MT News

Written by Tha Doe

အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းသို့ လူကုန်ကူးခံရသည့် မြန်မာအမျိုးသမီးငယ်ခုနစ်ဦးကို မြန်မာနိုင်ငံသို့ စက်တင်ဘာ ၈ ရက်တွင် ပြန်လည်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် လူကုန်ကူးသူအချို့အား ဖမ်းဆီးရမိခဲ့ကြောင်း စက်တင်ဘာ ၉ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဥ်မှာ ဩဂုတ် ၂၅ ရက်တွင် မြန်မာအမျိုးသမီးအဖွဲ့တစ်ဖွဲ့က Facebook လူမှုကွန်ရက် စာမျက်နှာတွင် Live လွှင့်၍ “၎င်းတို့ ၇ ဦး ဒူဘိုင်းတွင် ဒုက္ခရောက်နေကြောင်း၊ မမေဖုန်း(ခ) မထက်ထက် (ခ) မကေသီမြင့်က ဒူဘိုင်းတွင် အိမ်အကူအလုပ်ရမည်၊ လစာကောင်းမည်ပြော၍ ခေါ်ယူခဲ့ရာ ၃ လကျော်ကြာသည်အထိ အလုပ်မရသေးကြောင်း၊ ဒူဘိုင်းမြို့ရှိအမည်မသိနေရာရှိ အခန်းကျဉ်းတစ်ခုတွင် ၎င်းတို့ ၇ ဦးအား ၁ လကျော်ပိတ်လှောင်ထားကြောင်း၊ ဒူဘိုင်း ရောက်ရှိသည် မှစ၍ ၎င်းတို့၏ပတ်စပို့အားလုံးကိုလည်း မကေသီမြင့်က သိမ်းယူထားကြောင်း၊ ပိတ်လှောင်ထားစဉ် တစ်ရက် ထမင်းတစ်နပ်သာ ပဲဟင်းရေကြဲဖြင့်ကျွေးကြောင်း၊ ယခုအခါ ၎င်းတို့အား အီရတ်နိုင်ငံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း၊ အီရတ်တွင်အလုပ်လုပ်ရမည်ဟုပြောကြောင်း၊ အီရတ်မသွားလိုပါက မြန်မာငွေကျပ်သိန်းတစ်ရာပေးရမည်ဟု ခြိမ်းခြောက်တောင်းဆိုကြောင်း၊ ၎င်းတို့ ၇ ဦးသည် ပိတ်လှောင်ထားသည့် အခန်းကျဉ်းအား ဖျက်၍ ထွက်ပြေးလာပြီး ယခုအခါမြန်မာနိုင်ငံသား တစ်ဦး၏ အကူအညီဖြင့် လမ်းဘေးအခန်းကျဉ်းတစ်ခုကို ၁၀ ရက်စာ အခပေး၍ဌားနေရကြောင်း၊ ၎င်းတို့တွင် စားစရာမရှိ၊ သွားစရာမရှိ မကေသီမြင့်က ထပ်မံ၍ ဒုက္ခပေးမည်ကိုလည်း ကြောက်ရွံ့၍ ပုန်းအောင်းနေရကြောင်း၊ ယခု Live ကိုတွေ့ရှိသူများအနေဖြင့် ကူညီပေးကြပါရန်” ငိုကြွေး၍ အကူအညီ တောင်းခံမှု အားတွေ့ရှိခဲ့ရသည်။

ထို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများသည် အဆိုပါ Live လွှင့်တင်ထားမှုအား ဩဂုတ်လ ၂၅ ရက်နေ့ ည ၆ နာရီအချိန်တွင် တွေ့ရှိခဲ့ပြီး Facebook Live ၏ အရင်းအမြစ်ကိုရှာဖွေခြင်း၊ တစ်ဆင့်ပြီးတစ်ဆင့် အင်တာနက်မှ ရှာဖွေစိစစ်ဖော်ထုတ်ခြင်းများဆောင်ရွက်ခဲ့ရာ ဩဂုတ်လ၂၆ ရက်နေ့ ည ၇ နာရီ ၂၅ မိနစ်အချိန်တွင် ဒူဘိုင်းတွင် ဒုက္ခရောက်နေသော မြန်မာအမျိုးသမီး ၇ ဦးနှင့် Messenger မှ ဆက်သွယ်မှု စတင်ရရှိခဲ့သည်။ ၎င်းတို့ ၇ ဦး ဒူဘိုင်းတွင် ခိုအောင်းနေသည့် နေရာအား မေးမြန်းရာတွင်လည်း မသိရှိသဖြင့် Google Map ဖြင့် ရှာဖွေစိစစ်နိုင်ရေး တယ်လီဖုန်းမှ လုပ်နည်းပြောပြ၍ ဆောင်ရွက်စေခဲ့ရာ ယင်းနေ့ ည ၈ နာရီတွင် ၎င်းတို့ ၇ ဦး ခိုအောင်းသည့် နေရာအား သိရှိခဲ့ရပါသည်။ ၎င်းတို့ ၇ ဦး၏ ဖြစ်စဉ်အသေးစိတ် Online မှ မေးမြန်းစိစစ်ရာ တရားခံကေသီမြင့်သည် မြန်မာနိုင်ငံသား အမျိုးသမီးများကို ပြည်ပနိုင်ငံများသို့ စည်းရုံးခေါ်ယူ၍ တရားမဝင် အလုပ်အကိုင်ရှာပေးခြင်း၊ တတိယနိုင်ငံများသို့ ထပ်မံပို့ဆောင်ရောင်းစားခြင်း၊ ၎င်းစီစဉ်မှုကို လက်မခံလျှင် ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ လျော်ကြေးငွေတောင်းခံခြင်း၊ အလုပ်ရလျင်လည်း ၃ လစာ၊ ၆ လစာဖြတ်ယူခြင်းများ ပြုလုပ်လျှက်ရှိကြောင်း စုံစမ်းရရှိသဖြင့် ၎င်းကျူးလွန်သော ပြစ်မှုများအတွက် ရန်ကုန်မြို့၊ တာမွေမြို့မရဲစခန်းတွင် အမှုဖွင့်ကာ အသေးစိတ်စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။

တစ်ဆက်တည်းမှာပင် ဩဂုတ်လ ၂၆ ရက် နေ့လယ်ပိုင်းတွင် အာရပ်စော်ဘွားများ ပြည်ထောင်စုရှိ ဒူဘိုင်းရဲဌာနချုပ်နှင့် အမျိုးသမီး ၇ ဦး ခိုအောင်းနေသည့် နယ်မြေရှိ ဒူဘိုင်းမြို့ Naif ရဲစခန်းသို့ အကြောင်းကြားခြင်း၊ အင်တာပိုလ်ရဲအဖွဲ့သို့ သတင်းဖလှယ် ဆက်သွယ်ခြင်းများ ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းဖလှယ်အကူအညီ တောင်းခံမှုအရ မြန်မာနိုင်ငံသား လူကုန်ကူးခံရသူ အမျိုးသမီး ၇ ဦးအား ဩဂုတ်လ ၂၆ ရက်နေ့တွင် ဒူဘိုင်းရဲအဖွဲ့၏ စီစဉ်ပေးမှုဖြင့် လုံခြုံစိတ်ချရသည့် ဒူဘိုင်းအမျိုးသမီးစောင့်ရှောက်ရေး ဂေဟာသို့ ပိုဆောင် စောင့်ရှောက်ထားရှိခဲ့သည်။

သတင်းဆက်များ ဆက်လက်ဖော်ထုတ်ရာ မြန်မာအမျိုးသမီးများကို စည်းရုံးခေါ်ယူ၍ ဒူဘိုင်းရှိ ကေသီမြင့်ထံသို့ ပို့ဆောင်ပေးနေသော မြန်မာနိုင်ငံမှ မီးမီး (ခ) နော်သောစေးအား ဩဂုတ်လ ၂၆ ရက်နေ့တွင်လည်းကောင်း၊ မဆွေဆွေမြင့် (ခ) အသေးလေးအား ဩဂုတ်လ ၂၉ ရက်နေ့တွင် လည်းကောင်း တာမွေမြို့မရဲစခန်းမှ ဖမ်းဆီးနိုင်ခဲ့သည်။ ရရှိသည့်သတင်းများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဒူဘိုင်းရဲဌာနချုပ်နှင့် အင်တာပိုလ် NCB (အဘူဒါဘီ) သို့အချိန်နှင့် တစ်ပြေးညီ သတင်းဖလှယ်ပေးပြီး ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ခဲ့ရာ သတင်းရရှိသည်မှ ၂၄ နာရီအတွင်း ဩဂုတ်လ ၃၀ ရက်နေ့တွင် တရားခံ ကေသီမြင့်အား ဒူဘိုင်းရဲအဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ကေသီမြင့်သည် လူကုန်ကူးမှု ကျူးလွန်သည့် တရားခံပြေးဖြစ်ကြောင်း ဩဂုတ်လ ၃၁ ရက်နေ့တွင် အင်တာပိုလ်က Red Notice ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် အင်တာပိုလ်ရဲအဖွဲ့၊ ဒူဘိုင်းရဲအဖွဲ့ဌာနချုပ် အင်တာပိုလ် (အဘူဒါဘီ)တို့နှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုဖြင့်လည်းကောင်း၊ ဆော်ဒီအာရေဗျနိုင်ငံ၊ ရိယာဒ်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာသံရုံးမှကိုယ်စားလှယ်၏ ကူညီပေးမှုဖြင့်လည်းကောင်း လူကုန်ကူးသူ တရားခံကေသီမြင့်နှင့် လူကုန်ကူးခံရသည့် မြန်မာအမျိုးသမီးငယ် ၇ ဦး တို့အား နိုင်ငံတော်မှ စရိတ်ကျခံမှုဖြင့် ခေါ်ယူခဲ့ရာ စက်တင်ဘာလ ၈ ရက်နေ့တွင် မြန်မာအမျိုးသားလေကြောင်းလိုင်း UB-9502 ဖြင့် ဒူဘိုင်းမှ ဒေသစံတော်ချိန် ည ၉ နာရီ ထွက်ခွာခဲ့ရာ မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စက်တင်ဘာ ၉ ရက် နံနက် ၄ နာရီခွဲအချိန်တွင် ပြန်လည်ရောက်ရှိခဲ့ပြီး ၎င်းတို့အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

တရားခံကေသီမြင့်သည် ၂၀၂၁ခုနှစ်၊ ၂၀၂၂ခုနှစ်အတွင်း မြန်မာနိုင်ငံသား အမျိုးသမီးများစွာကို ဒူဘိုင်းသို့ခေါ်ယူ၍ တရားမဝင်အလုပ်အကိုင် ရှာဖွေပေးမှုများ ဆောင်ရွက်ခြင်း၊ တတိယနိုင်ငံများသို့ ခြိမ်းခြောက်စေလွှတ်ရောင်းစားခြင်း၊ လျော်ကြေးငွေနှင့် လုပ်ခလစာများ ခေါင်းပုံဖြတ် ရယူခြင်းတို့ဖြင့် လူကုန်ကူးပြစ်မှုကျူးလွန်နေသူဖြစ်၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ၎င်းနှင့်ဆက်စပ်ပူးပေါင်းကာ လူကုန်ကူးမှု ကျူးလွန်သူများ၊ အားပေးကူညီသူများ၊ တရားမဝင်အလုပ်အကိုင် ရှာဖွေဆောင်ရွက်ပေးနေသည့်အဖွဲ့များကို ဆက်လက်စုံစမ်း ဖော်ထုတ်လျက်ရှိသည်။

ဒူဘိုင်းတွင် လူကုန်ကူးခံရ၍ ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသူ အမျိုးသမီး ၇ ဦးအား ကယ်တင်၍ မြန်မာနိုင်ငံသို့ခေါ်ယူခဲ့ပြီး ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက် ထားရှိပြီးဖြစ်ပါသည်။ ၎င်းတို့ ၇ ဦးအားအမှုနှင့်ပတ်သက်သည့် လိုအပ်သည့် မေးမြန်းမှုများ ဆောင်ရွက်ပြီးပါက မိဘဆွေမျိုးများထံ စနစ်တကျအပ်နှံပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *