၁၂. ၈. ၂၀၂၃

Translated by Htwe Ko Tun

ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲအပြီး အစိုးရသစ်ဖွဲ့စည်းနိုင်ရေးအတွက် ကြိုးစားနေသော ဖျူထိုင်းပါတီဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့သစ်တွင် ဩဂုတ်လ ၁၁ ရက်ညပိုင်းအထိ ပူးပေါင်းပါဝင်သေ ာအခြားပါတီ ၁၁ ပါတီအထိ ရှိလာပြီဖြစ်ကြောင်း အတည်မပြုသေးသောသတင်းများအရ သိရသည်။

Move Forward Party (MFP) က တော်ဝင်မိသားစုကို ပုတ်ခတ်စော်ကားသူများအား အရေးယူသည့်ဥပဒေ (Lese Majesty Law) ကို ပြင်ဆင်ရန်မူဝါဒအား မလျှော့တမ်း ဆုတ်ကိုင်ထားမှုနှင့်အတူ ဝန်ကြီးချုပ်နေရာအတွက် ပူးတွဲမဲပေးပွဲတွင် အထက်လွှတ်တော်အမတ်အများစု၏ ထောက်ခံမဲကို လက်လွှတ်ခဲ့ရကာ MFP ပါတီမှာ ရွေးကောက်ပွဲတွင် မဲအများဆုံးရသော်လည်း ဝန်ကြီးချုပ်နေရာကို လက်လွှတ်ခဲ့ရသည်။

ထို့နောက်တွင်မူ အောက်လွှတ်တော်တွင် ၁၄၁ မဲဖြင့် ဒုတိယမဲအများဆုံးရခဲ့သော ဖျူထိုင်းပါတီက အစိုးရသစ်ဖွဲ့နိုင်ရေးကြိုးပမ်းလာရာတွင် MFP ၏ ရှစ်ပါတီမဟာမိတ်အဖွဲ့မှနုတ်ထွက်ကာ ညွန့်ပေါင်းအဖွဲ့သစ်ကို ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ဖျူထိုင်း၏ ညွန့်ပေါင်းအဖွဲ့သစ်တွင် စစ်တပ်အစိုးရကို ထောက်ခံသောပါတီများဖြစ်သည့် Phalang Pracharath ပါတီနှင့် United Thai Nation Party (UTN) ပါတီတို့လည်း ပါဝင်ကာ အောက်လွှတ်တော် အမတ်အင်အား ၃၁၅ ဦး ရှိလာသဖြင့် ဝန်ကြီးချုပ်နေရာအတွက် ပူးတွဲမဲပေးပွဲတွင် လိုအပ်သော ထောက်ခံမဲ ၃၇၅ မဲပြည့်ရန် ၆၀ မဲလိုသေးကြောင်းသိရသည်။

ဖျူထိုင်း၏ ညွန့်ပေါင်းအဖွဲ့သစ်တွင် အမတ်နေရာ ၁၄၁ နေရာ ရထားသော ဖျူထိုင်းပါတီက ခေါင်းဆောင်မည်ဖြစ်ပြီး Bhumjaithai ပါတီ၊ Palang Pracharath ပါတီ၊ United Thai Nation Party (UTN) ပါတီ၊ Chart Thai Pattana ပါတီ၊ Prachachart ပါတီ၊ Chart Pattana Kla ပါတီ၊ Pheu Thai Ruam Palang ပါတီ၊ Thai Liberal Party ပါတီ၊ New Democracy ပါတီ၊ Thai Counties ပါတီနှင့် အခြားပါတီငယ်တစ်ခုတို့ပါဝင်ကြောင်း သတင်းများက ဆိုသည်။

အဆိုပါသတင်းအပေါ် ဖျူထိုင်းက အတည်ပြုပြောကြားခြင်းမရှိသေးသလို ငြင်းဆိုခြင်းလည်းမရှိပေ။ သို့သော် ထိုသတင်းမှန်ကန်ပါက ဖျူထိုင်းပါတီအနေနှင့် ပါလီမန်တွင်ကျင်းပမည့် ဝန်ကြီးချုပ်နေရာအတွက် ပူးတွဲမဲပေးပွဲတွင် အထက်လွှတ်တော်အမတ်များ၏ ထောက်ခံမှုကိုပါ ရရှိရန်သေချာသလောက် ရှိနေပြီး အစိုးရသစ်ကို ဦးဆောင်ဖွဲ့စည်းနိုင်ရန် ၉၉ ရာခိုင်နှုန်းသေချာသွားနိုင်ကြောင်း နိုင်ငံရေးအကဲဖြတ်များက ဆိုကြသည်။

Ref—Khaosod

Leave a Reply

Your email address will not be published. Required fields are marked *