MT News

Written by Tha Doe

ကချင်ပြည်နယ် မိုးညှင်းတွင် ဘိန်းဖြူနှင့် ဘိန်းစိမ်းများ တစ်ရက်အတွင်း ကျပ်သိန်း ၂၀၀၀ ကျော်ဖိုး ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၈ ရက် နေ့လယ် သုံးနာရီခန့် အချိန်တွင် သက်သေများနှင့်အတူ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မန္တလေးမြို့ဘက်မှ မိုးညှင်းမြို့ဘက်သို့ ဇော်ကိုမြင့် မောင်းနှင်ပြီး မျိုးသီဟ လိုက်ပါလာသည့် MITSUBISHI CANTER အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် တင်ဆောင်လာသော ဆာလာအိတ်များအတွင်းမှ ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၄.၁၈ ကီလို (ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀၄၅ သိန်း)၊ ဘိန်းစိမ်းအလေးချိန် ၉ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၁၀၈ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးရာ ၎င်းတို့အတူတကွ သယ်ဆောင်လာခြင်းဖြစ်ကြောင်း ပေါ် ပေါက်ခဲ့သဖြင့် ဇော်ကိုမြင့်(၄၅)နှစ် နှင့် မျိုးသီဟ (၂၅)နှစ်တို့အား မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ သိရသည်။

ထို့ပြင် ထိုနေ့တွင်ပင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မိုးညှင်းမြို့နယ်၊ ပင်လုံကျေး ရွာအနီးတွင် ခင်မောင်ဝင်း (ခ)ဖိုးငယ် မောင်းနှင်ပြီး အောင်ဇော်ဦး နှင့် မခင်ဝေဦး(ခ)မဝေ တို့လိုက်ပါလာသည့် HONDA ODYSSEY အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် တင်ဆောင်လာသော ခရီးဆောင်အိတ် အတွင်းမှ ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၂.၇၅ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၆၈၇.၅ သိန်း) နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးရာ ၎င်းတို့အတူတကွ သယ်ဆောင်လာခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ခင်မောင်ဝင်း(ခ)ဖိုးငယ်(၂၅)နှစ်၊ အောင်ဇော်ဦး(၃၂)နှစ်နှင့် မခင်ဝေဦး(ခ)မဝေ(၃၁)နှစ်တို့အား မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News