MT News

၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလမှ ဩဂုတ်လအထိ ငါးလတာကာလအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၂၃၀ ဒသမ ၈၆၈ သန်းအထိ ရှိနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ထိုသို့ ဝင်ရောက်ရာတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍမှ ဒေါ်လာတစ်သန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဒေါ်လာ ၁၂၀ ဒသမ ၈၅၂ သန်း၊ စွမ်းအင်ကဏ္ဍတွင် ဒေါ်လာ ၇၀၂ ဒသမ ၄၀၃ သန်း၊ အိမ်ခြံမြေတွင် ဒေါ်လာ ၂၉ သန်း၊ ဝန်ဆောင်မှုကဏ္ဍတွင် ဒေါ်လာ ၃၇၆ ဒသမ ၀၆၈ သန်း ဝင်ရောက်ထားပြီး မွေးမြူရေးကဏ္ဍတွင်မူ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁ ဒသမ ၅၄၅ သန်းအထိ ဝင်ရောက်မြှုပ်နှံထားကြောင်း သိရသည်။

သို့သော် ဘဏ္ဍာနှစ်အလိုက်မဟုတ်ဘဲ ပြက္ခဒိန်နှစ်ဖြင့် တွက်ကြည့်မည်ဆိုပါက ပြီးခဲ့သည့် လေးနှစ်၏ (၂၀၁၉ မှ ၂၀၂၂ ခုနှစ်အထိ) ပထမ ခုနစ်လတာအတွင်း အသီးသီးဝင်ရောက်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ကာလတူ နှိင်းယှဥ်ကြည့်ပါက ၂၀၂၂ ခုနှစ်အတွင်း အနည်းဆုံး ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု မြန်မာ့မဟာဗျုဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP Myanmar) ဆိုသည်။ အာဏာထိန်းသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဥ်ပါကလည်း ရင်းနှီးမြှုပ်နှံမှု ထက်ဝက်ကျော် လျော့ကျခဲ့သည်။ ၂၀၁၉ ခုနှစ် ပထမခုနစ်လတွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံကျော်၊ ၂၀၂၀ ခုနှစ် ပထမခုနစ်လတွင် ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံကျော် ဝင်ရောက်ခဲ့သည်။ သို့ရာတွင် ၂၀၂၁ ခုနှစ် ပထမခုနစ်လ (အာဏာမထိန်းသိမ်းခင် ဇန်နဝါရီလတွင် အမေရိကန်ဒေါ်လာ သန်း ၃၂၀ ကျော်ဝင်ရောက်ခဲ့) တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံကျော် ဝင်ရောက်ခဲ့သဖြင့် ထိုနှစ်နှစ်တာကို နှိင်းယှဥ်ပါက FDI ဝင်ရောက်မှုမှာ ပမာဏအားဖြင့် ဒေါ်လာ နှစ်ဘီလီယံကျော် လျော့နည်းသွားခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

၂၀၁၉ ကိုဗစ်ကပ်ရောဂါနှင့် အာဏာထိန်းသိမ်းမှုဖြစ်စဥ်များကြောင့် နိုင်ငံရေးမတည်ငြိမ်သဖြင့် FDI များ မြန်မာနိုင်ငံသို့ လာရောက်မြှုပ်နှံမှုလျော့ကျနေပြီး ယခင်အစိုးရလက်ထက် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄၁၅၈ သန်းကျော်၊ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄၈၈၀ သန်းကျော်၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃၇၉၁ သန်းကျော်၊ ၂၀၂၁- ၂၀၂၂ အောက်တိုဘာမှ မတ်လအထိ ဘဏ္ဍာနှစ်အကူးအပြောင်းခြောက်လကာလတွင် ဒေါ်လာ ၆၄၁ သန်းကျော်နှင့် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁၂၃၀ သန်းကျော် ဝင်ရောက်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *