
၇. ၈. ၂၀၂၅
Translated by Thettant
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ချစ်ပ်ထုတ်လုပ်သည့်ကုမ္ပဏီ Intel ၏ CEO သည် ရာထူးမှ နုတ်ထွက်သင့်ကြောင်း လူမှုကွန်ရက်တွင် ရေးသားပြီးနောက် ကြာသပတေးနေ့တွင် Intel ၏ ရှယ်ယာတန်ဖိုးများ ကျဆင်းခဲ့သည်။
“Intel ရဲ့ CEO ဟာ အလွန်အမင်း အကျိုးစီးပွားပဋိပက္ခရှိပြီး ချက်ချင်းနုတ်ထွက်ရမယ်” ဟု ထရမ့်က Truth Social တွင် ရေးသားခဲ့သည်။
“ဒီပြဿနာအတွက် တခြားအဖြေမရှိပါဘူး။ ဒီကိစ္စကို အာရုံစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟုလည်း ထရမ့်ပ်က ထည့်သွင်းရေးသားခဲ့သည်။
အထက်လွှတ်တော်အမတ် Tom Cotton က Intel ၏ ဥက္ကဋ္ဌ Frank Yeary ထံသို့ ပေးပို့သည့် စာတစ်စောင်တွင် Intel CEO Lip-Bu Tan ၏ ရင်းနှီးမြှုပ်နှံမှုများသည် တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တို့နှင့် ဆက်စပ်မှုရှိသည်ဟု ဆိုသော အချက်ကြောင့် ဆီမီးကွန်ဒတ်တာကုမ္ပဏီများနှင့် တရုတ် ဆက်နွှယ်မှုများအပေါ် စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့ပြီးနောက် ထရမ့်၏ ရေးသားမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

Cotton က Tan သည် အကျိုးစီးပွား ပဋိပက္ခများကို ဖယ်ရှားရန်အတွက် ၎င်းကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံမှုများကို ရုပ်သိမ်းခဲ့ခြင်းရှိမရှိကိုလည်း ဘုတ်အဖွဲ့အား မေးမြန်းခဲ့သည်။ Intel က မှတ်ချက်ပေးရန် ချက်ချင်းတုံ့ပြန်ခြင်းမရှိသေးသောကြောင့် Tan သည် ၎င်း၏ရင်းနှီးမြှုပ်နှံမှုများကို ရုပ်သိမ်းခဲ့ခြင်း ရှိ၊ မရှိ ချက်ချင်းမသိရှိရသေးပေ။
“၂၀၂၅ ခုနှစ်၊ မတ်လမှာ Intel က Lip-Bu Tan ကို CEO အသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်” ဟု Cotton က စာတွင် ရေးသားခဲ့သလို “Tan ဟာ တရုတ်ကုမ္ပဏီ ဒါဇင်ပေါင်းများစွာကို ထိန်းချုပ်ထားပြီး တရုတ်နိုင်ငံရဲ့ အဆင့်မြင့်ထုတ်လုပ်ရေးနဲ့ ချစ်ပ်ကုမ္ပဏီ ရာပေါင်းများစွာမှာလည်း ရှယ်ယာပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။ အဲဒီကုမ္ပဏီတွေထဲက အနည်းဆုံး ရှစ်ခုဟာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နဲ့ ဆက်နွှယ်မှုတွေ ရှိတယ်လို့လည်း သိရပါတယ်” ဟု ရေးသားထားသည်။
မတ်လတွင် CEO ရာထူးကို လက်ခံခဲ့သော Tan သည် ၁၉၈၇ ခုနှစ်တွင် နည်းပညာစတင်ထူထောင်သည့်လုပ်ငန်းများ၊ ချစ်ပ်ထုတ်လုပ်သူများအပေါ် အဓိကထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း Walden International ကို စတင်တည်ထောင်ခဲ့သည်။ တရုတ်၏ နိုင်ငံပိုင်မီဒီယာများက Tan သည် တရုတ်နှင့် အာရှဈေးကွက်များအတွက် “တက်ကြွစွာ” လှုပ်ရှားနေသည်ဟု ဖော်ပြခဲ့သည်။
၎င်းသည် ထိုင်ဝမ်ဆီမီးကွန်ဒတ်တာထုတ်လုပ်ရေးကုမ္ပဏီ (Taiwan Semiconductor Manufacturing Company) တွင်သာမက တရုတ်နိုင်ငံ၏ ချစ်ပ်ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ရန် ကြိုးပမ်းနေသည့် နိုင်ငံပိုင်လုပ်ငန်း SMIC တွင်ပါ ရင်းနှီးမြှုပ်နှံခဲ့သည်။
ထရမ့်နှင့် Cotton တို့၏ တောင်းဆိုမှုများသည် ကျွမ်းကျင်သူများက နောင်အနာဂတ် စီးပွားရေးနှင့် စစ်ရေးပဋိပက္ခများကို ပုံဖော်ပေးလိမ့်မည်ဟု ဆိုသော ချစ်ပ်များ၊ AI နှင့် အခြား ဒစ်ဂျစ်တယ်နည်းပညာများဆိုင်ရာ ပြိုင်ဆိုင်မှုအပေါ် အမေရိကန်နှင့် တရုတ်အကြား စီးပွားရေးနှင့် နိုင်ငံရေး ပြိုင်ဆိုင်မှုများ ပိုမိုအာရုံစိုက်လာသည့် အချိန်နှင့် တိုက်ဆိုင်နေသည်။

အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ၏ ဥက္ကဋ္ဌဖြစ်သော Cotton က တရုတ်သူလျှိုများသည် နည်းပညာကုမ္ပဏီများနှင့် ကာကွယ်ရေးကန်ထရိုက်တာများတွင် အလုပ်လုပ်ကိုင်နေပြီး ၎င်းတို့၏ ရာထူးများကို အသုံးပြု၍ လျှို့ဝှက်ချက်များကို ခိုးယူခြင်း သို့မဟုတ် တရုတ်ကို လျှို့ဝှက်စနစ်များနှင့် ကွန်ရက်များကို ဝင်ရောက်ခွင့်ပေးသည့် ဒစ်ဂျစ်တယ် Backdoors (ကွန်ပျူတာစနစ်/ Software/ကွန်ရက်တစ်ခုအတွင်း ခွင့်ပြုချက်မရှိဘဲ ဝင်ခွင့်) များကို ထည့်သွင်းခြင်းများ ပြုလုပ်နိုင်ကြောင်း စိုးရိမ်ပူပန်မှုများ ထုတ်ဖော်ခဲ့သည်။
ကြာသပတေးနေ့တွင် အာကင်ဆပ် ပြည်နယ် ရီပတ်ဘလစ်ကန်အမတ် Cotton က ကာကွယ်ရေးဝန်ကြီး Pete Hegseth ထံသို့ ပေးပို့သည့်စာတွင် အမေရိကန်နိုင်ငံသားမဟုတ်သူများအား DoD (US. Department of Defense) ကွန်ရက်များကို ဝင်ရောက်ခွင့်ပြုသည့် အလုပ်များမှ ပိတ်ပင်ရန် တိုက်တွန်းခဲ့သည်။
ထို့အတူ တရုတ်နိုင်ငံသားများ ကာကွယ်ရေးကန်ထရိုက်တာများတွင် အလုပ်လုပ်နေခြင်းကို စုံစမ်းစစ်ဆေးရန်လည်း တောင်းဆိုခဲ့သည်။
“အမေရိကန်အစိုးရက တရုတ်ရဲ့ ဆိုက်ဘာစွမ်းရည်တွေဟာ အမေရိကန်ပြည်ထောင်စုအတွက် အကြီးမားဆုံးနဲ့ အန္တရာယ်အရှိဆုံး ခြိမ်းခြောက်မှုတစ်ခု ဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုထားပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ အရေးကြီးတဲ့ အခြေခံအဆောက်အအုံ၊ တယ်လီကွန်မြူနီကေးရှင်းကွန်ရက်တွေနဲ့ ထောက်ပံ့ရေးကွင်းဆက်တွေထဲကို ထိုးဖောက်ဝင်ရောက်ခဲ့တာကို ကြည့်ရင် သိနိုင်ပါတယ်” ဟု Cotton က ယခင်က ပင်တဂွန်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တောင်းဆိုသည့် စာတစ်စောင်တွင် ရေးသားခဲ့သည်။
အမျိုးသားလုံခြုံရေးအရာရှိများသည် ထင်ရှားကျော်ကြားသော အမေရိကန်နိုင်ငံသားများနှင့် အမေရိကန်၏ အရေးကြီးစနစ်များကို ပစ်မှတ်ထားသည့် ဟက်ကာလှုပ်ရှားမှုများကို တရုတ်အစိုးရနှင့် ချိတ်ဆက်ထားသည်။
“အစိုးရရဲ့ ထောက်ပံ့ကြေးတွေရရှိတဲ့ အမေရိကန်ကုမ္ပဏီတွေဟာ အခွန်ထမ်းပြည်သူတွေရဲ့ ငွေတွေကို တာဝန်သိစွာ စီမံခန့်ခွဲပြီး တင်းကျပ်တဲ့ လုံခြုံရေးစည်းမျဉ်းတွေကို လိုက်နာသင့်ပါတယ်” ဟု Cotton က X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
Intel သည် Biden အစိုးရ၏ CHIPS Act မှ အကျိုးခံစားခွင့်ရှိခဲ့ပြီး တစ်နိုင်ငံလုံးတွင် ကွန်ပျူတာချစ်ပ်စက်ရုံများ ဆောက်လုပ်ရန်အတွက် ဖက်ဒရယ်ရန်ပုံငွေ ဒေါ်လာ ၈ ဘီလျံကျော် ရရှိခဲ့သည်။

ယခု Tan ကို ထရမ့်ပ်က နုတ်ထွက်ခိုင်းမှုကြောင့်
ကယ်လီဖိုးနီးယားအခြေစိုက် Intel ကုမ္ပဏီ၏ ရှယ်ယာများသည် ၃ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဈေးကွက်များ၊ အထူးသဖြင့် နည်းပညာကဏ္ဍ အများဆုံးပါဝင်သည့် Nasdaq သည် မြင့်တက်လာခဲ့သည်။
၁၉၆၈ ခုနှစ် PC ခေတ်၏အစောပိုင်းတွင် စတင်တည်ထောင်ခဲ့သော Intel သည် ၂၀၀၇ ခုနှစ်တွင် Apple ၏ iPhone ထုတ်လုပ်မှုကြောင့် ဖြစ်ပေါ်လာသည့် မိုဘိုင်းကွန်ပျူတင်းသို့ နည်းပညာပြောင်းလဲမှုနောက်ကွယ်တွင် ကျန်ရှိခဲ့ပြီး ပိုမိုလျင်မြန်သော ချစ်ပ်ထုတ်လုပ်သူများထက် နောက်ကျကျန်နေခဲ့သည်။ Intel ၏ ပြဿနာများသည် ဉာဏ်ရည်တု (AI) ပေါ်ပေါက်လာပြီးနောက် ပိုမိုကြီးမားလာခဲ့သည်။ AI သည် တစ်ချိန်က ပိုမိုသေးငယ်သော ပြိုင်ဘက် Nvidia မှ ထုတ်လုပ်သည့် ချစ်ပ်များ နည်းပညာလောကတွင် အထင်ရှားဆုံး ကုန်ပစ္စည်းတစ်ခု ဖြစ်လာခဲ့သည့် တိုးတက်နေသည့် နယ်ပယ်တစ်ခုဖြစ်သည်။
ရုန်းကန်နေရသည့် ချစ်ပ်ထုတ်လုပ်ရေးကုမ္ပဏီ၏ ကံကြမ္မာကို ပြန်လည်အသက်သွင်းရန် Tan က ကြိုးစားနေစဉ်တွင် Intel သည် ထောင်နှင့်ချီသော ဝန်ထမ်းများကို ထုတ်ပယ်နေပြီး ပြည်တွင်း ဆီမီးကွန်ဒတ်တာထုတ်လုပ်နိုင်စွမ်း အချို့အပါအဝင် ကုန်ကျစရိတ်များကို လျှော့ချနေရသည်။
Ref, AP
