
၇.၈.၂၀၂၅
Written by Hey Mar
မွန်ပြည်နယ်၊ မုဒုံမြို့က ရာဘာခြံတစ်ခြံမှာ ပုပ်ပွသေဆုံးနေတဲ့ ရွှေ့ပြောင်းလုပ်သား အမျိုးသားနှစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့က ဩဂုတ် ၆ရက်နေ့က တွေ့ရှိသယ်ဆောင်ခဲ့ရကြောင်း ကလော့သော့လူငယ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ တာဝန်သိရှိသူထံကနေ သိရပါတယ်။
ဖြစ်စဉ်က မနေ့က ဩဂုတ် ၆ ရက်နေ့ ညနေပိုင်းက မှိုရှာထွက်လာတဲ့ ဒေသခံအမျိုးသားတစ်ဦးဟာ ရာဘာခြံအနီးအရောက် အပုပ်နံ့ဆိုးဆိုးရွားရွား ရရှိတာကြောင့် ရှာဖွေကြည့်ရှု့စဉ်မှာ အဆိုပါ ရုပ်အလောင်း နှစ်လောင်းကို တွေ့ရှိပြီး ကလော့သော့လူမှုကူညီရေးအသင်းထံ ဆက်သွယ်အကြောင်းကြားလာတာကြောင့် အသင်းက သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာလို့ သိရပါတယ်။
ကလော့သော့လူငယ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ တာဝန်သိရှိသူက “သက်ဆိုင်ရာကလည်း သူတို့ဆီ လူပျောက်တိုင်ထားတဲ့ အမျိုးသားနှစ်ဦးနဲ့ တိုက်ဆိုင်နေတယ်လို့ ပြောပြတယ်။ အဲ့ဒီလူနှစ်ဦးက လွန်ခဲ့တဲ့ သုံးလေးရက်လောက်ကတည်းက ပျောက်နေလို့ စခန်းမှာ တိုင်ချက်ဖွင့်ထားတာတဲ့။ သူတို့က တစ်နယ်ကနေ မုဒုံမှာ အလုပ်လာလုပ်တာ။ ဒေသခံ တိုင်းရင်းသားမဟုတ်ဘူး” လို့ MT Newsက ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။


ရုပ်အလောင်း နှစ်လောင်းမှာ တစ်ဦးက အသက် ၄၅ နှစ်အရွယ်လို့ သိရပြီး နောက်တစ်ဦးက ၃၅ နှစ်ကျော် ဖြစ်ကာ မုဒုံမြို့နယ်၊ ကလော့သော့ကျေးရွာ၊ ရေတံခွန်ငယ်မှာ ရွှေ့ပြောင်း နေထိုင် အလုပ် လုပ်ကိုင်နေတာတော့ ဆယ့်ငါးနှစ်နီးပါးရှိပြီလို့လည်း သိရကာ သေဆုံးသူနှစ်ဦးစလုံးမှာ လည်ပင်းပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးနေတာလို့ လူမှုကူညီရေး အသင်းက မျက်မြင်ကြုံတွေ့ရတဲ့ အခြေအနေကို ပြောပြပါတယ်။
ရုပ်အလောင်းနှစ်လောင်းကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအပြီး မနေ့က ည ၇ နာရီဝန်းကျင်အချိန်ခန့်မှာ အခင်းဖြစ်ရာနေရာကနေ ကမာဝက် ဆေးရုံ ရင်ခွဲရုံဆီပို့ဆောင်ပေးခဲ့ပြီး ဒီနေ့ ဩဂုတ် ၇ ရက် ညနေကတော့ ရဲလုပ်ငန်းစဉ်တွေ ပြီးစီးလို့ သင်္ဂြိုဟ်ပြီးစီးခဲ့ပြီလို့လည်း သိရပါတယ်။
