၃၀.၇. ၂၀၂၃
Written by Phyo Wei

ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်နေတာကို အတိုးနှုန်းမြှင့်တင်တာနဲ့ ထိန်းကျောင်းမှာ မဟုတ်ဘဲ အဲဒီလို ဆောင်ရွက်မယ်ဆို နိုင်ငံ့စီးပွားရေး တိုးတက်မှုကို ထိခိုက်စေနိုင်တယ်လို့ ဗဟိုဘဏ်က အသိပေးကြေညာလိုက်တဲ့ ဒီရက်သတ္တပတ်မှာ ကမ္ဘာကျော် Zara အမှတ်တံဆိပ်အဝတ်အစားတွေ ပိုင်ရှင်ဖြစ်တဲ့ Inditex ကုမ္ပဏီက မြန်မာနိုင်ငံက အဝတ်အထည် ဝယ်ယူတာကို ရပ်တန့်သွားဖွယ်ရှိနေတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အခြားတစ်ဖက်မှာတော့ ThaiBev က မြန်မာ့ဘီယာစျေးကွက်ကို တစ်ကျော့ပြန်ဝင်ရောက်လာပြီး အဲဒီအတွက် ထိုင်းဘတ် သန်း ၅၀၀ လောက်မြှုပ်နှံမယ်ဆိုတဲ့ သတင်းလည်းရှိခဲ့သလို အင်ဒိုနီးရှားကလည်း သူတို့ပြောင်းရွှေ့မဲ့ မြို့တော်သစ် နူဆန်တရာ (Nusantara) ကို မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေ လာရောက်မြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တဲ့ ဒီရက်သတ္တပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ လျှပ်စစ်ယာဉ်တွေကို အမြတ်ငွေ ကန့်သတ်လိုက်တဲ့ အကြောင်း၊ တရားမဝင် ကုန်သွယ်မှုတွေကို သိုလှောင်ရုံအထိ လိုက်ဖမ်းခိုင်းတဲ့အကြောင်းနဲ့ ၂၀၀၀၀ တန် ထုတ်ဝေမယ်ဆိုတာကြောင့် နောက်ဆက်တွဲကုန်စျေးနှုန်းတက်မှုတွေ လှုပ်ခတ်နေရခြင်းအကြောင်းတွေကို တင်ပြချင်ပါတယ်။

“အမြတ်ငွေ ကန့်သတ်လိုက်တဲ့ လျှပ်စစ်ယာဉ်”

ပြီးခဲ့တဲ့ မေလ ၁ ရက် MT News သတင်းဌာနရဲ့ စီးပွားရေးသုံးသပ်ချက်ကဏ္ဍမှာ “ထုတ်လုပ်မှုကျဆင်းလာတဲ့ မြန်မာ့ကားစျေးကွက်”ဆိုတဲ့အကြောင်းကို သုံးသပ်ခဲ့ပြီး အဲဒီအထဲမှာ EV ကားတွေ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် CIF တန်ဖိုးထက် အမြတ်ငွေ ၅၀ ရာခိုင်နှုန်းလောက် တင်ရောင်းနေတာကို ၂၀ ရာခိုင်နှုန်းလောက်ပဲ အမြတ်တင်ခိုင်းပေးဖို့နဲ့ အမြတ်ကြီးစားလွန်းနေရင် EV ကားစျေးကွက်က တိုးတက်လာမှာ မဟုတ်ဘူးလို့ အကြံပြုခဲ့ပြီးလက်ရှိအချိန်မှာတော့ ဒီလိုမျိုး CIF တန်ဖိုးရဲ့ ၅၀၊ ၆၀ ရာခိုင်နှုန်းမက အမြတ်တင်နေတဲ့ EV ကားတွေကို CIF (Cost, Insurance,and Freight) တန်ဖိုးအပေါ် အမြတ် ၂၀ ရာခိုင်နှုန်းအထက် ပိုမိုရောင်းချခြင်းမပြုဖို့၊ လူမှုကွန်ရက်မှာ ကြော်ငြာရောင်းချခြင်းမပြုဖို့၊ မော်တော်ယာဉ် ရောက်ရှိခြင်းမရှိဘဲ Pre Order နဲ့ ကြိုတင်ရောင်းချခြင်းမပြုဖို့ ကန့်သတ်လိုက်တာတွေ့ရပြီး ဒီတားမြစ်ချက်တွေ ချိုးဖောက်ရင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းမဲ့အပြင် စားသုံးသူရေးရာဥပဒေနဲ့ပါ အရေးယူမယ်လို့ သတိပေးလိုက်တာဟာ ကြိုဆိုစရာပါ။

တစ်ဖက်မှာလည်း အောက်ကားတောင် သိန်း ၅၀၀ လောက်သုံးရတော့မဲ့ ကားစျေးကွက်ကို ထိန်းချုပ်ဖို့အဖြစ် SKD တွေ ပြန်ထုတ်တော့မှာ၊ အနှစ် ၂၀ အထက်ကားတွေ နယ်မှာပဲ မောင်းခွင့်ပြုတော့မှာ သတင်းတွေ လှုပ်ခတ်လာတာကြောင့် ၂၀၀၀ ပြည့်နှစ်လောက်က ကားကို သိန်း ၅၀၀ လောက်အော်နေတဲ့ကားစျေးကွက် ပြန်ကျတော့မလားလို့ ထင်မြင်ချက်တွေရှိလာခဲ့ပြီး အလွန်အကျွံဖောင်းပွနေတဲ့ ကားစျေးကွက်ကို ထိန်းကျောင်းတော့မဲ့ အလားအလာတွေ တွေ့လာနေရပါပြီ။

လက်ရှိ မြန်မာပြည်ဟာ ကုန်ထုတ်လုပ်မှုကို ဦးစားပေးရမဲ့ အချိန်ဖြစ်ပြီး ဒီ့အတွက်ကိုပဲ တာဝန်ရှိသူတွေက တွန်းအားပေးနေချိန်မှာ ငွေရှိသူတွေက ရွှေ၊ ငွေ၊ ကား၊ အိမ်ခြံမြေ လို စျေးဆွဲတင်၊ စျေးကစားပြီး နေ့ချင်းညချင်း သိန်းသောင်းချီမြတ်မဲ့ လမ်းပေါ်ပဲ ဆက် လျှောက်နေတာကို သတိပြုမိပါတယ်။ တကယ်သာ ကုန်ထုတ်လုပ်မှုနိုင်ငံဖြစ်စေချင်တယ်ဆိုရင်တော့ ရွှေ၊ ငွေ၊ ကား၊ အိမ်ခြံမြေလို ဆူလွယ်နပ်လွယ် အမြတ်ရလွယ်တဲ့ကဏ္ဍတွေမှာ ၀ုန်းကနဲစျေးဝင်ကစား၊ ၀ုန်းကနဲ သိန်းသောင်းချီမြတ်တဲ့ မကောင်းတဲ့ စီးပွားရေးဓလေ့စရိုက်ကို အစိုးရက ထိန်းချုပ်ပြင်ဆင်ရမှာဖြစ်ပြီး လုပ်ငန်းရှင်တွေ ကုန်ထုတ်လုပ်မှုလုပ်ရင် ခံစားခွင့်တွေရမယ်ဆိုတဲ့ မက်လုံးမျိုးတွေ ပေးနိုင်ဖို့ လိုအပ်မှာပါ။ တစ်ဖက်မှာလည်း မက်လုံးပေး၊ တစ်ဖက်မှာလည်း ငွေမှန်သမျှ အခြေပစ္စည်းတွေမှာ စျေးကစားနေတာကို ထိန်းကျောင်းနိုင်မှပဲ မြန်မာ့ကုန်ထုတ်လုပ်မှုကဏ္ဍဟာ တိုးတက်လာမှာဖြစ်ပြီး အိမ်ခြံမြေ၊ ရွှေ၊ ငွေ၊ ကား စျေးကစားတာကို ထိန်းကျောင်းမှုမရှိသရွေ့တော့ ဘယ်လောက်ပြောပြော ကုန်ထုတ်လုပ်မှုတက်လာမှာ မဟုတ်တာ အသေအချာပါ။

“သိုလှောင်ရုံအထိ ဖမ်းခိုင်းတဲ့ မှောင်ခိုကုန်သွယ်မှု”

မှောင်ခိုကုန်သွယ်မှုတွေကို စပြီးဖမ်းတဲ့ ဦးသိန်းစိန်အစိုးရလက်ထက် ငါးနှစ်သက်တမ်းအတွင်းမှာ ကျပ် ၅၅ ဘီလျံလောက်ပဲဖမ်းနိုင်တာဖြစ်ပြီး NLD အစိုးရဟောင်း ငါးနှစ်သက်တမ်းမှာတော့ ကျပ် ဘီလျံ ၅၀ ဖိုးလောက်ပဲ ဖမ်းမိတာပါ။ ဒါပေမဲ့လည်း နစကလက်ထက်မှာတော့ ၂၀၂၂ ဇန်နဝါရီကနေ ၂၀၂၃ ဇွန်လအတွင်း ကျပ် ၁၂၇ ဘီလျံကျော်ဖိုးအထိ ဖမ်းနိုင်ခဲ့တာ တွေ့ရပါတယ်။ ဖမ်းမိပမာဏဟာ အရင်အစိုးရတွေနဲ့ယှဥ်ရင် ၂ ဆမကတက်လာတာတွေ့ရပေမဲ့လည်း တစ်ဖက်မှာလည်း တရားမဝင်ကုန်သွယ်မှု ကိန်းဂဏန်းတွေကတော့ ကြောက်လန့်စရာပမာဏဖြစ်နေပြီး အဲဒီအပေါ်မှာလည်း နစကဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ထိုင်းကနေ မြန်မာဘက်ဆီပို့တဲ့ပို့ကုန်က ၂၀၂၂ မေလကနေ ၂၀၂၃ ဧပြီအထိ ဒေါ်လာ ၂ ဒသမ ၉၃၂ ဘီလျံဖြစ်ပြီး မြန်မာဘက်ကသွင်းကုန်ကတော့ ဒေါ်လာ ၁ ဒသမ ၂၉၃ ဘီလျံဖြစ်လို့ ခြားနားချက် ၁ ဒသမ ၆၃၉ ဘီလျံဟာ မှောင်ခိုကုန်သွယ်မှုဖြစ်နေတယ်လို့ တွက်ဆပြခဲ့ပါတယ်။

ဒီနေရာမှာ မြန်မာနိုင်ငံဟာ ပြည်ပကသွင်းကုန်တွေရဲ့ ရာခိုင်နှုန်း ၇၀ လောက်ကို ထိုင်းနဲ့တရုတ်က သွင်းနေတာဖြစ်ပြီး တရုတ်ကတင်သွင်းမှုပိုများသလို မှောင်ခိုကုန်သွယ်မှူဖမ်းမိတဲ့ ကျပ် ၁၂၇ ဘီလျံကျော်ဟာ ထိုင်းနဲ့တရုတ်က မှောင်ခိုကုန်သွယ်မှုအားလုံးကို ဖမ်းမိတဲ့ပမာဏပါ။ အဲဒီ ကျပ် ၁၂၇ ဘီလျံဟာ ဒေါ်လာ သန်း ၄၀၀ လောက်ပဲရှိလို့ ထိုင်းကမှောင်ခိုသွင်းသမျှရဲ့ လေးပုံတစ်ပုံလောက်ပဲ ဖမ်းနိုင်တဲ့သဘောဖြစ်နေပါတယ်။ ဒီနေရာမှာ တရုတ်နဲ့ မြန်မာကြားက ကုန်သွယ်မှုဟာလည်း တရားဝင်ကိန်းဂဏန်းတွေအရဆိုရင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီကနေ နိုဝင်ဘာလအထိ ရှစ်လစာ တရားဝင်စာရင်းအရ မြန်မာဘက်မှာ ဒေါ်လာ ၆ ဘီလျံကျော်သာ ကုန်သွယ်မှုစာရင်းရှိပြီး တရုတ်ရဲ့ တရားဝင်ကုန်သွယ်မှုစာရင်းမှာ ဒေါ်လာ ၁၇ ဘီလျံခန့်ရှိတာကြောင့် ဒေါ်လာ ၁၁ ဘီလျံနီးပါး ကွာဟနေတာကိုလည်း တွေ့ခဲ့ရပါသေးတယ်။

ဒီအချက်အလက်တွေဟာ အနီးစပ်ဆုံးရရှိထားတဲ့အချက် အလက်တွေဖြစ်ပြီး ဒီနှစ်ခုရလဒ်ကိုအကြမ်းဖျဥ်းပေါင်းကြည့်မယ်ဆို မှောင်ခိုကုန်သွယ်မှုဟာ တစ်နှစ်လောက်အတွင်း ဒေါ်လာ ၁၃ ဘီလျံလောက်ကုန်သွယ်နေပြီး ဖမ်းဆီးနိုင်မှုကတော့ သန်း ၄၀၀ လောက်ဆိုတော့ အဆမတန်ကွာဟလွန်းနေပါတယ်။ ဒါကြောင့်လည်း SAC ဒုတိယဥက္ကဋ္ဌက မှောင်ခိုကုန်သွယ်မှုတွေကို သိုလှောင်ရုံတွေအထိ ဖမ်းဖို့၊ စစ်ဆေးရေးဂိတ်တွေမှာ အဂတိလိုက်စားမှုရှိနေရင် ထိထိရောက်ရောက်အရေးယူဖို့ညွှန်ကြားခဲ့တာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ NLD အစိုးရဟောင်းလက်ထက် နိုင်ငံငြိမ်းချမ်းစဥ်မှာတောင် နယ်စပ်မျဥ်းပေါ်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ဆက်ကြေးဂိတ်တွေက ၃၀ နီးပါးရှိနေပြီး တရုတ်နဲ့ထိုင်းက တင်သွင်းသမျှကို သူတို့က ဆက်ကြေးကောက် အဲဒီငွေတွေနဲ့ပဲ တိုက်ပွဲတွေဖော်ပါတယ်။ အခုလို PDF ဂိတ်တွေ EAOs ဂိတ်တွေ ရာချီဖြစ်လာချိန်မှာ ဒီတရားမဝင်ကုန်သွယ်မှုတွေကနေ သူတို့ကောက်နေတဲ့ဆက်ကြေးဟာ လက်ရှိပဋိပက္ခတွေရှည်ကြာစေတဲ့ရေသောက်မြစ်တစ်ခုပါ။ ဒီမှောင်ခိုကုန်သွယ်မှုတွေကို ပြင်းထန်ထိရောက်စွာအရေးယူခြင်းအားဖြင့်လည်း လက်နက်ကိုင်တိုက်ပွဲဖော်ဆောင်မှုတွေ အားနည်း ချုပ်ငြိမ်းစေမှာ အသေအချာပါပဲ။

“မငြိမ်သေးတဲ့ ၂၀၀၀၀ တန် နောက်ဆက်တွဲဂယက်များ”

၂၀၀၀၀ တန်ထွက်မယ်လို့ ကြေညာလိုက်ချိန်မှာပဲ ရွှေနဲ့ဒေါ်လာတွေ စျေးခုန်တက်ပြီး ရွှေတစ်ကျပ်သား ၃၆ သိန်းလောက်ဖြစ်လာသလို ဒေါ်လာစျေးကလည်း ၃၄၀၀ အထက်ဖြစ်လာပြီး ရက်ပိုင်းအတွင်း ၁၀ ရာခိုင်နှုန်းကျော်ဆီ ခုန်တက်ပါတယ်။ ဒီလိုပဲ တရုတ်နဲ့ထိုင်းကသွင်းကုန်တွေအကုန်လုံးလိုလိုကလည်း ဆယ်ရာခိုင်နှုန်းလောက်ဆီစျေးခုန်တက်သလို ထိန်းသူသိမ်းသူမဲ့နေတဲ့ မြေစျေးတွေ ကားစျေးတွေကတော့ အရောင်းတွေပိတ်ကြ၊ မပိတ်ကြသူတွေကလည်း တန်ဖိုးတွေရဲ့ ဆယ်ရာခိုင်နှုန်းအထက် စျေးတွေဆွဲတင်ကြနဲ့ ကမောက်ကမဖြစ်သွားပါတယ်။ အဆိုးဆုံးကတော့ အရင်ကတည်းက ရာခိုင်နှုန်း ၁၄၀ ကျော်တက်နေတဲ့ပြည်တွင်းဆန်စျေးတွေကပါ တစ်ပြည်ချင်းမှာ အနည်းဆုံး ၃၀၀ အထက်ခုန်တက်ကုန်တာပါ။

တစ်ဖက်မှာ တာဝန်ရှိသူတွေက ၂၀၀၀၀ တန်ထုတ်လို့ ငွေဖောင်းပွမှုမဖြစ်နိုင်တာ၊ အထိမ်းအမှတ်သဘောဖြစ်လို့ ငွေ အလုံးအရင်းထွက်လာမှာမဟုတ်တာ၊ ဟောင်းနွမ်းစုတ်ပြဲငွေတွေနဲ့ လဲပေးမှာဖြစ်လို့ သိန်းရာချီလဲဦးတော့ တစ်ဦးကို အများဆုံး ၆၀၀၀၀ ပဲ လဲပေးမှာလို့ပြောနေပေမဲ့ လူတွေရဲ့ ငွေစက္ကူအပေါ်မယုံကြည်မှုနဲ့ ဝိသမလောဘသမားတွေရဲ့ စျေးနှုန်းဆွဲတင်မှုတွေကို မကျော်လွှားနိုင်တာ အရေးယူမယ်ပြောပေမဲ့လည်း ထိထိရောက်ရောက်မလုပ်နိုင်တာတွေကြောင့် ၂၀၀၀၀ တန်ထုတ်မဲ့ဂယက်ဟာ ပြင်းထန်စွာရိုက်ခတ်နေတုန်းလို့ပြောရမှာပါ။ ဒီဂယက်ကို ၂၀၀၀၀ တန်ငွေစက္ကူလူထုကြားမမြင်ရခင် ထိထိရောက်ရောက်ထိန်းနိုင်မှ လက်ရှိ ၁၀ ရာခိုင်နှုန်းနဲ့အထက် မြင့်တက်သွားတဲ့ စားကုန်တွေ၊ အခြေပစ္စည်းတွေ စျေးအလွန်အကျွံဖောင်းပွမသွားအောင် ထိန်းချုပ်နိုင်မှာပါ။ အစိုးရတစ်ရပ်ဟာ စျေးကွက်စီးပွားရေးစနစ်မှာ ဝင်ပြီးထိန်းစရာမလိုဘူးလို့ပြောပေမဲ့လည်း လက်ဝါးကြီးအုပ်မှုတားဆီးကာကွယ်ရေးယှဥ်ပြိုင်မှု ဥပဒေတွေ၊ စားသုံးသူအကာအကွယ်ပေးရေးဥပဒေတွေဟာ ဒီလိုမျိုး ဝိသမလောဘသားတွေကို ထိန်းချုပ်ဖို့ဆိုတာ မမေ့အပ်ပါဘူး။

ဥပမာတစ်ခုပြောရရင် မြန်မာနိုင်ငံသားတွေဟာ ပြည်သူတွေဘေးဒုက္ခကြုံတိုင်း အမြတ်ကြီးမစားတတ်တဲ့ထိုင်းလိုနိုင်ငံမျိုးကို သဘောကျကြပါတယ်။ အဲဒီလို နိုင်ငံတစ်ခုခုဖြစ်တိုင်း အမြတ်မတင်အောင်လည်း အစိုးရကဥပဒေနဲ့ထိန်းကျောင်းလို့လည်း ထိုင်းနိုင်ငံသားတွေဟာ အရေးယူခံရမှာကြောက်တဲ့စိတ်နဲ့ ဝိသမလောဘပျောက်ရှတာပါ။ အနီးစပ်ဆုံးပြောရရင် ထိုင်းဘုရင်ကြီးနတ်ရွာစံလို့ ပြည်သူတွေဝမ်းနည်းနေချိန်မှာ ဝမ်းနည်းခြင်းဝတ်စုံတွေ စျေးမတက်ဖို့နဲ့ စျေးတက်ရင်အရေးယူမယ်လို့ ထိုင်းအစိုးရက သတိပေးချက်ထုတ်ပြန်ခဲ့တာမျိုးဖြစ်စဥ်ပါ။ အကြိမ် ၂၀ လောက်အာဏာသိမ်းတာတောင် မြန်မာထက်တည်ငြိမ်တဲ့ ထိုင်းလိုနိုင်ငံမျိုးက သူ့နိုင်ငံသားတွေအတွက် သေးသေးမွှားမွှားလေးကအစ ဝန်မပိရအောင်စဥ်းစားပေးတာမျိုး တွေးဆမယ်ဆိုရင် မြန်မာနိုင်ငံလို ပြည်သူတွေကျပ်တည်းပြီး ဆူပူဆန္ဒပြကုန်မှ ငါတို့တော်လှန်ရေးအောင်မှာဆိုပြီး ကုန်စျေးနှုန်းတွေအတင်းအဓမ္မဆွဲတင်နေတဲ့နိုင်ငံမျိုးဟာ စျေးကစားသူတွေ၊ ဝိသမလောဘသားတွေ ထိထိရောက်ရောက်အရေးယူ၊ မှောင်ခိုကုန်သွယ်သူတွေဖမ်း၊ အခြေပစ္စည်းတွေ အလွန်အမင်းစျေးဆွဲတင်မခံရအောင် ပိုပြီးတော့ကို ထိထိရောက်ရောက်ထိန်းသင့်ပါတယ် အကြံပြုရင်း ဒီတစ်ပတ်ရဲ့စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *