




၇.၈.၂၀၂၅
Written by Hey Mar
ကုန်တင်ကားကို အရှိန်နဲ့ ကျော်တက်တဲ့ အိမ်စီးယာဉ်ငယ်က တစ်ဖက်လမ်းကြောကိုရောက်ရှိပြီးမျက်နှာချင်းဆိုင်ကလာတဲ့ အိုးဝေယာဉ်ကို တိုက်မိတာကြောင့် အိုးဝေပေါ်ပါ လူသုံးဦးအနက် တစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ် ဒီနေ့ ဩဂုတ် ၇ ရက် မနက် ဆယ်နာရီကျော် အချိန်က မွန်ပြည်နယ်၊ သထုံမြို့၊ နောင်ဘိုကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က အမျိုးသမီးတစ်ဦးမောင်းနှင်လာတဲ့ အိမ်စီးယာဉ်ငယ်နဲ့ ဘီးလင်းကနေ ခရီးသယ်တင်ဆောင်မောင်းနှင်လာတဲ့ မီနီအိုးဝေတို့ နောင်ဘိုကျေးရွာ-ရန်ကုန်-မော်လမြိုင်သွားကားလမ်းမပေါ်မှာ တိုက်မိကြတာဖြစ်တယ်လို့ သိရပါတယ်။
ယာဉ်တိုက်မိတဲ့ဖြစ်စဉ်ကြောင့် မီနီအိုးဝေ ပျက်စီးကာ အိုးဝေယာဉ်မောင်း အသက် နှစ်ဆယ့် ရှစ်နှစ်ခန့် အမျိုးသား ပေါင်နှစ်ဖက် သွင်သွင် ကျိုးခဲ့ပြီး ဦးခေါင်းထိခိုက်ရာတချို့လည်း ရရှိခဲ့သလို အဆိုပါ အိုးဝေကို ငှားရမ်းစီးနင်းလာတဲ့ ခရီးသည်စုံတွဲအနက် အမျိုးသားမှာ ပေါင်ရိုးကျိုး ဒဏ်ရာရရှိခဲ့ပြီး၊ ခရီးသည်အမျိုးသမီးမှာ နေရာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ယာဉ်တိုက်မှုဖြစ်ပွားတဲ့ သတင်းအရ အခင်းဖြစ်နေရာဆီ ပီတိနှလုံးသားလူမှုကူညီရေးအသင်း(နောင်ဘို) ပရဟိတလူငယ်တွေက သွားရောက်ကူညီခဲ့ကြပြီး ပေါင်ကျိုးဒဏ်ရာရလူနာအမျိုးသား(၂)ဦးကို မြေပြင်ကုသမှုတွေ ပြုလုပ်ပေးခဲ့ကာ လိုအပ်တဲ့ ဆေးဝါးကုသမှုခံယူစေဖို့ သထုံပြည်သူ့ဆေးရုံကြီးဆီ အသင်းပိုင်လူနာတင်ယာဉ်နဲ့ ကူညီပို့ဆောင်ပေးခဲ့ပြီး သေဆုံးသူအမျိုးသမီးရဲ့ ရုပ်အလောင်းကိုလည်း သထုံဆေးရုံကြီး(ရင်ခွဲရုံ)ဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
