MT News

Written by Ye Kyaw

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒေါ်လာကိုစိစစ်ပြီး လိုအပ်သည်ကိုသာ တင်သွင်းနေသဖြင့် လက်ရှိဘဏ္ဍာနှစ် လေးလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှု ယခင်နှစ်ထက် ရာခိုင်နှုန်း ၆၀ ခန့်လျော့ကျခဲ့သော်လည်း မြန်မာဘက်မှ ကုန်သွယ်မှုအသာစီးရရှိနေဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လအထိ လေးလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှု ဒေါ်လာ ၄ ဒသမ ၆၄၉ သန်းသာရှိပြီး ယခင်နှစ်ကာတူထက် ဒေါ်လာ ၆ ဒသမ ၆၅၇ သန်း (ရခိုင်နှုန်း ၆၀ ခန့်) လျော့ကျခဲ့ခြင်းဖြစ်သည်။

တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဒေါ်လာစိစစ်ကာ သွင်းကုန်တင်သွင်းမှုများ လျှော့ချနေ၍ ကုန်သွယ်မှုလျော့ကျခဲ့သော်လည်း မြန်မာနိုင်ငံမှ ပို့ကုန်ပမာဏ ဒေါ်လာ ၃ ဒသမ ၇၆၀ သန်း ရှိပြီး သွင်းကုန်ပမာဏ ဒေါ်လာ သုည ဒသမ ၈၈၅ သန်းသာရှိသဖြင့် မြန်မာနိုင်ငံက ပို့ကုန်ပိုငွေရရှိကာ ကုန်သွယ်မှုအသာစီး ရရှိနေဆဲဖြစ်သည်။

This image has an empty alt attribute; its file name is 366040199_156074654176684_8203054949269573752_n.jpg

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဒေါ်လာကိုစိစစ်ပြီး လိုအပ်သည့်ပမာဏကိုသာ မှာယူတင်သွင်းနေသဖြင့် ပြီးခဲ့သည့် ဧပြီလမှ ဇွန်လအထိ သုံးလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ကုန်သွယ်မှု ၉၀ ရာခိုင်နှုန်းအထိ လျော့ကျခဲ့ပြီး မြန်မာဘက်မှ အဓိကပို့ကုန်ဖြစ်သည့် ရေချိုငါးတင်ပို့မှု ရပ်ဆိုင်းလုနီးပါးအထိဖြစ်ခဲ့ရကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှု၊လက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

“ရေချိုငါးကတော့ အဓိကထွက်ရှိတာ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းရယ်ပေါ့။ အဲဒီဘက်ကထွက်ရှိတဲ့ ရေချိုငါးတွေကို နယ်စပ်ကုန်သွယ်ရေးလိုင်းကြောင်းအတိုင်း စစ်တွေနဲ့ မောင်တောကနေဖြတ်ပြီးတော့ တင်ပို့ခဲ့ရတာပါ။ အဲဒါကတော့ တင်ပို့မှုအကုန်လုံးရဲ့ ၆၀ နဲ့ ၇၀ ရာခိုင်နှုန်းလောက်အထိကို ရှိပါတယ်။ ရေချိုငါးတစ်ခုတည်းပေါ့။ ရေချိုငါးဆိုရင် အကုန်လုံးကျဆင်းသွားတဲ့အနေအထားရှိပါတယ်” ဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်အောင်ဦးက ပြောသည်။

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေချိုငါးအပြင် လယ်ယာထွက်ပစ္စည်း (ချင်း၊ ကြက်သွန်၊ အာလူး၊ ငရုတ်)၊ စက်မှုကုန်ချော (ဇီးယိုကဲ့သို့သော မြန်မာ့ရိုးရာ စားသောက်ကုန်များ)ကိုလည်း တင်ပို့နေခြင်းဖြစ်ပြီး လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရေချိုငါးဝယ်လိုအား ကျဆင်းသွားသော်လည်း ချင်းအစို ဝယ်လိုအား မြင့်တက်လာနေကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ် လေးလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှု၌ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း (ကညင်ချောင်းဆိပ်ကမ်း)မှ ဒေါ်လာ ၂ ဒသမ ၇ သန်းကျော်၊ စစ်တွေကုန်သွယ်ရေးစခန်း (ရွှေမင်းဂံဆိပ်ကမ်း)မှ ဒေါ်လာ ၁ ဒသမ ၉ သန်းကျော် ကုန်သွယ်မှုဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

(Photo- RSCCI)

Leave a Reply

Your email address will not be published. Required fields are marked *