◾️ကဏ္ဍအလိုက် လုပ်ငန်းကော်မတီ (၁၁)ခု ဖွဲ့စည်းထားပြီးဖြစ်၍ နိုင်ငံတော်ဈာပနအခမ်းအနားတွင် လိုအပ်ချက်များမရှိစေရေး ဆောင်ရွက်ကြရန် နိုင်ငံတော်ဝန်ကြီးချုပ် မှာကြား

၇. ၈. ၂၀၂၅
Written by Nyein Kyaw
ယနေ့ နံနက်ပိုင်းတွင် ကွယ်လွန်သွားခဲ့သော ယာယီသမ္မတ ဦးမြင့်ဆွေ၏ ဈာပနအခမ်းအနားအား နိုင်ငံတော်ဈာပနအခမ်းအနားအဖြစ် ကျင်းပဆောင်ရွက်မည်ဖြစ်ရာ ဈာပန အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောကိုယ်တိုင် ဦးဆောင်၍ ယနေ့ ညနေပိုင်းတွင် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး အစည်းအဝေးခန်းမ၌ အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ဦးမြင့်ဆွေသည် အမှတ်(၂) တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀) အထူးကြပ်မတ်ကုသဆောင်၌ ဆေးရုံတက်ရောက်၍ အထူးကြပ်မတ်ကုသမှု ခံယူလျက်ရှိရာမှ ယနေ့ နံနက်ပိုင်းတွင် ကွယ်လွန်သွားခဲ့သောကြောင့် ၎င်း၏ဈာပနအခမ်းအနားအား နိုင်ငံတော်ဈာပနအခမ်းအနားအဖြစ် ကျင်းပဆောင်ရွက်သွားမည်ဖြစ်သည်။
ယာယီသမ္မတဦးမြင့်ဆွေသည် ယနေ့ နံနက်ပိုင်းတွင် ကွယ်လွန်သွားခဲ့ကြောင်း၊ ထို့ကြောင့် ၎င်း၏ဈာပနကို နိုင်ငံတော်ဈာပနအဖြစ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဈာပန အခမ်းအနားကျင်းပရေးနှင့် စပ်လျဉ်း၍ ဈာပန အခမ်းအနားကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးမှ ဖွဲ့စည်းပေးခဲ့ကြောင်း၊ ထို့ပြင် ကဏ္ဍအလိုက် လုပ်ငန်းကော်မတီ (၁၁)ခု ကိုလည်း ဖွဲ့စည်းထားပြီဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ဈာပနအခမ်းအနားတွင် လိုအပ်ချက်များမရှိစေရန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက မှာကြားသည်။
ထို့ပြင် ကော်မတီများအလိုက် လုပ်ငန်းတာဝန်များကိုလည်း ပြည့်စုံစွာ စီမံဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ယင်းမှသာ နိုင်ငံတော်အဆင့်ဈာပန အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်မည်ဖြစ်ကြောင်း၊ အလားတူ ကော်မတီတစ်ခုနှင့် တစ်ခု အချိတ်အဆက်မိမိဖြင့် ဆောင်ရွက်နိုင်ရန်လည်း အလွန်အရေးကြီးကြောင်း၊ အခမ်းအနားအစီအစဉ်များ ဆောင်ရွက်ရာတွင်လည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက်လည်း ဂရုပြု၍ ကြိုတင်စီစဉ် ဆောင်ရွက်ထားကြစေလိုကြောင်းနှင့် လုပ်ငန်းများအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီဝင်များအနေဖြင့် လိုအပ်သည်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက မှာကြားသည်။
အခမ်းအနားသို့ ဈာပနအခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဈာပနအခမ်းအနားကျင်းပရေးဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်း၊ ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
