ဖျူထိုင်းပါတီ ခေါင်းဆောင် ချိုလ်နန် ဆရီကော နဲ့ United Thai Party အမှုဆောင်ချုပ် ပီရာပန် ဆာရီရာသာဗီဘာဂါ(လယ်) တို့ ဇူလိုင် ၂၂ ရက် တွေ့ဆုံဆွေးနွေးနေသည်ကို တွေ့ရစဉ်။

၂၄.၇.၂၀၂၃
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ ရွေးကောက်ပွဲပြီးအပြီး ဝန်ကြီးချုပ်နေရာအတွက် ပူးတွဲမဲပေးပွဲမှာ Move Forward Party(MFP) ပါတီနေရာကိုအစားဝင်ပြီး ဝန်ကြီးချုပ်လောင်းအဖြစ်အဆိုပြုမယ့် ဖျူထိုင်းပါတီအနေနဲ့ တစ်ဖက်မှာတော့ ဆုံးဖြတ်ရခက်တဲ့ လမ်းဆုံလမ်းခွနေရာကို ရောက်နေတယ်လို့ ဆိုရမှာပါ။

MFP ပါတီအနေနဲ့ ပါတီခေါင်းဆောင် ပီတာလင်ဂျာရွန်ရတ်ကို ဝန်ကြီးချုပ်အသစ်ဖြစ်လာရေး အဆိုပြုမှုဟာ ပြီးခဲ့တဲ့ ဝန်ကြီးချုပ်နေရာအတွက် အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်အမတ်တွေရဲ့ ပူးတွဲမဲပေးရွေးချယ်ပွဲ နှစ်ကြိမ်စလုံးမှာ မအောင်မြင်ဘဲ အရေးနိမ့်ခဲ့ရပါတယ်။ ဒီ့နောက်မှာတော့ ဇူလိုင် ၂၇ ရက် ပါလီမန်မှာ ထပ်မံကျင်းပမယ့် ဝန်ကြီးချုပ်နေရာအတွက် တတိယအကြိမ် ပူးတွဲမဲပေးရွေးချယ်ပွဲမှာ အမတ်နေရာ ၁၄၁ နေရာနဲ့ ဒုတိယမဲအများဆုံးရခဲ့တဲ့ ဖျူထိုင်းပါတီက ဝန်ကြီးချုပ်အသစ်နေရာအတွက် အဆိုပြုသွားမှာပါ။

ပြီးခဲ့တဲ့ရက်တွေအတွင်းမှာတော့ ဖျူထိုင်းပါတီက အောက်လွှတ်တော် ရှစ်ပါတီမဟာမိတ်အဖွဲ့အတွင်း မပါဝင်တဲ့ နိုင်ငံရေးပါတီတွေက အမတ်တွေနဲ့ တွေ့ဆုံပြီး ဇူလိုင် ၂၇ ရက် ပူးတွဲမဲပေးပွဲမှာ သူ့ပါတီက အဆိုပြုမယ့် ဝန်ကြီးချုပ်ကိုထောက်ခံကြဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီမှာ အခြားသောပါတီတွေရဲ့ တူညီတဲ့တုံ့ပြန်ချက်တစ်ခုကတော့ တော်ဝင်မိသားစုကို စော်ကားမှုအပေါ် အရေးယူမှုဥပဒေကိုပြင်ဆင်ဖို့ မူဝါဒကိုလက်ကိုင်ထားနေတဲ့ MFP ပါတီနဲ့ ညွန့်ပေါင်းမဟာမိတ်အဖွဲ့မှာ အတူတကွ ဆက်လက်ပါဝင်နေရင် ဖျူထိုင်းက အဆိုပြုမယ့် ဝန်ကြီးချုပ်လောင်းကိုလည်း ထောက်ခံမှာမဟုတ်ဘူးလို့ ပြောခဲ့ကြတယ်လို ဖျူထိုင်းပါတီ ခေါင်းဆောင် ချိုလ်နန် ဆရီကောက ပြောခဲ့ပါတယ်။

ဖျူထိုင်းပါတီအနေနဲ့လည်း သူ့ပါတီက အဆိုပြုမယ့် ဝန်ကြီးချုပ်လောင်းကို ထောက်ခံမှုရဖို့ အခြားသော နိုင်ငံရေးပါတီအားလုံးနဲ့ တွေ့ဆုံဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ ပါတီခေါင်းဆောင် ချိုလ်နန် ဆရီကောက ဇူလိုင်လ ၂၃ ရက်မှာ Palang Pracharath (PPRP) နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။ PPRP ပါတီကလည်း တော်ဝင်မိသားစုအား စော်ကားမှုအပေါ် အရေးယူမှု ဥပဒေကို ပြင်ဆင်ဖို့ကို လုံးဝလက်မခံကြောင်း ပြောခဲ့တယ်လို့ဆိုပါတယ်။

လက်ရှိမှာဆိုရင် Bhumjaithai ပါတီ၊ the Democrats ပါတီနဲ့ United Thai Nation ပါတီတို့က သူတို့အနေနဲ့ MFP ပါတီရဲ့မူဝါဒကြောင့် အကယ်၍ ဖျူထိုင်းပါတီအနေနဲ့လည်း MFP နဲ့ ဆက်ပြီး လက်တွဲနေမယ်ဆိုရင် သူတို့အနေနဲ့ ဖျူထိုင်းကိုထောက်ခံမှာမဟုတ်ဘူးလို့ ဆိုခဲ့ကြပါတယ်။

ဒါ့အပြင် ဖျူထိုင်းပါတီက ဇူလိုင် ၂၄ ရက်မှာ အထက်လွှတ်တော်အမတ်အချို့နဲ့လည်း သူတို့ဆီက ထောက်ခံမှုတွေရဖို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အထက်လွှတ်တော်အမတ် ဆွမ်ချိုင်း ဆာဝါကန်က “ဖျူထိုင်းပါတီအနေနဲ့ သူဦးဆောင်ဖွဲ့စည်းမယ့် ညွန်ပေါင်းအစိုးရအတွင်းမှာ ဘယ်ပါတီတွေ ပါဝင်မယ်ဆိုတာကို ဦးစွာရှင်းလင်းရမယ်” လို့ ဇူလိုင် ၂၃ ရက်မှာ ပြောခဲ့ပါတယ်။

အထက်လွှတ်တော်အမတ်အများစုရဲ့ သဘောထားကလည်း MFP နဲ့ ဆက်ပြီး မဟာမိတ်ပြုလက်တွဲထားရင် ဖျူထိုင်းပါတီ သာမက ဘယ်လိုပါတီကိုမှ ထောက်ခံမှာမဟုတ်ဘူးဆိုတာပါပဲ။

ဒီလိုအခြေအနေတွေကြားမှာတော့ ဝန်ကြီးချုပ်လောင်းအဆိုပြုမယ့် ဖျူထိုင်းပါတီအနေနဲ့ ဇူလိုင်လ ၂၇ ရက် ပူးတွဲမဲရွေးချယ်ပွဲမှာ လိုအပ်တဲ့ထောက်ခံမဲတွေရစေဖို့ သူ့ဘက်ကလည်း ဖြေလျှော့မှုတွေလုပ်ပေးရမယ့် အနေအထားမှာရှိပါတယ်။ အောက်လွှတ်တော်က တခြားပါတီတွေနဲ့ အထက်လွှတ်တော်အမတ်တွေဆီက လိုအပ်တဲ့ထောက်ခံမဲတွေရဖို့ ပါတီအနေနဲ့လည်း သူတို့တောင်းဆိုမှုလေးတွေကို လိုက်လျောမှုပြုရမှာပါ။

တစ်ဖက်မှာလည်း ဖျူထိုင်းပါတီအဖို့ MFP ပါတီကို လမ်းခွဲရဖို့ဆိုတာက လူငယ်လူရွယ်တွေရဲ့ မဲအများစုကိုဆုံးရှုံးရမှု ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ နောက်လာမယ့်လေးနှစ်အတွင်းမှာလည်း သူတို့အသက်အရွယ်တွေရဲ့မဲက တိုးလာဖို့ပဲရှိပါတယ်။ ဖျူထိုင်းအနေနဲ့ ဒီလိုတိုးပွားလာနေတဲ့ လူငယ်တွေရဲ့မဲနဲ့ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ MPT ပါတီက အနိုင်ယူသွားမှုကို သင်ခန်းစာရခဲ့ပါပြီ။

ဖျူထိုင်းအနေနဲ့ ရှစ်ပါတီမဟာမိတ်အဖွဲ့အတွင်း MFP ပါတီ ဆက်လက်ပါဝင်နေပြီး MFP ကို ညွန့်ပေါင်းအစိုးရသစ်ဖွဲ့စည်းမှုအတွင်း ဆက်လက်ပါဝင်မှုကို အဆုံးသတ် ရပ်ဆိုင်းမှု ပြုမပြုဆိုတာနဲ့ပတ်သက်လို့ ရှစ်ပါတီမဟာမိတ်ညွန့်ပေါင်းအဖွဲ့က အခြားပါတီတွေနဲ့ ဇူလိုင်လ ၂၅ ရက်မှာ တွေ့ ဆုံဆွေးနွေးကြမယ်လို့ သိရပါတယ်။

မည်သို့ဆိုစေ လက်ရှိမှာတော့ ဝန်ကြီးချုပ်နေရာရယူဖို့ တစ်ဖက်မှာလည်း အလျှော့ပေးစွန့်လွှတ်ရမယ့်အရာတွေရှိနေတဲ့ ဖျူထိုင်းပါတီအဖို့ ဆုံးဖြတ်ရခက်တဲ့ လမ်းဆုံလမ်းခွကို ရောက်နေတယ်လို့ပဲ ဆိုရမှာပါ။

Ref—–Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *