MT News

Written by Tha Doe

ဗြိတိန်ဘုရင်မကြီး အဲလိဇဘတ်- ၂ ကွယ်လွန်ခြင်းအပေါ် ဝမ်းနည်းမှတ်တမ်းရေးသားလိုသူများ လာရောက်ရေးသားနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံရုံးက စက်တင်ဘာ ၉ ရက်တွင် ကြေညာထားသည်။

ဘုရင်မကြီး ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းပူဆွေးမှုကို အများပြည်သူများ လာရောက်ရေးသားနိုင်ရန် ဝမ်းနည်းမှတ်တမ်းစာအုပ်ကို ယနေ့စက်တင်ဘာလ (၉) ရက်နေ့ ညနေ (၅) နာရီအထိ အမှတ် ၈၀ ၊ ကမ်းနားလမ်း ဗြိတိသျှသံရုံးရန်ကုန်၌ ဖွင့်လှစ်ထားပြီး စက်တင်ဘာ (၁၂) ရက် မှ စက်တင်ဘာလ (၁၅) ရက်နေ့ နံနက် (၉) နာရီမှ ညနေ (၅) နာရီအထိ ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

“ဘုရင်မကြီး ကွယ်လွန်ခြင်းအတွက် အလွန်အမင်း စိတ်မကောင်းဖြစ်မိပါတယ်။ သူမသည် ဘဝတစ်လျှောက်လုံးကို တိုင်းပြည်အတွက် အလုပ်လုပ်ပေးခဲ့သည်သာမက စစ်မှန်တဲ့ ကရုဏာ၊ အကြင်နာတရားနဲ့ ဉာဏ်ပညာအစရှိတဲ့ သမိုင်းဝင်အမွေအနှစ်တွေကိုပါ ချန်ထားခဲ့ပါတယ်။ တော်ဝင်မိသားစုဝင်အားလုံးအတွက် စိတ်ထဲရင်ထဲမှလာသော ဝမ်းနည်းမှုမျိုးဖြင့် ဝမ်းနည်းမိပါကြောင်း ဗြိတိန်သံရုံးရန်ကုန်ကိုယ်စား ဖော်ပြအပ်ပါတယ်” ဗြိတိန်သံရုံးရန်ကုန် အကြီးအကဲ ရူရစ်ခ်မာစ်ဒန်က ဆိုသည်။

ထိုပြင် အွန်လိုင်းမှတဆင့် ဝမ်းနည်းမှတ်တမ်း ရေးသားလိုသူများအတွက် ဝမ်းနည်းခြင်း မှတ်တမ်းစာအုပ်ကို https://www.royal.uk/send-message-condolence တွင်ဖွင့်လှစ်ပေးထားသည်။

”ချစ်လှစွာသော ကျွန်တော်ရဲ့မိခင်၊ ဘုရင်မ ကွယ်လွန်ခြင်းဟာ ကျွန်တော်နဲ့ ကျွန်တော့် မိသားစုဝင်အားလုံးအတွက် အကြီးမားဆုံးသော ဝမ်းနည်းမှုဖြစ်စဥ်ပဲ ဖြစ်ပါတယ်။ မြတ်နိုးအပ်တဲ့ အချုပ်အခြာအာဏာပိုင်ရှင်နှင့် ချစ်ခင်အပ်တဲ့မိခင်တစ်ဦး  ဖြစ်သူ သူမကွယ်လွန်ခြင်းအတွက် လေးလေးနက်နက် ဝမ်းနည်းပူဆွေးမိပါတယ်။ သူမကို ဆုံးရှုံးခဲ့ရတဲ့အတွက် တစ်တိုင်း ပြည်လုံးသာမက နယ်မြေများနှင့် ဓနသဟာယနိုင်ငံများအပြင် ကမ္ဘာတဝှမ်းလုံးရှိ မရေမတွက်နိုင်သော လူများအားလုံး နက်နက်ရှိင်းရှိင်း ခံစားခဲ့ရမယ်ဆိုတာ သိရှိပါတယ်။ ယခုကဲ့သို့ ဝမ်းနည်းပူဆွေးခြင်းနဲ့ အပြောင်းအလဲကာလတွေမှာ ကွယ်လွန်သွားတဲ့ ဘုရင်မကြီး ကျယ်ကျယ်ပြန့်ပြန့် လက်ကိုင်ထားခဲ့တဲ့ လေးစားမှုနဲ့ နက်ရှိင်းတဲ့ ချစ်ခြင်းမေတ္တာတရား အသိဥာဏ်ပညာတွေက ကျွန်တော်နဲ့ ကျွန်တော်တို့ မိသားစုဝင်အားလုံးကို နှစ်သိမ့်မှုပေးပြီး ဆက်လက်တည်ရှိ သွားစေနိုင်မှာဖြစ်ပါတယ်”ဘုရင်မကြီး အဲလိဇဘတ် ၂ ကွန်လွန်ခြင်းနှင့်ပတ်သက်၍ အသစ်ဆက်ခံသည့် ဘုရင်ကြီး ချားလ်- ၃ က ထုတ်ပြန် ကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *