မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား အများပြည်သူသို့ရှင်းလင်းပြသသည့်အခမ်းအနားသုံးကြိမ်မှ အလှုငွေ ကျပ် ၃၉ ဘီလျံနီးပါး ရရှိ

၃၀. ၇. ၂၀၂၃
Written by Tha Doe

မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ထုလုပ်ကိုးကွယ်မှု ဖြစ်တော်စဥ်အကြောင်းကို SAC ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇူလိုင် ၂၉ ရက်မှာ ထပ်မံရှင်းလင်းပြသခဲ့ပြီး တက်ရောက်လာတဲ့ အလှုရှင်တွေက ကျပ် ငါးဘီလျံကျော် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထား ကိုးကွယ်လျက်ရှိတဲ့ ကမ္ဘာပေါ်က ထိုင်တော်မှု ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်တွေထဲ ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမဲ့ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှုအခြေအနေရှင်းလင်းပြသမှုအခမ်းအနားမှာ SAC ဥက္ကဋ္ဌက ရုပ်ပွားတော်ကြီးဖြစ်တည်လာမဲ့ ကျောက်တုံးတော်ကို တူးဖော်ရပုံ၊ ရေလမ်းကြောင်း ကုန်းလမ်းကြောင်းတွေနဲ့ နေပြည်တော်အထိသယ်ဆောင်ရပြီး ကမ္ဘာ့အလေးချိန်အများဆုံးရေလမ်းကုန်းလမ်းက ရွှေ့ပြောင်းသယ်ဆောင်ရမှုဖြစ်လာပုံ၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ကြီး အဆင့်အဆင့်တည်ဆောက်နိုင်ရေး ဆောင်ရွက်ခဲ့မှု၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီး တည်ဆောက်ရေးမှာ ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်၊ တံတား၊ ဥယျာဉ်တွေ ပြည့်စုံစွာ ထည့်သွင်းတည်ဆောက်နိုင်ရေး နိုင်ငံတော် သံဃာ့မဟာ နာယက ဆရာတော်ကြီးများထံမှ ဩဝါဒခံယူဆောင်ရွက်ခဲ့မှု၊ ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ် ကျမ်းစာများကို ကမ္ဘာကပါ သိရှိနိုင်ရေးအတွက် စကျင်ကျောက်ချပ်များပေါ် ခေတ်မီ စက်ကိရိယာများ အသုံးပြုပြီး ပါဠိအက္ခရာ၊ Romanize Language တို့နဲ့ ကျောက်စာတော်များ တည်ထားမှု၊ ရုပ်ပွားတော်မြတ်ကြီးမျက်နှာတော်မူရာ တူရှုအရပ်မှာ ဝိဇယဘူမိနိမ္မာန အောင် မြေတည်ထားမှု၊ မုစလိန္ဒနဂါးရုံဘုရား တည်ထားမှု၊ ကျောက်စာရုံစေတီတွ တည်ထားမှုနဲ့ အဆင့်ဆင့်တိုးတက်လာမှု၊ သံဃာတော်အပါး ၉၀၀ နဲ့ လူပရိတ်သတ် ၁၂၀၀ ဝင်ဆံ့နိုင်တဲ့ သာသနာ့ဗိမာန် အဂ္ဂါဓိပတိ ဝိသုံဂါမသိမ်တော်ကြီးကို ခမ်းနားထည်ဝါစွာ တည်ဆောက်ထားမှု ၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဆေးသင်္ကန်းကပ်လှူပူဇော်ခဲ့မှုနဲ့ ဥဏ္ဏလုံမွေးရှင်တော်မြတ် တပ်ဆင်ပူဇော်ခဲ့မှု၊ မဟာဗောဓိပင်၊ လင်းလွန်းပင်နဲ့ အင်ကြင်းတော စိုက်ပျိုးဆောင်ရွက်မှု စတာတွေနဲ့ ဘုရားကြီးတည်ဆောက်ပြီး စီးပါကတွေ့ရှိရမဲ့ အခြေအနေတွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်လှူတာ၊ ကျောက်စာရုံစေတီတော်များ ထီးတော်တင်လှူတာနဲ့ ရေစက်ချအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာနေ့)၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်မှာ နိုင်ငံတော်အဆင့်စည်ကားသိုက်မြိုက်စွာ ပြုလုပ်သွားမဲ့အခြေအနေတွေကို ရှင်းလင်းပြောကြားမှုအပြီးမှာ တက်ရောက်လာသူ ပြည်တွင်း၊ ပြည်ပအလှူရှင် ၂၇၄ ဦးက လှူဒါန်းငွေ ၅ ဒသမ ၀၄ ဘီလျံ (ငွေကျပ် သန်း ၅၀၀၀ ကျော်)၊ အမေရိကန်ဒေါ်လာ ၂၃၀၀၀ နဲ့ ထိုင်းဘတ်ငွေတစ်သိန်းတို့ကို လှုဒါန်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်မှာ ရှင်းပြစဥ်က အလှူရှင် ၁၀၁ ဦးရဲ့ လှူဒါန်းမှု စုစုပေါင်းဟာ ငွေကျပ် ၁၆၁၇၇ သန်း (၁၆ ဒသမ ၁၇၇ ဘီလျံ) ဇူလိုင် ၂၃ ရက်မှာ ကျင်းပတဲ့ ရှင်းလင်းပြသမှုအခမ်းအနားမှာ စေတနာရှင်အလှူရှင် ၃၇၇ ဦးက လှူဒါန်းငွေ ၁၇ ဒသမ ၄၁၅ ဘီလျံ (ငွေကျပ် ၁၇၄၁၅ သန်း) လှုဒါန်းခဲ့တယ်လို့ သိရပါတယ်။

ပုံစာ။ မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ဆောက်မှုရှင်းလင်းပြသနေသည့် SAC ဥက္ကဋ္ဌနှင့် လှုဒါန်းကြသည့်အလှုရှင်များ၏ ပုံရိပ်အချို့ကို တွေ့ရစဥ်။

Leave a Reply

Your email address will not be published. Required fields are marked *