ယာယီသမ္မတဦးမြင့်ဆွေ ကွယ်လွန်သည့်အပေါ် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက နိုင်ငံတော်စျာပနကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသလို ဩဂုတ် ၇ ရက်မှ ၉ ရက်နေ့အထိကိုလည်း နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့အဖြစ် ကြေညာထားသည်။
