MT News

Written by Tha Doe

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များသို့ ဝင်ခွင့်လျှောက်ထားသူများအနက် ၁၃၃၅ ဦးအား ဝင်ခွင့်လူတွေ့နှုတ်မေးစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုရန် ရွေးချယ်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ကိုဗစ်ရောဂါကပ်ဘေးကြောင့် နှစ်နှစ်ခန့်စာကျက်ချိန်ရရှိခဲ့သည့် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် လူငယ်များအား ၂၀၂၁ ခုနှစ် အာဏာထိန်းသိမ်းမှုဖြစ်စဥ်ကြောင့် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့်လူငယ်များ ဖြေဆိုမှုမရှိရေးအတွက် လှုပ်ရှားခဲ့ခြင်းနှင့် ဖြေဆိုအောင်မြင်သူများအား အရှက်ခွဲခြင်း၊ ရှုတ်ချခြင်း၊ ပြုလုပ်နေသည့်ကြားမှာ ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များသို့ လျှောက်ထားသူများပြားခဲ့သဖြင့် ၁၃၃၅ ဦးအား ရွေးချယ်ကြေညာခဲ့ခြင်းဖြစ်သည်။

ယခင်က ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ၏ ဝင်ခွင့်ရွေးချယ်ရေးစနစ်ကို (၆) ဘာသာ အမှတ်ပေါင်းအများဆုံးရသူတွေကိုသာ ရွေးချယ်တက်ရောက်ခွင့်ပြုခဲ့ရာမှ ယခုနှစ် စနစ်သစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ရရှိခဲ့သည့် (၆)ဘာသာ အမှတ်ပေါင်း (၄၅၀) မှတ် ပြည့်သူများမှ ဆေးပညာနှင့်သက်ဆိုင်သည့် ဘာသာ(၃)ခုဖြစ်သော အင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ဇီဝေဗဒ ဘာသာရပ်များတွင် ထူးချွန်ပြီး အဆိုပါ (၃) ဘာသာပေါင်း ရမှတ်များသူကိုသာ ဝင်ခွင့်စာမေးပွဲ ဖြေဆိုစေ၍ ရွေးချယ်တက် ရောက်ခွင့်ပြုမည့်စနစ်အဖြစ် ပြောင်းလဲထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး (လူ့စွမ်းအားအရင်းအမြစ်) ဒေါက်တာချောစုမောင်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး (ဝန်ကြီးရုံး) ဒေါက်တာသန်းနိုင်စိုးတို့က ပြောကြားထားသည်။

”ယခုနှစ်မှာ ထူးခြားချက်အနေနဲ့ကတော့၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်များနဲ့ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များသို့ ဝင်ခွင့်ရရှိသူများဟာ နိုင်ငံတော်အစီအစဉ်နဲ့ ပညာသင်ကြားခွင့်‌ (သို့မဟုတ်) မိမိအစီအစဉ်နဲ့ပညာသင်ကြားခွင့်ကို ရွေးချယ်ပိုင်ခွင့်ရရှိကြမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အစီအစဉ်နဲ့ဆိုရင် ဆေးတက္ကသိုလ်များနဲ့ သွားဘက် ဆိုင်ရာဆေးတက္ကသိုလ်များမှာ တက္ကသိုလ်သင်တန်းကြေးအဖြစ် တစ်လလျှင် (၈၀၀)ကျပ် ပေးသွင်းရမှာဖြစ်ပြီး မိမိအစီအစဉ်နဲ့ဆိုရင် ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များမှာ တက္ကသိုလ်သင်တန်းကြေးကို ပညာသင်နှစ်အလိုက် လစဉ်ပေးသွင်းရမှာဖြစ်ပါတယ်။ ဆေးတက္ကသိုလ်များ အတွက်ကတော့ ပညာသင်ကာလ ပြီးဆုံးသည်အထိ ကျပ်သိန်း(၆၀၀) အကုန်အကျ ခံရမှာဖြစ်ပြီး သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များကတော့ ပညာသင်ကာလ ပြီးဆုံးသည်အထိ ကျပ်သိန်း(၇၀၀) အကုန်အကျခံရမှာဖြစ်ပါတယ်။ နိုင်ငံတော်အစီအစဉ်နဲ့ ပညာသင်ကြားခွင့်‌ ရရှိတဲ့သူများကတော့ ဘွဲ့ရရှိပြီးနောက် နိုင်ငံ့ ဝန်ထမ်းအဖြစ် မဖြစ်မနေ အနည်းဆုံး(၅)နှစ် တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများသာ တက်ခွင့်ရှိသော ဘွဲ့လွန်သင်တန်းများကို ဆက်လက်တက်ရောက်ခွင့်ရရှိပါက နောက်ထပ် (၅)နှစ် နိုင်ငံ့ဝန်ထမ်းအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။

မိမိအစီအစဉ်နဲ့ ပညာသင်ကြားခွင့်ရရှိတဲ့သူများကတော့ လတ်တလောအနေနဲ့ နိုင်ငံ့ဝန်ထမ်း အဖြစ် (၅)နှစ် မဖြစ်မနေ ဝင်ရောက်စရာမလိုပေမယ့် နိုင်ငံ့ဝန်ထမ်းများသာ တက်ရောက်ခွင့် ရှိတဲ့ ဘွဲ့လွန်သင်တန်းတွေ တက်ရောက်လို၍ဖြစ်စေ၊ နိုင်ငံ့တာဝန်ကို ဝင်ရောက်ထမ်းဆောင်လို၍ဖြစ်စေ နိုင်ငံ့ဝန်ထမ်းအဖြစ် ဝင်ရောက်တာဝန်ထမ်းဆောင်လိုပါကလည်း တာဝန်ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်” ဟု ဒေါက်တာချောစုမောင်နှင့် ဒေါက်တာသန်းစိုးနိုင်တို့က ဖြေကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News