၂၄. ၇. ၂၀၂၃
Written by Tha Doe

ဗေဒင်နှင့်အကြားအမြင် ဟောတမ်းထုတ်ခြင်းကို ကန့်သတ်သည့် သာသနာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၃၇/၂၀၂၃ ဖြင့် ပြန့်နှံ့နေသောထုတ်ပြန်ချက်မှာ အတုဖြစ်ကြောင်း သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာနက ယခုထုတ် ပြန်သည်။

အဆိုပါထုတ်ပြန်ချက်အတုတွင် သာသနာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံသာသနာပိုင်အက်ဥပဒေ ပုဒ်မ ၁၄ နှင့် ၁၇ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်ဟု ဆိုကာ”ဗေဒင်နှင့်အကြားအမြင် ဟောတမ်းထုတ်ခြင်းကို ကန့်သတ်သည့် အမိန့်” ဟု အစချီကာ (က) အနာဂတ်တွင် ဖြစ်လတ္တံ့ရှိသော အဖြစ်အပျက်များကို ဟောတမ်းထုတ်သူများ၊ (ခ) အတိတ်ဖြစ်ရပ်များကို ဟောတမ်းထုတ်သူများ၊ (ဂ) သဘာဝလွန် အပြင်းအပျက်များနှင့် ကိစ္စရပ်များကို ဟောတမ်းဟုတ်သူများ၊ (ဃ) မျက်စိဖြင့်မမြင်အပ်သော အကြောင်းအရာများကို ဟောတမ်းထုတ်သူများ (င) တားရော့ နှင့် အခြားကံကြမ္မာဆိုင်ရာ ဟောတမ်းထုတ်သူများ၊ (စ) ကမ္ဘာလောကမဟုတ်သည့် အခြားလောကတစ်ခုခုကို ဆက်သွယ်ပေးသူများ၊ (ဆ) ယတြာ သဘာဝလွန်အစီအမံများ ဆောင်ရွက်ပေးသူများသည် အထက်ဖော်ပြပါ ဗေဒင်နှင့် အကြားအမြင်ဟောစမ်းထုတ်သူအားလုံးသည် သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနတွင် ဗေဒင်နှင့် အကြားအမြင်ဟောတမ်းထုတ်ခွင့် လိုင်စင် ပုံစံ(က)၊ ပုံစံ(ခ)၊ ပုံစံ(ဂ) နှင့် ပုံစံအထူးတို့ကို လျှောက်ထားရမည်ဖြစ်ကြောင်းနှင့် လိုင်စင်မရှိဘဲ လူမှုကွန်ရက်နှင့် အခြားသောဆက်သွယ်ရေးကွန်ရက် တစ်ခုခုမှဟောကြား ဆောင်ရွက်သည်ကိုတွေ့ရှိပါက မြန်မာနိုင်ငံသာသနာ ပိုင်အက်ဥပဒေအရ အရေးယူခြင်းခံရမည်ဟု ရေးသားထားသည်။

နစကအစိုးရလက်ထက်တွင် သာသနာရေးဝန်ကြီးဌာန၏ အမည်အပြည့်အစုံမှာ “သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီး ဌာန”ဖြစ်ပြီး ယခုထွက်ရှိလာသော အမိန့်စာအတုမှာမူ “သာသနာရေးဝန်ကြီးဌာန”ဟုသာ ဖော်ပြထားကာ ထိုသို့ အမိန့်စာအတုအပေါ် သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာနက”သတင်းအမှားဖြစ်ကြောင်းပြန်လည်ဖြေကြားအပ်ပါတယ်” ဟု အသိပေးဖြေရှင်းသည်။

Leave a Reply

Your email address will not be published. Required fields are marked *