၂၄. ၇. ၂၀၂၃
Written by Ye Kyaw

ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူထုတ်ဝေမည်ဟု ဗဟိုဘဏ်ကထုတ်ပြန်ပြီးနောက် ပြည်တွင်း၌ ရွှေဈေးနှုန်းအတက်အကျ အရမ်းမြန်နေပြီး အချို့ရွှေဆိုင်များ ရွှေအရောင်းအဝယ်ပြုလုပ်မှု ရပ်ဆိုင်းထားကြောင်း ပြည်တွင်းရွှေလုပ်ငန်းရှင်များထံမှ သိရသည်။

“အရောင်းအဝယ်လေးတွေ ပိတ်ထားပါတယ်။ စိန်ထည်လေးတွေပဲ ရောင်းနေတယ်။ ရွှေထည်မရောင်းသေးဘူး။ ရောင်းရင် Page လေးမှာ ကြေညာပေးပါ့မယ်။ Page မှာ ပိတ်တယ်လို့တော့ မကြေညာထားပါဘူး။ အခုလောလောဆယ်မှာတော့ စိန်ထည်တွေပဲ အရောင်းအဝယ်လုပ်နေပါတယ်” ဟု တာမွေမြို့နယ်၊ ဦးချစ်မောင်လမ်းပေါ်တွင် ဖွင့်ထားသည့် နာမည်ကြီး စိန်၊ရွှေရတနာဆိုင်မှ တာဝန်ရှိသူက ပြောသည်။

အချို့ရွှေဆိုင်များတွင် ၁၆ ပဲရည် (အခေါက်ရွှေ)နှင့် ရွှေအတုံးများကို အရောင်းအဝယ်ရပ်ဆိုင်းထားပြီး ၁၅ ပဲရည် လက်ဝတ်ရတနာများကိုသာ ရောင်းချလျက်ရှိကာ အဆိုပါ ၁၅ ပဲရည် တစ်ကျပ်သားလျှင် ကျပ်သိန်း ၃၀ အထက်ဖြစ်ပေါ်နေပြီး နာရီပိုင်းအတွင်း ဈေးနှုန်းပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

“လက်ရှိဆိုလိုရှိရင် အခေါက်က လုံးဝမရောင်းပါဘူး။ ရှိလည်းမရှိလို့ပါ။ ၁၅ ပဲရည် အထည်ပဲရတော့မယ်။ ၁၆ ပဲရည်ဆို အထည်ထဲမှာလည်းမရှိပါဘူး။ ၁၅ ပဲရည်ကတော့ ဖုန်းထဲမှာဆို အခုဈေးနှုန်းလေးပဲ ဖြေပေးလို့ရတယ်။ အတက်အကျက အရမ်းမြန်နေလို့ ၁၅ ပဲရည်ကတော့ သိန်း ၃၀ အထက်မှာ အရောင်းအဝယ်လုပ်နေပါတယ်။ ဈေးအတက်အကျကတော့ အရမ်းမြန်နေလို့ပါ” ဟု တောင်ဥက္ကလာမြို့နယ်တွင် ဖွင့်ထားသည့်ရွှေဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ငွေစက္ကူအသစ်ထုတ်ဝေခြင်းနှင့် ပတ်သက်၍ အကြောင်းအရာအပြည့်အစုံကိုလည်း ဗဟိုဘဏ်မှ ရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း ငွေစက္ကူထုတ်ဝေအသုံးပြုခြင်းနှင့် ပတ်သက်ပြီး ကောလာဟလများလွှင့်ထုတ်၍ ကုန်ဈေးနှုန်းမတည်မငြိမ်ဖြစ်စေရန် ဆောင်ရွက်ခြင်း၊ ရွှေဈေးနှုန်းတည်ငြိမ်မှုမရှိအောင် ရောင်းဝယ်ဆောင်ရွက်ခြင်းများ မပြုလုပ်ရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ယနေ့တွင် အသိပေးကြေညာထားသည်။

ကျပ်နှစ်သောင်းတန် ငွေစက္ကူအသစ်ကို ဇူလိုင်လ ၃၁ ရက်တွင် ထုတ်ဝေမည်ဖြစ်ကြောင်း၊ ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူထုတ်ဝေမှု အကြောင်းပြုပြီး ကုန်ဈေးနှုန်းဆွဲတင်ခြင်း၊ ဒေါ်လာဈေးတက်ရန် ကြိုးစားခြင်းသည် အများပြည်သူအကျိုးစီးပွားပျက်စီးရန် ကြိုးစားသူများဖြစ်၍ အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတိပေးကြေညာထားသည်။

ဇူလိုင်လ ၂၃ ရက် ညနေပိုင်းတွင် ပြည်တွင်း ရွှေနှင့်ဒေါ်လာဈေးကွက်၌ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃၃ သိန်းအထက်သို့ မြင့်တက်ခဲ့ပြီး ဒေါ်လာဈေးနှုန်းမှာလည်း တစ်ဒေါ်လာ ၃,၂၀၀ အထက်သို့ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News